ပြန်လည်စတင်မည့် နျူကလီးယား ဆွေးနွေးပွဲတွင် အမေရိကန်က အီရန်အပေါ် ဖြေလျှော့မှုပေးမည်လား

ပြန်လည်စတင်မည့် နျူကလီးယား ဆွေးနွေးပွဲတွင် အမေရိကန်က အီရန်အပေါ် ဖြေလျှော့မှုပေးမည်လား

ကာလရှည်ကြာ ရပ်ဆိုင်းနေသည့် နျူကလီးယား ဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၉ ရက်တွင်  သြစတြီးယားနိုင်ငံ  ဗီယင်နာမြို့၌  ပြန်လည်ကျင်းပရန်  စီစဉ်လျက်ရှိကြောင်း သိရသည်။

နျူကလီးယားဆွေးနွေးပွဲ    ပြန်လည်စတင်ရေးနှင့် စပ်လျဉ်း၍  အမေရိကန်က အာမခံချက်တချို့   ပေးအပ်ရန် အသင့်မရှိပါက  အီရန်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းလင်းလျက် ရှိသည်ဟု အီရန်အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ   အလီရှမ်ခါနီက နိုဝင်ဘာ ၃ ရက် အစောပိုင်းတွင် ပြောကြားသည်။

တစ်နည်းအားဖြင့် ဆိုရပါမူ အီရန်သည် ယခုပြန်လည်ကျင်းပရန်  စီစဉ်ထားသည့် နျူကလီးယား စေ့စပ်ဆွေးနွေးပွဲ၌   နိုင်ငံအပေါ် ချမှတ်ထားသည့်   ပိတ်ဆို့မှုများ အနက်   တချို့ကို ပြန်လည်ရုပ်သိမ်းပေး ရေးအတွက် ကြိုးပမ်းရန် လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အကြောင်းမှာ အမေရိကန်နှင့် အင်အားကြီး နိုင်ငံတချို့က နိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများသည် တရားမဝင်သည့် အပြင် လူသားချင်း စာနာမှုမရှိဟု အီရန် အစိုးရက    ရှုမြင်ထားသောကြောင့်ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်မည့် နျူကလီးယား ဆွေးနွေးပွဲသို့   တက် ရောက်ရန်  ကိုယ်စားလှယ်အဖြစ် အီရန်နိုင်ငံဆိုင်ရာ   အမေရိကန် အထူးသံတမန် ရော့မောလီအား ခန့်အပ်ထားပြီး ဖြစ်သည်။နျူကလီးယား သဘောတူညီချက်ပါ အချက်အလက်များကို လိုက်နာရေးနှင့် စပ်လျဉ်း၍  ဆွေးနွေးပွဲ၌   အပြန်အလှန် နားလည်မှု တစ်ရပ်ကို  ချမှတ်နိုင်မည်ဟု အမေရိကန် အစိုးရက ယုံကြည်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် နျူကလီးယား သဘောတူညီချက်များ လိုက်နာရေးနှင့် စပ်လျဉ်း၍   အီရန် အနေဖြင့် နားလည်မှု တစ်ရပ်ကို လျင်မြန်စွာနှင့် ယုံကြည်မှုရှိစွာ ချမှတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ နက်ပရိုက်က ပြောသည်။

နှစ်အတော်ကြာ ရပ်တန့်ခဲ့ရသည့်  နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင် ရေးနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များကို  ကြည့်မည်ဆိုပါက အမေရိကန်အနေဖြင့် ချဉ်းကပ် လုပ်ဆောင်မှု ပုံစံသစ်တစ်ရပ်ကို ချမှတ်ဖော်ဆောင်လာ နိုင်သည်ကို တွေ့ရသည်။

ထို့ပြင်  နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဟု သက်ဆိုင်ရာနိုင်ငံ များက ထုတ်ပြန်လိုက်ခြင်းသည်  အီရန် နျူကလီးယား အရေးနှင့် စပ်လျဉ်း၍  သို့လောသို့လော   ဖြစ်ပွားနေမှုများကိုပါ အဆုံးသတ်နိုင်ခဲ့သည်ဟုလည်း   ဆိုနိုင်သည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား  အီရန်က လုပ်ဆောင်နေသည့်  နျူ ကလီးယား အစီအစဉ်ကို ထိန်းချုပ်နိုင်ရေး အတွက်  သဘောတူညီချက် တစ်ရပ်ကို ၂ဝ၁၅ ခုနှစ်တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်က အိုဘားမားသည်  အမေရိကန် သမ္မတအဖြစ်   တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ သဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်းတို့အကောင်အထည် ဖော်ဆောင်နေသည့်   နျူကလီးယား အစီအစဉ်ကို သတ်မှတ်ထားသည့် အတိုင်းအတာအထိ လျှော့ချရမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားသည့်   ပိတ်ဆို့မှုများ အနက် တချို့ကို အင်အားကြီးနိုင်ငံများက ဖယ်ရှားပေးမည်ဖြစ်သည်။ သို့ရာတွင် အိုဘားမား အနားယူပြီးနောက် သမ္မတဖြစ်လာသည့် ဒေါ်နယ်ထရမ့်ကမူ အဆိုပါ သဘောတူညီချက်တွင် ပါဝင်နေခြင်းသည် အမေရိကန် အတွက် အကျိုးအမြတ် မရှိဟုဆိုကာ၂ဝ၁၈ ခုနှစ်မှစ၍ သဘောတူညီချက်မှ နုတ်ထွက်သွားခြင်းဖြစ်သည်။

သို့ရာတွင်   အမေရိကန်၏  ဥရောပ မဟာမိတ်နိုင်ငံများကမူ သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်း ထားလိုသည့်ဆန္ဒရှိပြီး အမေရိကန်အား သဘောတူညီချက်သို့   ပြန်လည်ဝင်ရောက်ရန်  ထပ်တလဲလဲ  တောင်းဆိုခဲ့သည်။ သို့သော် အချည်းနှီးပင်။    ယင်းအင်အားကြီး နိုင်ငံများသည်  အမေရိကန်အစိုးရအား  စိတ်ပြောင်းလဲအောင်    စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် နျူကလီးယား သဘောတူညီချက်မှာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေတွင် ရှိနေခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရ သည်    အီရန်အပေါ်သို့ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည့်အပြင် အီရန်၏ စီးပွားရေးကို   ချည့်နဲ့စေရန် ရည်ရွယ်ချက်ဖြင့်  တင်းကျပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကိုပါ   လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

အမေရိကန်အစိုးရသည် ရပ်ဆိုင်းနေသည့် နျူကလီးယား ဆွေးနွေးပွဲများကို ပြန် လည်စတင်ရန် အသင့်ရှိသည်ဟု တစ်ဖက်တွင် ပြောဆိုထားပြီး တခြားတစ်ဖက်တွင် မူ အီရန်အပေါ် ပိတ်ဆို့မှုများ ဆက်လက် ချမှတ်နေခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မှာ တင်းမာနေဆဲ ဖြစ်သည်။

ယခုအခါ နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍  ဆွေးနွေးပွဲများ ပြန် လည်စတင်ရန်    စီစဉ်နေသည်ဟူသော သတင်းသည်    အီရန်၏ နျူကလီးယား သဘောတူညီချက်အပေါ်    အနီးကပ် စောင့်ကြည့်နေသည့်  အရှေ့အလယ်ပိုင်းရှိ  နိုင်ငံတချို့နှင့်  တခြားနိုင်ငံများ၏ စိတ်ဝင်စားမှုကို   ပြန်လည်ဆန်းသစ် လာစေခဲ့သည်ဟု ဆိုနိုင်သည်။

နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည် ကျင်းပမည့်ရက် သတ်မှတ်နိုင်ရေး အတွက်  သဘောတူညီချက်ပါ    နိုင်ငံများကြား ဆွေးနွေးပွဲများကို ဗီယင်နာမြို့၌ ယခုနှစ် ဧပြီလအတွင်း    ကျင်းပရန် စီစဉ်ခဲ့သော်လည်း  ဆွေးနွေးပွဲများမှာ နောက်နှစ်လ အကြာတွင် ရပ်တန့်သွားခဲ့ရသည်။

ယခု ဂျိုးဘိုင်ဒင် အစိုးရသည် ချဉ်းကပ်မှု ပုံစံသစ်တစ်မျိုးဖြင့် လုပ်ဆောင်လာဖွယ် ရှိသည်။  အထူးသဖြင့်  အီရန်၏  နျူကလီးယား အရေးနှင့် စပ်လျဉ်း၍ မဟာမိတ် နိုင်ငံတချို့၏     တိုက်တွန်း ပြောဆိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ကြောင့် နိုဝင်ဘာလ နှောင်းပိုင်းတွင် ပြန်လည်ကျင်းပမည့် နျူကလီးယား ဆွေး နွေးပွဲများသို့ တက်ရောက်ရန်ပြင်ဆင်သင့် သည်များကို   ပြင်ဆင်ထားပြီးဖြစ်သည်။

ဆွေးနွေးပွဲများ    စတင်ကျင်းပခြင်း မရှိသေးသော်လည်း  ဆွေးနွေးပွဲမှ ထွက်ပေါ်လာနိုင်သည့် ရလဒ်ကို  သုံးသပ်သူများက ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။

မကြာမီ  အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍  အသေးစိတ်ဆွေးနွေး ကြမည်ဖြစ်သည်။ သို့သော် အမေရိကန်သည်   နျူကလီးယား သဘောတူညီချက်မှ ၎င်းတို့ကိုယ်တိုင် နုတ်ထွက်သွားခြင်းဖြစ်ပြီး ယခုပြန်လည်စတင်မည့်   စေ့စပ်ဆွေးနွေးပွဲသို့  အမေရိကန်  ပြန်လည်ပါဝင်လာခြင်းဖြစ်ရာ   အကယ်၍  အီရန်အပေါ် ချမှတ်ထားသည့်   ပိတ်ဆို့မှုများအနက် တချို့ကို ဖယ်ရှားခြင်း မပြုပါက ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်ရလဒ်မှာ ပြောင်းလဲမှု မရှိဘဲ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေ၌သာ ရှိမည်ဟု အီရန်အစိုးရက ပြောသည်။

ထို့ကြောင့်  အချုပ်အားဖြင့် ဆိုရပါမူ အမေရိကန်အနေဖြင့်  အီရန်အပေါ်ဖြေ လျှော့မှုတချို့လုပ်ဆောင်ပေးခြင်း မရှိပါကဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်မှာ ပြောင်းလဲမည် မဟုတ်ကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။   ။

ဇေယျဘုန်း

Ref: Sputnik