ဘိလပ်မြေစက်ရုံများစွမ်းအားမြင့်လည်ပတ်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၃ ရက်)

ဘိလပ်မြေစက်ရုံများစွမ်းအားမြင့်လည်ပတ်ရေး

မြန်မာနိုင်ငံတစ်ဝန်းတွင် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မတိုင်မီက ကတ္တရာလမ်းများသာရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှသာ ကတ္တရာလမ်းများအစား ကွန်ကရစ်လမ်းများတိုးတက်ဖြစ်ပေါ်ခဲ့သည်။ ယနေ့အသုံးပြုလျက်ရှိသော ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီး၊ ရန်ကုန်မြို့တွင်းလမ်းများ၊ နေပြည်တော် မြို့တော်တွင်းလမ်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့တော်ကြီးများမှ လမ်းများအားလုံးမှာ ကွန်ကရစ်လမ်းများဖြစ်သည်။ ကွန်ကရစ်လမ်းများသည် မိုးများသောအရပ်တွင်ကြာရှည်ခံသည်။ ရေစိမ့်သော ဒဏ်ကိုခံနိုင်သည် ။ပျက်လျှင်လည်း ပြင်ရလွယ်ကူသည်။ ကွန်ကရစ်လမ်းများသည် မြန်ကောင်းသက်သာဖြစ်သည်။ ကတ္တရာ လမ်းများမှာ နိုင်ငံခြားငွေအကုန်အကျများသည်။ ဝယ်ချင်တိုင်းလည်း ဝယ်လို့ရသည်မဟုတ်။ ကတ္တရာလမ်းကပျက်လျှင် ပြင်ရခက်ခဲ သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကွန်ကရစ်လမ်းများ အသုံးပြုခဲ့သည်မှစပြီး ဘိလပ်မြေစက်ရုံများ တိုးချဲ့တည်ဆောက်ခဲ့သည်။ ဘိလပ်မြေလုပ်ရန်ပစ္စည်းများ ပြည်တွင်းမှာရှိသည်။ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် မပါမဖြစ်သော ဘိလပ်မြေ၊ အုတ်နှင့် သံတို့ကို နိုင်ငံအတွင်း အဆင့်မီမီထုတ်လုပ်နိုင်မည်ဆိုပါကပြည်ပမှာ ဝယ်ယူတင်သွင်းရန် လိုအပ်မည်မဟုတ်ပေ။ ပြည်ပမှ ဝယ်ယူတင်သွင်းနေရသောကြောင့် နိုင်ငံခြားငွေအကုန်အကျများလှသည်။ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ ထုတ်လုပ်ရေးလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်ရပေမည်။ အလားတူ အဆင့်မီသည့်အုတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုပေမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်တွင်းဘိလပ်မြေနှင့် သံချောင်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် လိုအပ်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ဘိလပ်မြေစက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် ၃ ရုံ အားလုံးပေါင်း ၁၉ ရုံရှိတယ်။ သူ့ရဲ့ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားပြည့်ထုတ်မယ်ဆိုရင် ၁၆ သန်းနဲ့ ၁၇၀၀၀၀ ထုတ်နိုင်တယ်။ တချို့က Dry Process ပေါ့၊ တချို့ကလည်း Wet Process နဲ့လုပ်တယ်။ အစိုနည်း၊ အခြောက်နည်းပေါ့။ တကယ်ကတော့ အခြောက်နည်း ကတော့ မြန်မာဘက်မှာတော့ အကောင်းဆုံးနည်းလမ်းပါ။ ဘိလပ်မြေ စက်ရုံများကိုလည်း Dry Methodကိုပြောင်း ကြပါ။ ဒီအတွက် နိုင်ငံတော်ကနေပြီးတော့ ငွေချေးပေးမယ်။ ကျွန်တော်နိုင်ငံခြားငွေချေးပေးနိုင်ပါတယ်။ ကျွန်တော်ပြည်ပကနေ ဝယ်ဖို့အတွက် လိုတဲ့ပိုက်ဆံကျွန်တော်တို့ ချေးပေးလို့ရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ဆောင်ရွက်မယ်ဆိုရင်လုပ်ပေးလို့ရတယ်။ ပြည်တွင်း ဘိလပ် မြေလုပ်ငန်းအားပေးရမယ်။ ၁၆ သန်းထုတ်နိုင်တယ်။ အခုကျွန်တော်တို့ စာရင်းကောက်ကြည့်တဲ့အခါမှာ၁၀ သန်းကနေ ၁၁ သန်းလောက်သုံးနေပါတယ်။ ဆိုလိုတာက လုံလောက်မှုရှိတယ်။ ပြည်ပက ဘာမှ ဘိလပ်မြေသွင်းစရာ အကြောင်းမရှိဘူး” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

အဆောက်အအုံ၊ လမ်းတံတား၊ တိုက်အိမ်များ စသည်တို့ဆောက်လုပ်မည်ဆိုလျှင် မပါမဖြစ်အသုံးများသောပစ္စည်းသည် ဘိလပ်မြေ ဖြစ်သည်။ ထို့ကြောင့် ဘိလပ်မြေစက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်မှပံ့ပိုးပေးမည့် သတင်းကောင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘိလပ်မြေအလုံအလောက် ထုတ်လုပ်နိုင်ပါလျက် ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းအကြောင်းသည် တင်သွင်းသော ဘိလပ်မြေက မြန်မာနိုင်ငံမှထုတ်လုပ်သော ဘိလပ်မြေထက် Quality ကောင်းခြင်းကြောင့်ဖြစ်သည်။ သူများနိုင်ငံက ကောင်းအောင်ထုတ်လုပ်နိုင်လျှင် မြန်မာနိုင်ငံကလည်း ကောင်းအောင်ထုတ်လုပ်နိုင်ရပေမည်။

အခြားသောကမ္ဘာ့နိုင်ငံများ အဆင့်အတန်း အရည်အသွေးအတိုင်းထုတ်လုပ်နိုင်ရေး ကြိုးစားကြရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အကြီးအကဲက “အဲ့တာဆိုကိုယ့်ဆီကဘိလပ်မြေတွေ Quality ကောင်းအောင်လုပ်ရမယ် Standard တစ်ခုပေး ရမှာပေါ့။ EU ရဲ့ Standard ဘယ်လောက်လဲ၊ UK ရဲ့ Standard ဘယ်လောက်ရှိလဲ၊ အမေရိကန် Standard ဘယ်လောက်နဲ့ညီရမယ်။ တရုတ် Standard နဲ့ ဘယ်လောက်ညီရမယ်၊ ဂျပန် Standard ဘယ်လောက်နဲ့ညီရမယ်။ ဒီ Standard ကိုကျွန်တော်တို့ ရဖို့ဒီစက်ရုံတွေ လုပ်ကိုလုပ်ရမယ်။ မလုပ်ရင် အဲ့ဒီစက်ရုံပိတ်မယ်။ ဒီလိုသွားမှရမှာပေါ့။ မှိန်းလိုက်နေရင် ဘယ်လိုမှ အလုပ်ဖြစ်မှာမဟုတ်ဘူး” ဟူ၍ လမ်းညွှန်ခဲ့သည်။

ဘိလပ်မြေစက်ရုံများ စွမ်းအားမြင့်လည်ပတ်ရေးအတွက် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဝန်ကြီးချုပ်များက ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဘိလပ်မြေစက်ရုံများစစ်ဆေးရန်နှင့် အထက်တွင်ပြောခဲ့သော မူဝါဒအတိုင်းဖြစ်အောင် လုပ်ဆောင်ကြရန် အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) တွင် နိုင်ငံတော်အကြီးအကဲက မူဝါဒချမှတ်ပေးခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ဘိလပ်မြေစက်ရုံများ စွမ်းအား ပြည့်လည်ပတ်လာနိုင်သည်နှင့်အမျှ ပြည်ပမှဝယ်ယူတင်သွင်းမှုရှိလာမည်မဟုတ်ဘဲ နိုင်ငံတော်စီးပွားရေးလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။