ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccination Management Information System-VMIS)

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccination Management Information System-VMIS)

မြန်မာနိုင်ငံတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးမည့်သူများအား ကြိုတင်မှတ်ပုံတင်ခြင်း၊ ကာကွယ် ဆေး ထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားထုတ်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုရှိ၊ မရှိ စစ်ဆေးခြင်း စသည့် အချက်များကို  အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ် သတင်းအချက်အလက် စနစ်တစ်ခု အသုံးပြုရန်လိုအပ်နေသည့်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနှင့်နည်းပညာဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccination Management Information System VMIS)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ၌ စတင်သုံးစွဲနိုင်ခဲ့ပါသည်။

VMIS စနစ် ဘယ်လိုအလုပ်လုပ်သလဲ/ဘာတွေလုပ်ပေးလဲ

VMIS ဆိုသည်မှာ အင်တာနက်ပေါ်၌ လွှင့်တင်ထားသည့် Website တစ်ခုဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် နည်းပညာကျွမ်းကျင်ရန်မလိုဘဲ  မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်ရန် ရေးဆွဲထားသည့် စနစ်တစ်ခုဖြစ်ကာ အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးပါသည်။

(၁) ကြိုတင်မှတ်ပုံတင်ခြင်း။ ကာကွယ်ဆေးထိုးနှံကြမည့်သူများ၏အခြေခံအချက်အလက်များဖြစ်သည့် အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ တယ်လီဖုန်းနံပါတ်နှင့် နေထိုင်ရာ လိပ်စာ စသည်တို့ကို အမှားနည်းအောင် စီမံထားသည့် Excel ဖိုင်ဖြင့် ကြိုတင်စာရင်းကောက်ယူပြီး VMIS Database တွင် စာရင်းသွင်းသိမ်းဆည်းပါသည် (လုပ်ငန်း လိုအပ်ချက်အရ ကြိုတင်မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်ပါကလည်း   ပထမအကြိမ်ဆေးထိုးပြီးချိန်၌စာရင်းသွင်းမှတ်တမ်းတင် ခြင်းကို Excel ဖိုင်ပုံစံဖြင့် ပြုလုပ်နိုင်ပါသည်)။

(၂) ကာကွယ်ဆေးထိုးကတ်ပြားထုတ်ပေးခြင်း။ VMIS Database တွင် မှတ်တမ်းသွင်းပြီးသူကို QR Code အပိုင်း(၃)ပိုင်း ပါသည့် ဆေးထိုးမှတ်တမ်း ကတ်ပြားထုတ်ပေးပါသည်။ QR Code (၂)ခုသည် ပထမ အကြိမ်နှင့်ဒုတိယအကြိမ် ဆေးထိုးခြင်းကို မှတ်တမ်း တင်ရန်ဖြစ်ပြီး encrypted (ဝှက်စာ) QR Code (၁)ခုသည် ဆေးထိုးပြီးကြောင်း   အတည်ပြု စိစစ်ရန်ဖြစ်ပါသည်။

(၃) ဆေးထိုးမှတ်တမ်းစာရင်းသွင်းခြင်း။ပထမအကြိမ်၊ ဒုတိယအကြိမ် ဆေးထိုးချိန်၌ ကာကွယ်ဆေးထိုးနှံပြီးသူ တစ်ဦးချင်း၏ မှတ်တမ်းကို မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်(tablet) အသုံးပြုပြီး   QR code scan ဖတ်ခြင်းဖြင့် VMIS စနစ်သို့ တိုက်ရိုက် မှတ်တမ်းသွင်းနိုင်ပါသည်။ ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးပြီးသူတစ်ဦးချင်း၏ အချက်အလက်များကိုလက်ဖြင့် စာရင်း သွင်းခြင်းဝန်အားလျော့နည်းအောင်   စီမံထားခြင်းဖြစ်ပါသည်။

(၄) ကာကွယ်ဆေးထိုးနှံပြီးကြောင်းအတည်ပြုပေးခြင်း။ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုအတွက် ဝင်ပေါက်/ ထွက်ပေါက်များတွင် VMIS Mobile App ဖြင့် ကာကွယ်ဆေးထိုး မှတ်တမ်းပေါ်ရှိ encrypted (ဝှက်စာ) QR Code အား scan ဖတ်ခြင်းဖြင့် မှတ်တမ်းကိုင်ဆောင်ထားသူအား တိုက်ဆိုင်စိစစ်နိုင်သည့်အပြင် မည်သည့်နေ့ရက်၌ မည်သည့်နေရာတွင်  ကာကွယ် ဆေးထိုးနှံထားသည်ကို အတည်ပြုချက်ရယူနိုင်မည်ဖြစ်သည်။ ကတ်ပြားအား မိမိတို့၏လက်ကိုင်ဖုန်းတွင် ဓာတ်ပုံရိုက် သိမ်းထားပြီး လိုအပ်သည့်အချိန်၌ သိမ်းဆည်းထားသည့်ဓာတ်ပုံပေါ်ရှိ QR code ကို scan ဖတ်ကာ ဆေးထိုးပြီးကြောင်း အတည်ပြု စိစစ်နိုင် ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် အင်္ဂလိပ်ဘာသာဖြင့် ဆေးထိုးမှတ်တမ်းများ ထုတ်ပေးရန် ကျန်းမာရေး ဝန်ကြီးဌာနမှ လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍  စတင်ဆောင်ရွက်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(၅)ကာကွယ်ဆေးထိုးလွှမ်းခြုံမှု စာရင်းပြုစုပေးခြင်း။ VMIS စနစ်သည် မြို့နယ်တစ်ခုအတွင်းရှိ ဆေးထိုးစုရပ်များမှ ဆေးထိုး မှတ်တမ်းများကို ပေါင်းစပ်ပေးသည့်အတွက် မြို့နယ်တစ်ခု၏ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုကို (စာရွက်ဖြင့် အစီရင်ခံစာရင်း ပြုစုရန်မလိုဘဲ) VMIS စနစ်မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ  အဆင့်ဆင့်မှ ကြီးကြပ်သိရှိနိုင်ပါသည်။

(၆) ကာကွယ်ဆေးသုံးစွဲမှု စာရင်းပြုစုပေးခြင်း။  ကာကွယ်ဆေးများကို  ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်များမှမြို့နယ်များသို့ ဖြန့်ဝေထားသည့် စာရင်းနှင့်မြို့နယ်အလိုက် ဆေးအသုံးပြုမှုကိုလည်း အချိန်နှင့် တစ်ပြေးညီ မှတ်တမ်းတင်စိစစ်နိုင်သည့်အတွက်           ဆေးလိုအပ်မှု၊ စီမံခန့်ခွဲမှုများကို အချိန်မီ ဆောင်ရွက်နိုင်ပါသည်။

VMIS စနစ်ကို ဘယ်လောက်ထိ အသုံးပြုနေပြီလဲ

VMIS စနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အသုံးပြုလျက်ရှိပြီး အစိုးရအစီအစဉ်ဖြင့် ဝယ်ယူသည့် ကာကွယ်ဆေးများ အတွက် သာမက၊  ပုဂ္ဂလိကအစီအစဉ်၊ တပ်မတော်အစီအစဉ်နှင့် လှူဒါန်းမှုအစီအစဉ်တို့ဖြင့် ဆောင်ရွက်နေသည့် ကာကွယ်ဆေး ထိုးနှံပေးမှု များအားလုံးကို မှတ်တမ်းစာရင်းသွင်းထားပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆေးထိုးအစီအစဉ် အပါအဝင်ဗဟိုအဆင့်တွင်ကြီးကြပ်သူ ၁၇ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကြီးကြပ်သူ ၁၁၃ ဦး၊ ခရိုင်အဆင့်ကြီးကြပ်သူ ၂၂၅ ဦး၊ မြို့နယ်အဆင့် ၁၃၂၀ ဦးနှင့် ဆေးထိုးစုရပ် အသုံးပြုသူ ၃၂၃၈ ဦးရှိပါသည်။

ပတ်သက်ဆက်နွှယ်သူများအားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်တွင် ကိုဗစ်-၁၉ တုံ့ပြန်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် နှီးနွှယ်ဝန်ကြီးဌာန(၅)ခုနှင့် ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံသူများ၏အချက်အလက်များ ကောက်ယူခြင်း၊ စာရင်းဖြည့်သွင်းခြင်း၊ ကာကွယ်ဆေးထိုး ကတ်ပြားများ ထုတ်ပေးခြင်း၊ QR Scan ဖြင့် စာရင်းသွင်းခြင်း  စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိပါက ချက်ချင်းဖြေရှင်းပေးနိုင်ရန် တပ်မတော်(ကြည်း၊ ရေ၊လေ) သတင်းနှင့် နည်းပညာဌာနမှ နည်းပညာရှင်များမှ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုကဲ့သို့ အဘက်ဘက်မှတက်ကြွစွာပါဝင်ဆောင်ရွက်ထားမှုကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ အောက်တိုဘာလကုန်အထိ VMIS စနစ်တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀.၇) သန်းနှင့်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ (၆.၄၃)သန်း၏  အချက်အလက်များ မှတ်တမ်းတင်ပြီး ဆေးထိုးကတ်ပြားများ ထုတ်ပေးပြီးဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ မတိုင်မီကာလက ကာကွယ်ဆေး ထိုးနှံပြီးသူများ၏ အချက်အလက်များကိုလည်း VMIS စနစ်သို့ ဖြည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

VMIS စနစ်က ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ  

အီလက်ထရွန်နစ်အခြေပြု VMIS သတင်းအချက်အလက်စနစ်အသုံးပြုခြင်းဖြင့်-

ကာကွယ်ဆေးထိုးလုပ်ငန်း  ကြိုတင်ပြင်ဆင်မှုအပိုင်းတွင်

(၁)       ကာကွယ်ဆေးထိုးမည့်သူများအား ကြိုတင်မှတ်ပုံတင်ခြင်းဖြင့် ဆေးထိုးမည့်အရေအတွက်ကို ကြိုတင်သိရှိသည့်အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ခြင်းများဖြစ်သည့်  ဆေးလိုအပ်ချက်၊ ဆေးထိုးအစီအစဉ်- နေ့ရက်၊ လူအင်အား၊   ဆေးထိုးစုရပ်များကို ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ခြင်း

(၂)        ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည့်သူအရေအတွက်ကို အလွယ်တကူသိရှိပြီး ကြိုတင်စီစဉ်မှုများ ပြုလုပ်နိုင်ခြင်း ကာကွယ်ဆေးထိုးလုပ်ငန်း   စီမံခန့်ခွဲမှုအပိုင်းတွင်

(၃)       ဦးတည်အုပ်စု/အသက်အုပ်စုအလိုက် ကာကွယ်ဆေးထိုးပြီးသူ ဦးရေကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်   စသည့်အဆင့်ဆင့်သော ကြီးကြပ်သူများမှ အချိန်နှင့်တစ်ပြေးညီ အလွယ်တကူကြီးကြပ်နိုင်ခြင်း

(၄)       ကာကွယ်ဆေး   ဖြန့်ဝေထားရှိမှုနှင့် အသုံးပြုမှုကို မြို့နယ်အလိုက် စိစစ်ကြီးကြပ်နိုင်ခြင်း  ဆေးပျက်စီးမှု/လေလွင့်မှုနည်း အောင် အဆင့်ဆင့် စိစစ်ကြီးကြပ်နိုင်ခြင်းဆေးထိုးလွှမ်းခြုံမှုဆိုင်ရာ  ညွှန်ကိန်းများထုတ်ပြန်ခြင်း

(၅)       တစ်နိုင်ငံလုံး   အတိုင်းအတာဖြင့် ဆောင်ရွက်ထားရှိမှု   အားလုံးကို သတင်းအချက်အလက်စနစ် တစ်ခုတည်းအသုံးပြုပြီး မှတ်တမ်းများကိုတစ်နေရာတည်းတွင် စုစည်းထားနိုင်သည့်အတွက် နိုင်ငံကိုယ်စားပြု ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ နိုင်ငံတကာ သတ်မှတ်ညွှန်ကိန်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ခြင်းကာကွယ်ဆေးထိုးနှံသူများအနေဖြင့်

(၆)       ကာကွယ်ဆေးထိုးနှံသူ တစ်ဦးချင်းစီအတွက် ဆေးထိုးမှတ်တမ်းကတ်ပြား ထုတ်ပေးထားသည့်အတွက် ကာကွယ်ဆေးထိုး ရမည့် နေ့ရက်၊ စုရပ်ကို သိရှိပြီး အချိန်မီ အကြိမ်ပြည့်ဆေးထိုး နိုင်ခြင်း

(၇)       ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုအတွက် ဆေးထိုးပြီးကြောင်း သက်သေခံမှတ်တမ်းအနေဖြင့် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။

နိုင်ငံတကာအသိအမှတ်ပြုမှု        

VMIS စနစ်၏တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်ခြင်း၊ ဆက်နွှယ်ဝန်ကြီးဌာနများနှင့် ပရဟိတများမှပါဝင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအား အထောက်အကူပြုနိုင်ခြင်း၊ ဆေးထိုး ကတ်ပြားများ ထုတ်ပေးနိုင်ပြီး QR code ဖတ်ခြင်းဖြင့် ဆေးထိုး စာရင်းသွင်းခြင်းနှင့် ဆေးထိုးပြီးကြောင်း စိစစ်အတည်ပြုနိုင်ခြင်း၊ ရှေ့ကာလတွင်ဆောင်ရွက်မည့်လုပ်ငန်းများအတွက်  အခြေခံဖြစ် နိုင်ခြေရှိခြင်း စသည့်အကျိုးများကြောင့် Asian Oceanian Computing Industry Organization (ASOCIO) အာရှနှင့်သမုဒ္ဒရာ ဒေသရှိနိုင်ငံပေါင်း (၂၄)နိုင်ငံ ကိုယ်စားပြု IT Industry အဖွဲ့အစည်းကြီးမှ ကျင်းပသည့် 2021 ASOCIO Award မှ Digital Government Award အမျိုးအစားဖြင့် မှတ်ကျောက်တင် အသိအမှတ်ပြုခံရပါသည်။

VMIS စနစ်ဖြစ်တည်ရေးနှင့်လည်ပတ်ရေးအတွက် အဘက်ဘက်မှ ဉာဏအား၊ လူအား၊ ငွေအား စသဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပံ့ပိုး ပေးသူအားလုံးကိုမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ထို့ပြင် VMIS စနစ်သည် တစ်နိုင်ငံလုံးရှိ ကာကွယ်ဆေးထိုးနှံသူများ၏ အခြေခံအချက်အလက်များကို စုစည်းပေးထားသည့် ပထမဆုံး သော စနစ်တစ်ခုဖြစ်သည့်အတွက် နောင်တွင် ဆက်လက်ဆောင်ရွက်မည့် e-Government ဆိုင်ရာလုပ်ငန်းများနှင့်  ဒစ်ဂျစ်တယ် ကျန်းမာရေး သတင်းအချက်အလက်စနစ်အတွက်  အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။    ။ 

 

 ဒေါက်တာစန်းဟုန်

(ကျန်းမာရေးသတင်းအချက်အလက်)