မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်)
ခရီးသွားလုပ်ငန်းသည် ကမ္ဘာတွင် ဓာတုပစ္စည်းနှင့် လောင်စာစွမ်းအင်မှ ရရှိသော ဝင်ငွေများပြီးလျှင် တတိယ ဝင်ငွေအများဆုံး ရှာဖွေပေးနေသော လုပ်ငန်းဖြစ်သည်။ နိုင်ငံအများစု၏ ဝင်ငွေကို သဘာဝသယံဇာတပစ္စည်းများ ထုတ်ရောင်းစရာမလိုဘဲ ငွေကြေးများများ ရရှိရေးမှာ ခရီးသွားဧည့်သည်များ၏ လိုအင်ဆန္ဒ မှန်သမျှကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေးကောင်းမွန်ရေးသည် နိုင်ငံခြားငွေ ရရှိရေးပင်ဖြစ်သည်။ ထွက်ငွေနည်းနိုင်သမျှ နည်းပါးအောင် ဆောင်ရွက်ပြီး ဝင်ငွေတိုးပွားနိုင်သရွေ့ တိုးပွားအောင် ဆောင်ရွက်နိုင်ခြင်းသည် စီးပွားရေး ကောင်းမွန်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုလျှင် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည့်အပြင် လူနေမှုအဆင့်အတန်းလည်း မြင့်မားလာပေလိမ့်မည်။
ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း ဟု တင်စားထားကြသည်။
ကမ္ဘာ့နိုင်ငံတိုင်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အလေးထား လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့အလုပ်အကိုင်များ၏ ၁၁ ပုံ ၁ ပုံရှိကြောင်း သိရှိရသည်။ ခရီးသွား လုပ်ငန်းသည် မြို့ပြဒေသတွင်သာမက ကျေးလက်ဒေသများကိုပါ ဝင်ငွေတိုးစေသော လုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှုကြောင့် လာရောက်လည်ပတ် လေ့လာသူ များပြားလာသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှစ၍ ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်း စီမံချက်ကို နေရာခြောက်နေရာ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါနေရာများမှာ ကချင်ပြည်နယ် အင်းတော်ကြီးရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ မန္တလေးရှိ ဧရာဝတီလင်းပိုင်ကြည့်ရှုခြင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ် သံတောင်ကြီးဒေသ၊ မကွေးတိုင်းဒေသကြီး မြိုင်ကျေးရွာနှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိကျေးရွာများသို့ ခရီးသွားခြင်းတို့ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ သာယာလှပသည့် တောတောင်ရှုမျှော်ခင်းများ၊ရေမြေသဘာဝ သယံဇာတများ ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။ အလွန်လှပသော ရေမြေတောတောင်ရှုခင်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုရိုးရာ ဓလေ့များသည် ကမ္ဘာလှည့်ခရီးသည်တို့၏ စိတ်ဝင်စားဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသီးသီးတွင် ခရီးသွားဧည့်သည်များ စိတ်ဝင်စားဖွယ် မရှိသောနေရာဟူ၍ လုံးဝမရှိပေ။ စိတ်ဝင်စားဖွယ်များနှင့်သာ ပြည့်နှက်လျက်ရှိသည်။
မြန်မာ့ခရီးသွား လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်လေလေ နိုင်ငံအတွက် ဝင်ငွေ တိုးပွားလေလေဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်ခဲ့ရသော ခရီးသွားလုပ်ငန်းများသည် ယခုအခါပြန်လည်နိုးထလာပြီဖြစ်သည်။ သီတင်းကျွတ်လပြည့် ရုံးပိတ်ရက်များအတွင်း ပြည်တွင်းခရီးသွားများဖြင့် စည်စည်ကားကား ရှိနေသောမြင်ကွင်းများသည် ခရီးသွား လုပ်ငန်း၏ အခြေအနေကောင်းမွန်ခြင်း ပြယုဂ်တစ်ခုဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းတိုးတက်ရေးကို လွန်ခဲ့သည့် ၁၉၉ဝ ပြည့်နှစ်လွန် ကာလများကပင် စတင်ကြိုးပမ်းခဲ့သည်။ ၁၉၉၆ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ် သတ်မှတ်ကာ မြန်မာတို့ကြိုးစားပမ်းစား ပြင်ဆင်ထားခဲ့သည်။ သို့သော်ကံဆိုးစွာဖြင့် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်ခြင်း မပြုရန် နိုဗယ်ဆုရှင်၏ ပိတ်ဆို့တားမြစ်မှုကြောင့် မြန်မာ့ခရီးသွား လုပ်ငန်းများ မအောင်မြင်ခဲ့သည်မှာ ဝမ်းနည်းဖွယ်ဖြစ်ခဲ့သည်။
လက်ရှိအနေအထားတွင်လည်း အဖျက်အမှောင့် လုပ်ရပ်များ ရှိနေသေးသော်လည်း နိုင်ငံတော်အစိုးရသည် မြန်မာ့ခရီးသွား လုပ်ငန်းကို အောင်အောင်မြင်မြင်ဖြစ်ရန် လုပ်ဆောင်လျက် ရှိပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟူသော ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေပါသည်။ ခရီးသွားလုပ်ငန်းသည် ဝင်ငွေအများအပြား ရှာဖွေပေးနိုင်သည့် လုပ်ငန်းဖြစ်ပေရာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်ပေမည်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဘေးအန္တရာယ် ကင်းရှင်းစွာ တည်းခိုနိုင်ရေးနှင့် ဝန်ဆောင်မှုရယူနိုင်ရေးတို့အတွက် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်လျက်ရှိသည်။ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နေသကဲ့သို့ ရှိပြီးသား ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်နေသည်။
ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ် ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်များအား ပေးအပ်ထားပြီး ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလိုင်စင် လေးမျိုးအား ကြန့်ကြာမှုမရှိရန် တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲမှုဖြင့် ခွင့်ပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုရှိသော နေရာများမှာ လက်ညှိုးထိုး၍ မကုန်အောင် ပေါများလှပေရာ ခရီးသွား ဧည့်သည်များ အကြိမ်ကြိမ်ပြန်လည် လာရောက်နိုင်စေရန် ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု၊ ဘေးကင်းလုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများ ပေးရန်သာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။