ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တိုးပွားစေချင်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၅ ရက်)

 

ကမ္ဘာတွင် ခေတ်မီနည်းပညာများ တိုးတက်မှုနှင့်အတူ ထိုနည်းပညာများကိုအသုံးပြုရန် လျှပ်စစ်စွမ်းအင် လိုအပ်မှုကြီးမားလျက် ရှိသည်။ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်းနှင့်အတူ လူသားတို့သည် လျှပ်စစ်ကိုပိုမိုသုံးစွဲလာကြသည်။ လျှပ်စစ်စွမ်းအင်သည် လူသားတို့အတွက်မရှိမဖြစ်သော အထောက်အကူပစ္စည်းဟူ၍ပင်ဆိုနိုင်သည်။ အစိုးရရုံးဌာနများ၊ ကုမ္ပဏီများ၊ ကိုယ်ပိုင်လုပ်ငန်း များမှသည် နေအိမ်တိုက်တာတိုင်းတွင် လျှပ်စစ်စွမ်းအင်ကိုအသုံးမပြုဘဲ လုပ်ငန်းတွင်ကျယ်မှုမရှိနိုင်ပေ။ ထို့ကြောင့် နိုင်ငံတိုင်းသည် လျှပ်စစ်စွမ်းအင် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းနေကြသည်။

“မြန်မာနိုင်ငံတွင် လောင်စာဆီသုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအတွင်း ယခုနှစ်သြဂုတ်လအထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော် ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ်စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါယာဉ်များအတွက် စက်သုံးဆီများအား ပြည်ပနိုင်ငံများမှတန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း၊ ထိုသို့ သုံးစွဲလျက်ရှိသည့်စက်သုံးဆီများ တင်သွင်းမှု လျှော့ချနိုင်ရေးအတွက် Public Transportation ဖြစ်သည့်ဘတ်စကားများ၊ မြို့ပတ်ရထားများ၊ ခရီးဝေးရထားများ ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စက်သုံးဆီများလျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းအနေဖြင့် အသိစိတ်ဓာတ် ရှိရှိဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများ အနေဖြင့် လည်း စက်သုံးဆီများ သုံးစွဲမှုလျှော့ချနိုင်သည့်နည်းလမ်းများကို ရှာဖွေရန်လိုကြောင်း” စက်တင်ဘာ ၂၇ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အစစအရာရာတွင်ကြိုးပမ်းလျက်ရှိရာ စွမ်းအင် ကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ စတင်သုံးစွဲနေပြီဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ်ဓာတ်အားအသုံးပြုမောင်းနှင်ရသည့် ဘတ်စကားများနှင့် အိမ်သုံးမော်တော်ယာဉ်များအသုံးပြုနိုင်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်ထုတ် လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနှင့် လေအားသုံးလျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ များစွာရှိ သည်။ အဆိုပါ ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြု၍စက်သုံးဆီသုံးစွဲမှုများအားဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံခြားမှ မှာယူတင် သွင်းမှု လျော့နည်းသွားမည်ဖြစ်သည်။ နောက်ဆုံးတွင် မိမိတို့နိုင်ငံမှ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချသွားနိုင်မည်ဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုမှုများပြားလာသည့်အတွက် မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးတွင် နောက်ကျမကျန်ရစ်စေဖို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို မဖြစ်ဖြစ်အောင် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်နေခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုနေသော နိုင်ငံများတွင် အများဆုံး အသုံးပြုသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း လေ့လာသိရှိရသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲနိုင်မှုကြောင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ လည်း ကမ္ဘာတွင် ထိပ်တန်းသို့ ရောက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အောင်မြင်စွာအသုံးပြုနိုင်ရေးကို ထဲထဲဝင်ဝင်လေ့လာဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မည်မှာ မလွဲဧကန်ဖြစ်သည်။ နေရောင်ခြည်မှထုတ်လုပ်သော လျှပ်စစ်ထုတ်လုပ်နိုင်ရန် အိမ်ခေါင်မိုးများ၊ စက်ရုံအမိုးများ တွင် ဆိုလာပြားများတပ်ဆင်ရပေမည်။ ထို့အတူ ဆည်ကြီးများပေါ်တွင် ရေပေါ်ဆိုလာများတည်ဆောက်ခြင်းဖြင့် ရေပေါ်ဆိုလာ များမှ လျှပ်စစ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိတွင် မင်းဘူးရှိ ဆိုလာလျှပ်စစ်ထုတ်လုပ်သည့်နေရာမှ ၄၀ မဂ္ဂါဝပ်ချိတ်ဆက်ထားသည်။ ဆိုလာနှင့်လျှပ်စစ်ထုတ်လုပ်မှု လက်ရှိအခြေအနေတွင် နည်းပါးနေသေးသော်လည်းနောင်တွင် ရင်းနှီး မြှုပ်နှံမှုတိုးပွားလာခြင်းနှင့်အတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များလည်း တိုးပွားလာပါမည်။

မြန်မာနိုင်ငံသည် သစ်တောဧရိယာ ၅၁ ရာခိုင်နှုန်းဖုံးလွှမ်းနေခြင်း၊ မြစ်ကြီးလေးသွယ်ရှိနေခြင်းတို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တိုးပွားစေရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ပေလိမ့်မည်။ ဆိုလာနှင့်ပတ်သက်ပြီး လျှပ်စစ်ထုတ်မည်ဆိုလျှင် မဂ္ဂါဝပ်ပေါင်း ၂၆၀၀၀ ကျော်ထုတ်လုပ်နိုင်ကြောင်း သုတေသနပြုထားပြီးဖြစ်ကြောင်းလည်း သိရှိရသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်တွင်လည်း သင့်လျော်သောဈေးနှုန်းနှင့်ကာဗွန်ထုတ်လုပ်ခြင်းကင်းစင်သော လျှပ်စစ်များထုတ်လုပ်ကြရန် နိုင်ငံတိုင်းက သဘောတူထားပြီးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နေရောင်ခြည်စွမ်းအင်များများ ထုတ်လုပ်နိုင်ပါက လောင်စာအတွက် တင်သွင်း နေရသောကုန်ကျစရိတ်များ ရှိမည်မဟုတ်တော့ဘဲ နောင်တွင် လျှပ်စစ်ကားများ၊ ရထားများ အသုံးပြုနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံသားတိုင်းအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲနိုင်ရေးကြိုးပမ်းမှုတွင် ပါဝင်ကြပါရန် ရေးသားလိုက်ရပေသည်။   ။