ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂ ရက်)

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှာ ဇူလိုင်လ၌အမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းတွင် အဓိကမှာ အဖျက်သမားတို့၏ နှောင့်ယှက်မှုကြောင့်ဖြစ်သည်။ နိုင်ငံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပျက်ယွင်းစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို CDM လုပ်စေခြင်း၊ ဆေးရုံများတွင်လူနာများရှိလျက်နှင့် လူနာများကိုစွန့်ပယ်ကာ လုပ်ငန်းခွင်မှထွက်ခွာသွားခြင်း၊ အောက်ဆီဂျင် အိုးများအားဖျက်ဆီးပစ်ထားခြင်း၊ ဆေးရုံများရှိအောက်ဆီဂျင်ဆက်သွယ်ရေးပိုက်လိုင်းများအားဖျက်ဆီး ခြင်း အစရှိသည့် မကောင်းမှုလုပ်ရပ်မျိုးစုံကို အဖျက်သမားတို့လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုမြင့်မားခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေဆိုးကိုလွန်မြောက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများကို ဦးဆောင်ကျင်းပခဲ့ပြီး လိုအပ်ချက်မှန်သမျှ မရှိရအောင်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။ အောက်တိုဘာ ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအစည်းအဝေး (၁၃)ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ အောက်ဆီဂျင်လို အပ်ချက်မရှိ အောင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဆေးဝါးများသိုလှောင်ထားမှုကြောင့် ဈေးနှုန်းများမြင့်မားနေခြင်းကိုလည်း ပုံမှန်ဈေးနှုန်းသို့ရောက်အောင် ဆောင်ရွက်ပေးခဲ့ သည်။ ဆေးဝါးတင်သွင်းခွင့်ကိုလည်း အဆင်ပြေချောမွေ့ အောင်လုပ်ဆောင်ပေး ခဲ့သည်။ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မှုကြောင့် ယခုအခါ (အောက်တိုဘာ ၃၁ ရက်အထိ) ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းသည် ၃ ဒသမ ၈၂ ရာခိုင်နှုန်းသို့ကျဆင်း သွားပြီဖြစ်သည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် လူသားတို့အသက်ဆုံးရှုံးမှာ ကြောက်ခမန်းလိလိဖြစ်လာသည်။ အောက်တိုဘာ ၃၁ ရက်အထိ လူပေါင်း ၅၀၁၃၃၉၁ ဦးသေဆုံးခဲ့သည်။ အချို့ နိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်မားနေဆဲဖြစ်ပြီး အချို့သော နိုင်ငံများတွင်မူ ကူးစက်မှုနှုန်းလျော့နည်းလာ နေပြီဖြစ်သည်။ ထိုကူးစက်မှုနှုန်း လျော့နည်းလာသည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည်လည်းတစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းလျော့နည်းလာခြင်းကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အား မိမိနေအိမ်၌  နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ပယ်ဖျက်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍ အခြေခံ ပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အပါအဝင်)အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါသည် လူသားတို့နှင့်အတူရှိနေဦးမည်ဖြစ်သည့်အတွက် ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများဆက်လက်လုပ်ဆောင်နေရဦးမည်ဖြစ်သည်။ ရောဂါ အတွက်အဓိကလိုအပ်ချက်မှာ  ကာကွယ်ဆေး ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံခြင်းကို စဉ်ဆက်မပြတ်လုပ်ဆောင်နေကြရမည်ဖြစ်သည်။ ကာကွယ်ဆေးလိုအပ်မှု ရှိတိုင်း ပြည်ပမှ မှာယူတင်သွင်းနေရမည်ဆိုပါက နိုင်ငံတော်အတွက် ငွေကြေး အကုန်အကျ များနေမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့နိုင်ငံတွင် မိမိတို့ထုတ်လုပ်နိုင်ရေး သည်မဖြစ်မနေလိုအပ်လာသည်။ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင် ရေးနှင့်ပတ်သက်၍ “ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြိုးစား နေတာရှိပါတယ်။ တရုတ်နိုင်ငံနဲ့ဆွေးနွေးနေတာရှိတယ်။ ရုရှားနိုင်ငံနဲ့ဆွေးနွေး နေတာ ရှိတယ်။ မနေ့ကပဲ ရုရှားကကိုယ်စားလှယ်အဖွဲ့တွေအချို့ ကျွန်တော့်ကိုလာပြီး တင်ပြတာရှိတယ်။ သူတို့ဘယ်လိုလုပ်ပေးနိုင်ပါတယ်ဆိုပြီး ဒီလိုပြောလာတာရှိတယ်။ ဒါလည်း ကျွန်တော်တို့က ဒီဆေးကလည်း ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်  ဒီဟာကိုအမြန်ဆုံးဆောင်ရွက်ဖို့လည်းလိုတယ်။ အခုက ကျွန်တော်တို့ ဝယ်နေရတယ်၊   တောက်လျှောက်ဝယ်နေရတယ်။ တရုတ်နိုင်ငံကရောင်းပေးလို့ပဲ။  တရုတ် နိုင်ငံကသာ ကျွန်တော်တို့ လိုသလောက်ရောင်းမပေးနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ဒီအခြေအနေမျိုးရောက်နိုင်စရာအကြောင်းမရှိဘူး။ ဒီနေရာမှာအခွင့် ကြုံတဲ့အချိန်မှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်   မြန်မာနိုင်ငံကို  ဒီလို ကာကွယ်ဆေးတွေရရှိအောင်  အချိန်နှင့်တစ်ပြေးညီမျှဝေ ဆောင်ရွက်ပေးတဲ့ အတွက် လည်း  မြန်မာနိုင်ငံရဲ့ကိုယ်စားကျေးဇူးတင်ကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  အောက်တိုဘာ ၂၈  ရက်တွင်ကျင်းပသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ်မြောက်အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ လက်ရှိတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအားထိုးနှံပေးနေသလို နောင်တွင်အသက် ၁၂ နှစ်အောက်ကလေးများကိုလည်းထိုးပေးရဦးမည်ဖြစ်သည်။အမေရိကန် FDA  ကလည်း ကလေးတွေဆေးထိုးခွင့်ရှိကြောင်းအကြံပြုထားသည်။ မြန်မာနိုင်ငံတွင် နောက်ထပ် ဆေးတွေအများကြီးလိုလာဦးမှာဖြစ်သည်။ လာမည့်နှစ်တွေမှာလည်း ခြောက်လ ပြည့်တိုင်းပြန်ထိုးရမည့်ဆေးများသန်းနဲ့ချီပြီးလိုအပ်မှာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ တွင် ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရန်စီစဉ် နေခြင်းမှာ နိုင်ငံသားတို့၏အနာဂတ်အတွက် အထူးကောင်းမွန်သော အစီအစဉ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။