အိုမင်းမစွမ်းရောဂါ
အိုမင်းမစွမ်းရောဂါဟာ လောကတံထွာမှာ ကြုံဆုံရမြဲ ဓမ္မတာဖြစ်တယ်။ အိုမင်းခြင်းကိုမကြုံတွေ့လိုသူများ၊ မအိုဆေးဆိုပြီး အရက်ကို တရှိုက်မက်မက် သောက်နေသူများကတော့ အိုမင်းခြင်းမတိုင်မီ ကြွေလွင့်သွားနိုင်ပါတယ်။
သာမန်ငယ်ရာမှကြီး၊ ကြီးရာမှအိုမင်းလာကြတယ်။ အရွယ်မတိုင်မီ အိုမင်းခြင်းဖြစ်စေတဲ့အရေးကြီးအချက်များက မျိုးရိုး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ အစားအစာ၊ အလေ့အထ၊ ကိုယ်လက်လေ့ကျင့်ခန်း နေ့စဉ်ပြုခြင်း၊ ယခင်ဖြစ်ခဲ့ဖူးတဲ့ ရောဂါများ ပါဝင်ပါတယ်။ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များ အိုမင်းခြင်းမှာ ဆဲလ်တို့က ဒီအင်အေပျက်စီးမှု များလာတဲ့အခါ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတော့ဘဲ ဆဲလ်ကွဲသွားခြင်း၊ ရပ်တန့်သွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဆဲလ်အိုမင်းခြင်း သို့မဟုတ် မိမိကိုယ်ကို ဖျက်ဆီးခြင်း ဖြစ်နိုင်ပါတယ်။ အချို့ဆဲလ်တွေက ဟော်မုန်းမထုတ်တော့ဘဲ တစ်သျှူးရဲ့ဖွဲ့စည်း တည်ဆောက်မှု ပျက်စီးသွားတာပဲဖြစ်တယ်။
ဓာတ်တိုးပစ္စည်း
ဓာတ်တိုးပစ္စည်းများဟာ ဆဲလ်တွင်းဓာတ်ပြုခြင်းမှ ထွက်လာနိုင်သလို ပြင်ပမှ ဓာတ်ရောင်ခြည်၊ ဆေးလိပ်မီးခိုး၊ လေထုအတွင်းရှိ အမှုန်များ၊ ဓာတုပိုးသတ်ဆေးများ၊ စက်ရုံဓာတုပစ္စည်းများလည်း ရှိနိုင်ပါတယ်။ အပူချိန်နဲ့ အချိန်ကာလ အပါအဝင် ဆဲလ်များဒဏ်ရာရပြီး သေဆုံးစေနိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်း မြန်စေတယ်။ ကင်ဆာ၊ နှလုံး၊ အဆစ်ရောင်ရောဂါများ စတဲ့ရောဂါမျိုးစုံနဲ့လည်း ဆက်သွယ်လျက်ရှိပါတယ်။
ဓာတ်တိုးပစ္စည်းများဟာ အဆိပ်များ အားလျော့ပျက်ပြယ်စေနိုင်ပြီး တစ်သျှူးများ ပျက်စီးမှုကို ကာကွယ်ပေးတယ်။ မော်လီကျူးနဲ့ ဆဲလ်အပြောင်းအလဲများမှာ ခန္ဓာကိုယ်မျှခြေမှ ထိန်းညှိထားတဲ့ ယန္တရားများ အားနည်းကာ လူ၊ သတ္တဝါတို့ရဲ့ ပတ်ဝန်းကျင်ခုခံနိုင်စွမ်း အားလျော့ အားနည်းလာစေတယ်။ မော်လီကျူးနဲ့ ဆဲလ်အပြောင်းအလဲကလည်း ယင်းတို့အပေါ် ပတ်ဝန်းကျင်မှ သက်ရောက်မှုများကို နားလည်ထားဖို့ လူ့သက်တမ်းစေ့နေရေးတို့ထက် ပိုအရေးကြီးတဲ့ သန်သန်စွမ်းစွမ်း ရောဂါကင်းကင်းနဲ့ နေနိုင်စေရေးအတွက် ဆောင်ရွက်ပေးနိုင်ဖို့ ဦးတည်ထားသင့်ပါတယ်။
နှလုံးနှင့်သွေးကြောများ
နှလုံးဟာတစ်စက္ကန့်မှာ တစ်ကြိမ်၊ တစ်မိနစ်မှာ အကြိမ် ၆ဝ၊ တစ်သက်မှာ ၂ ဒသမ ၅ ဘီလီယံကြိမ် ခုန်မယ်။ နေ့စဉ်သွေးဂါလန်ပေါင်း ၂ဝဝဝ ကို တစ်ကိုယ်လုံးပို့ပေးတယ်။ ကျန်းမာတဲ့ နှလုံးတစ်ခုဟာ သွေးတစ်စက်ကို ၂၄ စက္ကန့်အတွင်း လူတစ်ကိုယ်လုံးရှိ သွေးကြောများ ဖြတ်သန်းပြီး နောက်တစ်ကြိမ် နှလုံးပြန်ရောက်ချိန် (ပြန်ရေတက်တဲ့အခါ)တွန်းပို့နိုင်တယ်။ အသက်အရွယ်ပြောင်းလဲတဲ့အခါ နှလုံးပို့လုပ်ငန်းတွေ တဖြည်းဖြည်း ပြောင်းလဲလာတယ်။
ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများကို သွေးရောက်ရှိမှုကလည်း အသက်နဲ့အမျှနည်းလာပါတယ်။ အသက် ၆ဝ နောက်ပိုင်းမှာ သွေးရောက်ရှိမှုဟာ ကျောက်ကပ်ကို ၅ဝ ရာခိုင်နှုန်း ဦးနှောက်သွေးကြောများ၊ နှလုံး၊ ဦးနှောက်သွေးကြောများရဲ့ အတွင်းနံရံမှာအနှစ်များ တက်လာခြင်း၊ ကယ်စီယမ်များ စုပုံခြင်းတို့ကြောင့်ဖြစ်တယ်။ နှလုံးကိုထောက်ပံ့ သွေးပေးနေတဲ့ သွေးကြောလေးများ အဆီစုပုံလာတယ်။ သွေးရောက်ရှိမှု နည်းပါးတဲ့ နောက်ဆက်တွဲမှာ အဆုတ်နဲ့တစ်သျှူးများ အောက်ဆီဂျင် လဲလှယ်မှုနည်းခြင်း၊ ကျောက်ကပ်နဲ့ တစ်သျှူးမှာ အောက်ဆီဂျင် လဲလှယ်မှုနည်းခြင်း၊ ကျောက်ကပ်နဲ့အသည်း လုပ်ငန်းလျော့ကျခြင်း၊ ဆဲလ်များ၊ အာဟာရပြတ်ခြင်း၊ ခြေသလုံးများ သွေးကြောများထုံးကာ သွေးခဲလွယ်ခြင်း၊ လမ်းလျှောက်စဉ် ခြေသလုံးကြွက်သားနာပြီး နားလိုက်မှ သက်သာခြင်းတို့ဖြစ်တယ်။
နေ့စဉ် လူတိုင်းနာရီဝက်မှ တစ်နာရီ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုသင့်ပါတယ်။ ပုံမှန်အားကစား လုပ်ခြင်းဟာ အမြင့်ဆုံးနှလုံးခုန်နှုန်း နိမ့်လာခြင်း၊ အများဆုံး တစ်မိနစ်မှာ သွေးထွက်နှုန်း နည်းလာခြင်း၊ နားလိုက်ရင် ပုံမှန်နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ပြန်တက်ဖို့ အချိန်ပိုကြာခြင်းတို့ဖြစ်ကာ သွေးကြောလွှာများ၊ ကြွက်သားဆီ သွေးအရောက်နည်းကာ လွယ်ကူစွာ ပင်ပန်းသွားလို့ဖြစ်တယ်။ အသက်ရှူအင်္ဂါ အဖွဲ့အစည်း၊ အသက်ကြီးရင် ရင်ခေါင်းနံရံနဲ့ အဆုတ်ရဲ့ ကျုံ့နိုင်မှု၊ ဆန့်နိုင်မှု လျော့နည်းလာတယ်။
အသက်ရှူရာမှာသုံးတဲ့ ကြွက်သားများ အားနည်းပြီး သက်လုံလည်း လျော့ကျလာတယ်။ နံရိုးများ ဆက်ထားတဲ့ကြွက်သားများ သိမ်လာလို့ အသက်ပြင်းပြင်း မရှူနိုင်ခြင်း၊ ချောင်းမဆိုးနိုင်ခြင်း စတဲ့ပြဿနာများဖြစ်လာတယ်။
အဆုတ်ရဲ့လေသိုလှောင်မှု မပြောင်းလဲပေမယ့် အဆုတ်အတွင်း အလုပ်မလုပ်ဘဲ ကျန်တဲ့ လေပမာဏများလာလို့ အသက်ကြီးရင် အသက်ရှင်ဖို့ အမှန်လိုအပ်တဲ့ လေဝင်လေထွက် တဖြည်းဖြည်း လျော့နည်းလာတယ်။ ခန္ဓာကိုယ်တွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထိထိရောက်ရောက် မရှူထုတ်နိုင်တာလည်း ပါတယ်။
အဆုတ်အတွင်း အလုပ်မလုပ်ဘဲ ကျန်တဲ့ပမာဏဟာ အသက်၂ဝ မှာ အဆုတ်လေသိုလှောင်နိုင်တဲ့ ပမာဏရဲ့ ၂ဝ ရာခိုင်နှုန်းသာ ရှိပေမယ့် အသက် ၆ဝ အရွယ်မှာ ၃၅ ရာခိုင်နှုန်းထိ များလာတယ်။ အသက်ကြီးရင် အဆုတ်လေအိတ်များ၊ ပြန်ဖောင်းမလာဘဲ ပြားကပ်သွားတယ်။
အောက်ဆီဂျင်ဖြတ်ဝင်တဲ့ အောက်ဆီဂျင် အများစု ရယူနိုင်မှု ၇၅ ရာခိုင်နှုန်း လျော့သွားနိုင်တယ်။
အသက် ၆၅ နှစ်ရောက်ရင် လူတစ်ယောက်ထိုင်ပြီး အသက်ရှူနေရင် လေပြွန်အားလုံးမဖွင့်နိုင်တော့တာလည်း ပါဝင်ပါတယ်။
သွေးအတွင်းပြောင်းလဲမှု
သွေးအတွင်း သွေးနီဥငယ်လာခြင်း၊ ဟီမိုဂလိုဘင်ပမာဏနဲ့ သွေးနီဥ များလာခြင်း၊ ယားယံစေတဲ့ သွေးဖြူဥ အချို့များလာခြင်း၊ သွေးအတွင်း ဖောလစ်နဲ့ သံဓာတ်များလာခြင်းတို့ အသက်ကြီးလာရင် တွေ့ရတတ်ပါတယ်။ သွေးကြောနံရံ အညှိတက်စေတဲ့ အဆီဓာတ်များလာခြင်းကလည်း အိုမင်းလာစေတယ်။
ကိုယ်ခံအားစနစ်
လူ့ခန္ဓာကိုယ်အတွင်း ခုခံအားပစ္စည်းများ ထုတ်လုပ်ပေးတဲ့ သွေးဖြူဥများဟာ ကွဲသွားဖို့လှုံ့ဆော်တဲ့ ပြင်ပလှုံ့ဆော်မှုတွေကို တုံ့ပြန်မှု နည်းလာလို့ ခန္ဓာကိုယ်တွင်းမှ လှုံ့ဆော်ပေးတဲ့ ဓာတ်နည်းလာတယ်။
အရိုးနဲ့ကြွက်သားပြောင်းလဲမှု
လူ့သက်တမ်းအနှစ် ၈ဝ မှာ အရပ်၂ လက်မခန့် နိမ့်သွားတယ်။ ကျောရိုးအဆစ် ပိပြားခြင်း၊ ကိုယ်နေဟန်ထား ပြောင်းခြင်း၊ ပေါင်ရိုးနဲ့ခြေသလုံးရိုး ပိုကွေးလာခြင်းတို့ကြောင့် ဖြစ်တယ်။ အသက်ကြီးလာရင် ကြွက်သားအားနည်းကာ သက်လုံလျော့စေတယ်။ အရွယ်နဲ့ အလေးချိန် ဘီအမ်အိုင်အချိုး လျော့လာတယ်။
ဘီအမ်အိုင်ဆိုတာ ကိုယ်အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ(နှစ်ထပ်ကိန်း)နဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန် လျော့လာရင် ဘီအမ်အိုင်လျော့ကာ ပိန်ပါးလာနိုင်တယ်။
အဆစ်များ
အဆစ်များ ပျက်စီးယိုယွင်းခြင်း၊ ကြွက်သားထုနည်းလာကာ လူကြီးရဲ့ လှုပ်ရှားသွားလာမှုနှေးလာတယ်။ အိုအေ ခေါ် နာတာရှည်အရိုးအဆစ် ရောင်ရမ်းခြင်းဟာ အတွေ့ရအများဆုံး အသက်ကြီးရောဂါပဲဖြစ်တယ်။ လည်ပင်းကျီးပေါင်း၊ ခါးကျီးပေါင်း၊ အရိုးကျီးပေါင်း တက်လာစေတယ်။
အဆီ
အသက်ကြီးလာရင် အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံး အဆီပိုများလာတယ်။ အစားအသောက်နည်းလာကာ အအိပ်လည်းနည်းလာပါတယ်။
ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း
အသက် ၄၅ နှစ်ကျော်ရင် ကျောက်ကပ်အတွင်းမှသွေးကြောများ ပြောင်းလဲလာလို့ လုပ်ငန်းလုပ်နိုင်မှု လျော့နည်းလာတယ်။
ကျောက်ကပ်သွေး ဝင်ခြင်းဟာ ဆယ်စုနှစ်တစ်ခု ကုန်တိုင်း ၁ဝ ရာခိုင်နှုန်း လျော့နည်းသွားလို့ အသက် ၈ဝ ရောက်ရင် ကျောက်ကပ်အတွင်း သွေးပေးနှုန်းဟာ အသက် ၃ဝ အရွယ်ရဲ့ ထက်ဝက်သာရှိတယ်။ အဆိပ်အတောက် များလာတယ်။
ဟော်မုန်းထုတ်လုပ်မှု
ဦးနှောက်ထဲက ပီကျူထရီ အကျိတ်ဟာ သက်လတ်ပိုင်းမှာ အရွယ်အစားကြီးလာပြီး တဖြည်းဖြည်း ရှုံ့သွားတယ်။ ခန္ဓာကိုယ်ကြီးမှု ဖြစ်စေတဲ့ ဟော်မုန်းပထမဆုံး လျော့နည်းသွားလို့ သွေးဆုံးရောဂါမျိုး ခံစားရတယ်။ သိုင်းရွိုက် ပုံမှန်ပမာဏ ထုတ်ပေးနေပေမယ့် ပြန်လည်ဖျက်ဆီးမှု အသက်နဲ့အမျှ နှေးလာတယ်။
ကျောက်ကပ်နဲ့ကပ်လျက် အက်ဒရီနယ်အကျိတ်က ထုတ်တဲ့ဟော်မုန်းဟာ အသက် ၇ဝ မှာ၂၅-၃ဝ ရာခိုင်နှုန်းအထိ လျော့ကျလာတယ်။
မျိုးပွားစနစ်
ကျားဟော်မုန်း ထုတ်လုပ်မှု လျော့နည်းသွားတယ်။ အသက်ကြီးရင့်တဲ့ထိ မျိုးပွားမှု ထိန်းထားနိုင်တယ်။
ဦးနှောက်အာရုံကြော
ဦးနှောက်နာဗ့်ကြောများ လုပ်ငန်းဆောင်တာ ချို့ယွင်းလာတယ်။ မှတ်ဉာဏ်နဲ့ဆိုင်တဲ့စွမ်းဆောင်မှု လျော့ကျလာတယ်။ ကြွက်သား လုပ်ဆောင်မှုလျော့နည်းကာ မျိုးဗီဇနဲ့ဆိုင်တဲ့ ပစ္စည်းများ ထုတ်လုပ်မှု နည်းလာပြီး ပျက်စီးလာရင် ပြင်ဆင်ချိန်မရဖြစ်ကာ ဆဲလ်အတွင်းအဆီပိုစုဝေးခြင်း၊ ပုံသဏ္ဌာန်ပျက်ခြင်း၊ လူ့သက်တမ်း တိုခြင်းတို့ဖြစ်နိုင်ပါတယ်။ ။
ဒေါက်တာလွင်သန့်