ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁၄
    
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၄)နယ်မြေ(၃)ရှိ ပန်အုပ်ကျောင်းတိုက်၊ ရပ်ကွက်(၁၂) နယ်မြေ(၉)ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ တုန်ဟုန်းဘုန်းတော်ကြီးကျောင်း၊ နမ့်စန်မြို့၊ နောင်စန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ မိုင်းပွန်မြို့၊ မိုင်းပွန်စော်ဘွားကြီး နေထိုင်ခဲ့သည့် ဟော်နန်းအဆောက်အဦ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ သဲပုံကျေးရွာ၊ သဲပုံကျောင်းကြီးကျောင်းတိုက်၊ ဘုတ်ပြင်းမြို့၊ သီရိမင်္ဂလာတပ်ဦးကျောင်းတိုက်၊ ရေဖြူမြို့နယ်၊ ကင်းတောင်ကျေးရွာ၊ သုဓမ္မာကျောင်းတိုက်၊ ကူတိုတောကျေးရွာ၊ ပညာသုခိတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မဟာဗောဓိဗုဒ္ဓဂယာကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ စက်ရုံဘုန်းတော်ကြီးကျောင်း၊ ရေတာရှည် မြို့နယ်၊ အလယ်မြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဝေါမြို့၊ ဓမ္မပါလဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဝန်လည်တောင်ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
    
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊  ဒီးမော့ဆိုမြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ တွံတေးမြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask  များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
    
၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ရန်ကုန် ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးကျောင်းတိုက်၊ ကျောက်တံတားမြို့နယ်ရှိ သျှရီသျှရီ စန္ဒီမယ်တော်ဘုရားကျောင်း၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဇဖါရ်ရှားဂူဗိမ္မာန်နှင့် ဝတ်ပြုကျောင်း များသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များက သွားရောက်၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများဖြစ်သော Mask  ၁၀၀၀ ခုစီ၊ Face Shied  ၁၀၀ ခုစီနှင့် အင်အားဖြည့်အာဟာရများ ပေးအပ်လှူဒါန်းခဲ့ပြီး လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။