မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း လေ့ကျင့်ရေး ခရီးစဉ်အတွင်း တူရကီနိုင်ငံ၌ ခြေစမ်းပွဲ သုံးပွဲကစားမည်
အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ရေး ခရီးစဉ်အဖြစ် တူရကီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် လေ့ကျင့် ရေး ခရီးစဉ်ကာလအတွင်း တူရကီနိုင်ငံ၌ ဒေသတွင်း အသင်းနှစ်သင်းနှင့် အာဆီယံ ဒေသတွင်း ပြိုင်ဘက်အသင်းတစ်သင်း အပါအဝင် ခြေစမ်းပွဲစဉ် သုံးပွဲကစားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းသည် တူရကီနိုင်ငံ၌ တစ်လခန့် ကြာပြင်ဆင်မှုများ ပြုလုပ်နေပြီး လက်ရှိတွင် နည်းပြအန်တွမ်နီဟေး ဦးဆောင်ကာ ပဏာမ ကစားသမား ၁၉ ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။
လေ့ကျင့်ရေး ခရီးစဉ်အတွင်း တူရကီ နိုင်ငံဒေသတွင်း အသင်းများဖြစ်သည့် Manavgatspor အသင်းနှင့် နိုဝင်ဘာ ၉ ရက်တွင် လည်းကောင်း၊ Brundi အသင်း နှင့် နိုဝင်ဘာ ၁၃ ရက်တွင် လည်းကောင်း ကစားမည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား လက်ရွေးစင်အသင်း နှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်း၌ လက်ရှိ ပြည်ပလိဂ်များတွင် ကစားနေသည့် ကစား သမားများ ပါဝင်ခြင်းမရှိသေးဘဲ ပြည်တွင်း ရှိ ကစားသမား ၁၉ ဦးဖြင့်သာ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ပြည်ပ၌ ကစားနေသည့် ကစားသမားများ အနေဖြင့် နောက်ပိုင်းမှ သာ အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။
အသင်းနှင့်အတူ ဝါရင့်ကစားသမား များဖြစ်သည့် ကျော်ကိုကို၊ အောင်သူနှင့် ဇော်မင်းထွန်းတို့ ပါဝင်ဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နည်းပြ အန်တွမ်နီဟေးက ၎င်းတို့သုံးဦးအနေဖြင့် လက်ရွေးစင် ကစားသမားဘဝမှ အနားယူ ခဲ့ပြီဖြစ်သည့် အတွက် ပါဝင်မည်မဟုတ်ဟု ၎င်း၏တွစ်တာ စာမျက်နှာမှတစ်ဆင့် မှတ် ချက်ပြု ပြောကြားခဲ့သည်။
အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အသင်းတွင် မလေးရှား လိဂ်၌ သွားရောက်ကစားနေပြီး ခြေစွမ်းပြလျက်ရှိသော လူငယ်ကစားသမားများဖြစ် သည့် ဟိန်းထက်အောင်နှင့် အောင်ကောင်းမာန်တို့ လာရောက်ပူးပေါင်းမည်ဖြစ်သည်။
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စု (ဗ) ၌ အိမ်ရှင် စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ တီမောအသင်းနှင့် ဘရူနိုင်းအသင်းမှ ခြေ စစ်ပွဲအောင်မြင်မည့် အသင်းတစ်သင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။