ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ပညာပေးဟောပြောနေသည့် ကျေးရွာအုပ်ချုပ် ရေးမှူးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်
နေပြည်တော်၊ နိုဝင်ဘာ - ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေသည့် သင်ပျိုကျေးရွာ ကျေးရွာအုပ်ချုပ် ရေးမှူးအား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် အကြမ်းဖက်သမားများက နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်သိန်းဌေး(ဘ)ဦးကျော်ညွန့် သည် တာဝန်ရှိသူ များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် ပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသည့် အကြမ်း ဖက်အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ဦးမြင့်သိန်းဌေး အား ပစ္စတိုသေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ် ထွက်ပြေးသွားခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးမြင့်သိန်းဌေးတွင် ဝဲရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဝဲနံစောင်း တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ခဲ့ရာ ည ၈ နာရီခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးနိုင်ရန် ဒေသအကျိုး ဆောင်ရွက် နေသူအား ယခုကဲ့သို့ အကြမ်းဖက်ဆောင်ရွက်မှုအတွက် ထိရောက်စွာအရေး ယူဆောင် ရွက်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။