စိုက်ပျိုးစွမ်းအားမြှင့်တင်ထားစို့

စိုက်ပျိုးစွမ်းအားမြှင့်တင်ထားစို့

မြန်မာနိုင်ငံသည် ဆန်စပါးကိုအခြေခံ စားသောက်ကုန်အဖြစ်သတ်မှတ်ထားသဖြင့် နိုင်ငံ၏နေရာအနှံ့အပြားတွင် စပါးကိုစိုက်ပျိုးခဲ့ကြ သည်။ နွေစပါး၊ မိုးစပါး အချိန်မီစိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်ကြရာတွင် အထွက်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ခဲ့ ကြသည်။ တစ်ဖက်တွင်လည်း မျိုးစပါးကောင်းမွန်မှု၊ ရေ၊ မြေအနေအထားကောင်းမွန်မှု၊ ပိုးမွှားဒဏ်ခံနိုင်မှု အစရှိသည့်ကဏ္ဍများကိုပါ ထည့်သွင်း စဉ်းစားလာခဲ့ကြသည်။ ယနေ့အချိန်တွင် စပါးစိုက်ပျိုးသည့် လယ်မြေအများစု မြေအရည်အသွေးမနိမ့်ကျရေးမှာ အရေးကြီး လာခဲ့သည်။ မြေအရည်အသွေးမနိမ့်ကျရေး စိုက်ပျိုးရေးပညာရှင်များ၏နည်းပညာအကူအညီကို ရယူဆောင်ရွက်ကြရ သည်။

မည်သည့်နည်းပညာမဆို စမ်းသပ်တီထွင်ကြရစမြဲဖြစ်သည်။ နည်းလမ်းအမျိုးမျိုးဖြင့်တီထွင်ကြံဆလျက် ရလဒ်ကောင်းထွက်ပေါ် အောင်ကြိုးစားရသည်။ သုတေသနပြုသူများ၏ ဇွဲနပဲကို အထူးလေးစားချီးကျူးမိပေသည်။ စူးစိုက်မှုအားကောင်းသူများ၏ စမ်းသပ်မှု များက ယနေ့ကမ္ဘာကိုကောင်းစွာအကျိုးပြုနေသောကြောင့်ဖြစ်ပါသည်။ လူသားအကျိုးပြုစမ်းသပ်တွေ့ရှိမှု၊ လူသားအကျိုးပြုမှု လုပ်ငန်းများ ဆောင်ရွက်မှုလုပ်ငန်းများစွာကို တစိုက်မတ်မတ် ဆောင်ရွက်နေသူများသည် သူ့နယ်ပယ်နှင့်သူ  ထူးချွန်ကြသူများ ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည်  သိမ်မွေ့သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ စိုက်ပျိုးရေးအလုပ်သည် သူတစ်ပါးဝမ်းရေးပြဿနာ ဖြေရှင်းကူညီပေးသည့် အလုပ်လည်းဖြစ်သဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသောအလုပ်ဖြစ်သည်။ လူအားလုံးအတွက် စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးလုပ်ငန်းစဉ်များသည် နေ့စဉ်ဘဝတစ်လျှောက်မရှိမဖြစ်လိုအပ်ချက်ဖြစ်ရာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းသည်   လက်တွေ့ကျကျဆောင်ရွက်ရသောအလုပ်ဖြစ်ပေသည်။ စိုက်ဧကအလိုက် အထွက်နှုန်းခန့်မှန်းနိုင်သည်။ စိုက်ပျိုးစရိတ်၊ အမြတ်အရှုံး ချိန်နှုန်းတိုင်းတာတွက်ချက်နိုင်သည်။ အရှုံးထဲမှ သင်ခန်းစာယူနိုင်လျှင်အမြတ်ကျန်သည်ဟုဆိုနိုင်သည်။ ခေတ်မီတိုးတက်နေသည့် ကမ္ဘာကြီးထဲတွင် စိုက်ပျိုးရေးလုပ်ငန်းများသည် ခေတ်နှင့်အညီ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာရမည် သာဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များကိုအခြေခံ၍ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးသွားရမည်ဖြစ်သည်။ ကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် မိမိအကျိုး သူတစ်ပါးအကျိုး နှစ်ဖြာသော အကျိုးကို ဖြစ်ထွန်းသည့်အလုပ်ဖြစ်သဖြင့် မွန်မြတ်သော အလုပ်ဟု ဆိုနိုင်သည်။ ရရှိလာသောဝင်ငွေမှာလည်း လွန်စွာသန့်စင် လှပေသည်။

မြန်မာ့ရေမြေသည် မြေဆီမြေနှစ်တို့ဖြင့်ပြည့်နှက်နေသည်ဟုဆိုနိုင်သည်။  နေရာဒေသအလိုက်၊ မြေအမျိုးအစားအလိုက် စိုက်ပျိုး နိုင်သော သီးနှံများစွာရှိသည့်အနက် ဒေသရေမြေအကြိုက်စိုက်ပျိုးနိုင်သည့်သီးနှံများရှိသကဲ့သို့ အခြားဒေသတွင် မစိုက်ပျိုးနိုင်သကဲ့ သို့ အထွက်မတိုးနိုင်သည့် သီးနှံများလည်းရှိသည်။  ရေဓာတ်၊ မြေဓာတ်သည် သီးနှံများအတွက်အရေးပါသော အဆီအနှစ်၊ အစိတ် အပိုင်းများဖြစ်သည်။ စိုက်သမျှအောင်၍ အထွက်ကောင်းမွန်ရေး ရေခံမြေခံကောင်းရန်လိုအပ်သည်။ ထို့အတူ စိုက်နည်း စနစ်များ ပြောင်းလဲကျင့်သုံးရာတွင် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ဓာတ်မြေသြဇာစနစ်တကျထည့်သွင်းစိုက်ပျိုးရေး၊ ပိုးမွှားကာ ကွယ်ရေး အသိအမြင်များ ရှိရန်လိုအပ်လှသည်။ စိုက်ပျိုးရေးလုပ်ငန်းကိုချစ်မြတ်နိုးသည့် တောင်သူဦးကြီးများ၊ စိုက်ပျိုးရေး ပညာရှင်များ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ လက်တွဲပူးပေါင်းမှုဖြင့်  မြန်မာ့လယ်ယာကဏ္ဍကို တစ်ခေတ်ဆန်း ဖွံ့ဖြိုးတိုး တက်နိုင်စေသည်။

ဧကနှင့်ဒေသအလိုက် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ချက်များက နိုင်ငံအတွက် အားထားစရာကောင်းလှသည်။ ရာသီဥတု ဒဏ်ကို ကြံ့ကြံ့ခံလျက်နည်းလမ်းမျိုးစုံဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြသည့်တောင်သူဦးကြီးများ၏ ဇွဲနပဲကိုချီးကျူးသင့်သည်။ တစ်ဧက အထွက်နှုန်းတိုးတက်ရေး အတွေးအကြံကပင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးတည်နေသည်။ လယ်ယာလုပ်သားရှားပါးမှုကို ကုစားပေးနိုင်သည့် စက်မှုလယ်ယာစနစ်မှာလည်း    တဖြည်းဖြည်း အရှိန်အဟုန်မြင့်တက်လာသည်ကို   တွေ့ရသည်။ ကောက်စိုက် စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ တွင်ကျယ်စွာသုံးစွဲ၍  လယ်ယာလုပ်ငန်းခွင်ကို အလှဆင်နိုင်ခဲ့သည်။

လယ်ယာကဏ္ဍတစ်ခွင် ဘက်ပေါင်းစုံဖွံ့ဖြိုးရေး တစ်ယောက်အားနှင့်မရနိုင်ဆိုသကဲ့သို့ လုပ်ငန်းတူ၊ ရည်ရွယ်ချက်တူသူများ ပြိုင်တူ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှု၊ တောင်သူများ ၏ ကြိုးပမ်းဆောင်ရွက်မှု ဟန်ချက်ညီညီရှိမှသာ လယ်ယာရွှေတစ်ခေတ်သို့ တက်လှမ်းနိုင်ပြီး တိုင်းပြည်ဝင်ငွေရရှိခြင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးခြင်းအခန်းကဏ္ဍများ တစ်ပါတည်းဖွံ့ဖြိုးလာမည်ဖြစ်သည်။

စားဝတ်နေရေးဖူလုံရေးအတွက် မြေပဒေသာ ဝေဝေဆာဆာသီးပွင့်ရေးမှာ အရေးကြီးလှပေသည်။ ဥတုရာသီအလိုက်ဖြစ်ပေါ်သော  သဘာဝဘေးအန္တရာယ်များက သီးပွင့်ဝေဆာမှုကိုအတားအဆီးဖြစ်စေခဲ့သည်။ ထိုကဲ့သို့အခြေအနေများတွင် မြေအရည်အသွေးနှင့် စိုက်ပျိုးရေး ကဏ္ဍတစ်ရပ်လုံး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကာကွယ်ရေးကအရေးကြီးလှပြီး ရေကြီးရေလျှံမှု ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဆည်မြောင်း၊ တာတမံများတည်ဆောက်ထိန်းသိမ်းကြရမည်ဖြစ်သည်။ ရေနုတ်မြောင်း၊ ရေတံခါးများ တည် ဆောက်၍ ရေကိုစနစ်တကျ ထိန်းသိမ်းသိုလှောင်ကြရပေမည်။ ရေကိုအကျိုးရှိရှိအသုံးချနိုင်ရေး၊ ဆည်ရေသောက်စနစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များအတွက် မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေတွင်းများ တူးဖော်ခြင်းလုပ်ငန်းများသည်လည်း မရှိမဖြစ် အရေးပါလာခဲ့သည်။

မြေကြီးကရွှေသီးရေး ဘက်စုံနည်းလမ်း အသွယ်သွယ်ဖြင့် ကြိုးပမ်းရလေ့ရှိပါသည်။ ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက် လာသည့် စိုက်ပျိုးနည်းစနစ်များကို အခြေခံပြီး ထုတ်ကုန်နှစ်ဆတိုးမြှင့်ရေးအမြင်ဖြင့် လက်တွေ့ကျကျလုပ်ငန်းခွင်ဝင်လျှင် မြေကြီးက အမှန်တကယ်ရွှေသီးနိုင်ပေသည်။ နိုင်ငံတစ်ဝန်းလုံးတွင်လည်း  ဆန်ရေစပါးပေါများလာနိုင်သည်။ ပိုလျှံသီးနှံများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်။ အမှီအခိုကင်းသောစိတ်ဓာတ်ဖြင့် မြေကြီးကရွှေသီးအောင် အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မြေသယံဇာတပေါ<ကယ်ဝသကဲ့သို့ သီးနှံအမယ်စုံစိုက်ပျိုးဖြစ်ထွန်းသော အစဉ်အလာရှိပေ သည်။ စားဝတ်နေရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငရုတ် အစရှိသောနေ့စဉ်သုံးရိက္ခာများထွက်ရှိသည်။ ကော်ဖီ၊ လက်ဖက်ရည်ကြိုက်နှစ်သက်သူများအတွက်လည်း စိတ်ဆန္ဒပြည့်ဝစေနိုင်သည်။ အချိုရှာသကာတွေ့လိုသူအတွက် မြေကြီးက သကြားနှင့် ထန်းလျက် ဖန်တီးပေးသည်။ အဝတ်အထည်အတွက် ဝါချည်မျှင်အထွက်နှုန်းက ဖေးကူပေးသည်။ အလားတူ တိုးပွားလာမည့်လူဦးရေအတွက် အာဟာရပြည့်ဝသော အစားအစာဖူလုံရေးအတွက် မြေပဒေသာဝေဆာအောင် စိုက်ပျိုးရမည် ဖြစ်သည်။ စိုက်၊ ရိတ်၊ နှုန်း၊ ထွက် တိုးပွားဆက်လို့ သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် တန်ဖိုးသိ၍တန်ဖိုးရှိသော မြေဆီ မြေသားထက် ထွန်ယက်စိုက်ပျိုးကြပါစို့ဟု မုဒိတာပွား ရေးသားလိုက်ရပါသည်။   ။

ထက်ဝေအောင်

(စစ်ကိုင်း)