၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ရလဒ်ကောင်း ရရှိရန် ရုန်းကန်ရဖွယ် ရှိနေ

၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ရလဒ်ကောင်း ရရှိရန် ရုန်းကန်ရဖွယ် ရှိနေ

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း အနေဖြင့် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲကို   အကောင်းဆုံးပုံစံဖြင့်   အောင်မြင်ခဲ့သော်လည်း ပြိုင်ပွဲ၌ ကမ္ဘာ့အဆင့် အာရှထိပ်သီး အသင်းများအပြင်   ဒေသတွင်း ပြိုင်ဘက်ကောင်းဖြစ်သည့်အသင်းနှင့်  တစ်အုပ်စုတည်း ကျရောက်နေ၍ ခက်ခဲစွာ ရုန်းကန်ရဖွယ်ရှိနေသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့် တွင် နည်းပြချုပ် ဦးတင်မြင့်အောင်၏ ဦးဆောင်မှုဖြင့် ဝါရင့် ကစားသမားများနှင့် မျိုးဆက်သစ် လူငယ် ကစားသမားများ   အချိုးကျပေါင်းစပ်ပြီး   ခြေစစ်ပွဲ အဆင့်မှာပင် အကောင်းဆုံး ပုံစံတစ်ရပ်ကို ပြသနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအဆင့်တွင် လက်ဘနွန် လက်ရွေးစင်အမျိုးသမီးအသင်း၊   ယူအေအီးလက်ရွေးစင် အမျိုးသမီးအသင်း၊ ဂူအန်လက်ရွေးစင် အမျိုးသမီးအသင်းတို့နှင့်   တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး   ခြေစစ်ပွဲအုပ်စုအဆင့် ပွဲစဉ်များကစားရာတွင်  လက်ဘနွန် လက်ရွေးစင် အမျိုးသမီးအသင်းကို  ၄  ဂိုး-  ဂိုးမရှိ၊ ဂူအန်လက်ရွေးစင် အမျိုးသမီးအသင်းကို  ၈  ဂိုး-ဂိုးမရှိ၊   ယူအေအီးလက်ရွေးစင် အမျိုးသမီးအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အုပ်စုသုံးပွဲစလုံး ပေးဂိုးမရှိဘဲ ရာနှုန်းပြည့် နိုင်ပွဲများဖြင့် အောင်မြင်ခဲ့သည်။

ထိုသို့  ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက်  ပြိုင်ပွဲအတွက်  အုပ်စုမဲမခွဲမီ  ဆီဒင်အဆင့် သတ်မှတ်ချက်ဖြင့်  မဲအိုးတွင်  အလှည့်အပြောင်းများ ဖြစ်ခဲ့ပြီးနောက်ဆုံး မဲအိုးနံပါတ်(၄)၌ အီရန်လက်ရွေးစင် အမျိုးသမီးအသင်း၊     အင်ဒိုနီးရှား လက်ရွေးစင်အမျိုးသမီး အသင်းတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စုမဲခွဲခဲ့ရာတွင်   အာရှထိပ်သီး အသင်းများနှင့်  တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည်   ၂ဝ၂၂  အမျိုးသမီး အာရှဖလားပြိုင်ပွဲကို   ပုံစံပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းအရေအတွက်ကိုလည်း ၁၂ သင်းအထိ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းက ခြေစစ်ပွဲ ကစားရန် မလိုအပ်ဘဲ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ကာ   ပြီးခဲ့သည့်ပြိုင်ပွဲတွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်    ဂျပန်လက်ရွေးစင် အမျိုးသမီး အသင်း၊ ဒုတိယဆုရရှိခဲ့သည့် သြစတြေးလျ လက်ရွေးစင်အမျိုးသမီး အသင်းနှင့်   တတိယဆုရရှိခဲ့သည့် တရုတ်လက်ရွေးစင် အမျိုးသမီးအသင်းတို့သည်လည်း ခြေစစ်ပွဲကစားရန် မလိုအပ်ဘဲ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အဆင့်တွင် အာဆီယံဒေသတွင်းမှ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ   ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်း၊    ဖိလစ်ပိုင်လက်ရွေးစင် အမျိုးသမီးအသင်း၊  အင်ဒိုနီးရှား လက်ရွေးစင် အမျိုးသမီးအသင်းနှင့်     ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းတို့ ဝင်ရောက်ခွင့် ရရှိခဲ့ပြီး အာရှထိပ်သီး အသင်းများဖြစ်သည့်  တောင်ကိုရီးယား လက်ရွေးစင်အမျိုးသမီး အသင်း၊ အီရန်လက်ရွေးစင် အမျိုးသမီးအသင်း၊ တရုတ်  (တိုင်ပေ)  လက်ရွေးစင် အမျိုးသမီးအသင်း တို့သည်လည်း ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲအတွက်  မဲခွဲမှုအပြီးတွင်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့်  အုပ်စု(C)၌ လက်ရှိချန်ပီယံ ဂျပန်လက်ရွေးစင် အမျိုးသမီး အသင်း၊ အာရှထိပ်သီး တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီးအသင်း၊  အာဆီယံထိပ်သီး  ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းတို့နှင့်  တစ်အုပ်စုတည်း ကျရောက်ခဲ့ရခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည်  ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် လေးသင်းပါ သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင် အိန္ဒိယ လက်ရွေးစင် အမျိုးသမီး အသင်း၊  တရုတ်လက်ရွေးစင်အမျိုးသမီးအသင်း၊ တရုတ် (တိုင်ပေ) လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အီရန်လက်ရွေးစင် အမျိုးသမီးအသင်း၊  အုပ်စု  (B) တွင် သြစတြေးလျ လက်ရွေးစင်အမျိုးသမီးအသင်း၊   ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်း၊    ဖိလစ်ပိုင် လက်ရွေးစင် အမျိုးသမီးအသင်းနှင့်    အင်ဒိုနီးရှား လက်ရွေးစင် အမျိုးသမီးအသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ်၏ ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်ဇယား ရေးဆွဲမှုများအရ မြန်မာ့လက်ရွေးစင်  အမျိုးသမီး အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ် အဖြစ်  ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၂၁  ရက်တွင်   ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းနှင့်လည်းကောင်း၊ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၄  ရက်တွင်  တောင်ကိုရီးယား လက်ရွေးစင်အမျိုး သမီးအသင်းနှင့် လည်းကောင်း၊    အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ်  ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ် လက်ရွေးစင်အမျိုးသမီး အသင်းနှင့်  လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၌ ပြိုင်ပွဲပုံစံသစ်အရ အုပ်စုပွဲစဉ်များ အပြီးတွင်  အုပ်စုပထမနေရာမှ သုံးသင်း၊ ဒုတိယနေရာမှ သုံးသင်းနှင့် အုပ်စုတတိယ နေရာ၌ ရပ်တည်ခဲ့သည့် အသင်းသုံးသင်းမှ   အကောင်းဆုံး တတိယ နှစ်သင်းက ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်မည်ဖြစ်သည့် အတွက်  မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအနေဖြင့် အာရှထိပ်သီး နှစ်သင်းဖြစ်သည့်   ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီးအသင်းတို့ ပွဲစဉ်တွင် အကယ်၍ ရှုံးခဲ့လျှင်လည်း  အကောင်းဆုံးအုပ်စု တတိယနေရာမှ ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် မျှော်လင့်ချက်အတွက် အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သော အာဆီယံဒေသတွင်း ပြိုင်ဘက် ဗီယက်နမ် လက်ရွေးစင် အမျိုးသမီးအသင်းနှင့်ပွဲစဉ်တွင်  မဖြစ်မနေ ရလဒ်ကောင်း ရရှိရန် လိုအပ်မည်ဖြစ်သည်။

အလားတူ ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် ၂ဝ၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်အတွက် ပြိုင်ပွဲဝင် အသင်းများတွင် မျှော်လင့်ခွင့်ရှိနေပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကလည်း    အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်ထားသောကြောင့်    တိုက်ရိုက်ဝင်ခွင့် ရရှိမည့်အသင်း ငါးသင်း၊ တခြားတိုက်များမှ အသင်းများနှင့် ရှုံးထွက် အဆင့်ပွဲစဉ်များ ကစားပြီး အသင်းနှစ်သင်း ထပ်မံဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည့်အတွက်     ၂ဝ၂၂ အမျိုးသမီးအာရှဖလား ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် တက်ရောက်မည့်    အသင်းများအနေဖြင့် ၂ဝ၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိရန် မျှော်လင့်ချက် ကိုယ်စီရရှိမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင်  ၂ဝဝ၃  ပြိုင်ပွဲ၊ ၂ဝဝ၆ ပြိုင်ပွဲ၊ ၂ဝ၁ဝ ပြိုင်ပွဲနှင့် ၂ဝ၁၄ ပြိုင်ပွဲတို့၌ ခြေစစ်ပွဲ အောင်မြင်ခဲ့သော်လည်း ပြိုင်ပွဲလေးခုစလုံးတွင်   အုပ်စုအဆင့်မှပင်  ထွက်ခွာခဲ့ရသကဲ့သို့  ယခုအခါ ငါးကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။

၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဇန်နဝါရီ ၂ဝ ရက်မှ ၂၇  ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့်   ပြိုင်ပွဲတွင် ခရီးကြမ်းကို လျှောက်လှမ်းရမည်ဖြစ်သော်လည်း နောက်တစ်ဆင့် မျှော်လင့်ချက်အတွက်      အုပ်စုနောက်ဆုံး ပွဲစဉ်တွင်   ဗီယက်နမ် လက်ရွေးစင်အမျိုးသမီးအသင်းကို  မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။

STA