ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍသုံးရပ် ဖြစ်သည့် ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေ တိုးတက်စေရေးကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍတို့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလေးထား ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  အကောင်အထည် ဖော်ဆောင် ရွက်နေသည့် အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး ကျေးလက်နေပြည်သူများ ပိုမိုသိရှိစေရန်အတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရတဲ့ အပိုင်း ဦးစွာသိချင်ပါတယ်။

ဖြေ။ ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ အဓိက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းတာဝန်သုံးရပ် ကဏ္ဍကြီး သုံးရပ်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ပထမကဏ္ဍကတော့ ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုသည်မှာ ရေရရှိရေးပါတယ်။ မဟာ ဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသမီးလင်းရေးပါတယ်။ ကုန်ထုတ်လမ်း တံတားလုပ်ငန်းတွေပါတယ်။ ကျေးလက်အိမ်ရာတွေပါပါတယ်။ ဒုတိယကဏ္ဍကတော့ ကျေးလက်အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးရေးဖြစ်ပါတယ်။ ကျေးလက်အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးရေးမှာ မြစိမ်းရောင်စီမံကိန်းတွေပါတယ်။ ကျေးလက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းကျောင်းတွေ ပါပါတယ်။ နောက်ကဏ္ဍတစ်ခုကတော့ လူထုဗဟိုပြုပုံစံနဲ့ ကျေးရွာဖွံ့ဖြိုးရေးကို ဆောင်ရွက်ရင်းနဲ့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျေးလက်နေပြည်သူတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင် ရေးတွေကို ဆောင်ရွက်တာပါ။ လူထုဗဟိုပြုစီမံကိန်းလိုဟာမျိုးတွေ၊ အနောက်ပိုင်းဒေသ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုးတွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ အဓိက ဒီအပိုင်းကြီးသုံးပိုင်းနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရတဲ့နေရာမှာ အဓိကလိုအပ်တဲ့ အခြေခံ အချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအနေနဲ့ပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရမှာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ သူတို့အတွက် အရင်းအနှီးတွေဖွံ့ဖြိုးဖို့လိုတယ်။ ငွေကြေးတွေရှိဖို့လိုတယ်။ ဒီသုံးခုစလုံးကို ဟန်ချက်ညီညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ သူတို့အတွက် လိုတဲ့ငွေကြေး အရင်းအနှီးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းကနေပြီး ဆောင်ရွက်ပေးပါတယ်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းက ငွေပေးနိုင်တာက ဒီနှစ်မှာ စိုက်ပျိုးရေးကဏ္ဍ အိမ်ထောင်စုပေါင်း ခြောက်သိန်းကျော်အတွက် ရန်ပုံငွေချေးငွေ ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ မွေးမြူရေး ကဏ္ဍ အိမ်ထောင်စုပေါင်း သုံးသိန်းကျော်အတွက်  ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ ရေလုပ်ငန်းဆိုရင် သုံးသောင်းကျော်၊ ကုန်ထုတ် လုပ်ငန်း ရှစ်ထောင်ကျော်၊  အရောင်းအဝယ်လုပ်ငန်းပေါင်း တစ်သိန်းကျော်နဲ့ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်း လေးသောင်း ကျော်လောက်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ကဏ္ဍအလိုက်သိချင်ပါတယ်။

ဖြေ။ ။ အဓိကကဏ္ဍကြီး သုံးရပ်ရှိပါတယ်။ ပထမဆုံးအနေနဲ့ အခြေခံအဆောက်အဦကနေစပြီး ပြောချင်ပါတယ်။ ဒီနှစ်မှာ ကျေးလက်ရေရရှိရေးကို ကျေးရွာပေါင်း ၃၀၀၀ ကျော်မှာဆောင်ရွက်ခဲ့ပါတယ်။ ကုလသမဂ္ဂက ချမှတ်ထားတဲ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့အညီ ကျေးလက်ဒေသတွေမှာ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ လုပ်ငန်းပေါင်း ၃၂၇၁ ခုကို ဘီလီယံ ၅၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်တဲ့အခါမှာ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးလင်းရေးလိုအပ်ချက်ရှိတဲ့အတွက် မဟာဓာတ်အားလိုင်း ချိတ်ဆက်မှုကို တော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်ပြီး ကျွန်တော်တို့က မဟာဓာတ်အားလိုင်းပြင်ပ ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုလာနဲ့ ဆောင်ရွက်တာရှိတယ်။ ဒါကိုတော့ ကျေးရွာပေါင်း  ၈၆၉  ရွာမှာ  လုပ်ငန်းပေါင်း လေးသောင်းခြောက်ထောင်ကျော်ကို ဆောင်ရွက် ပေးခဲ့ပါတယ်။ ကျေးရွာကထွက်လာတဲ့ ထုတ်ကုန်တွေ ဥပမာ-စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးထုတ်ကုန်တွေ ဈေးကွက်ကို အချိန်မီရောက်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသက်မွေးဝမ်းကျောင်းနဲ့ မိသားစုဝင်ငွေတိုးပွားရေး၊ ဈေးကွက် ချိတ်ဆက်မှုတွေ ပါကောင်းမှာ ဖြစ်တဲ့အတွက် ကျေးလက်ကုန်ထုတ်လမ်းနဲ့ ကျေးလက် တံတားတည်ဆောက်ရေးတွေကို ဆောင်ရွက်ပါတယ်။ ဒီနှစ်မှာ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၈၂၄ မိုင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကုန်ထုတ်တံတားပေါင်း ၁၁၉၇ စင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အလားတူ သဘာဝဘေးဒဏ်ကျရောက်တဲ့ဒေသတွေမှာ ကျေးလက်နေပြည်သူတွေအနေနဲ့ အိမ်ရာဆုံးရှုံးမှုတွေရှိပါတယ်။ သဘာဝ ဘေးဒဏ်ကျရောက်တဲ့နေရာတွေမှာလည်း ကျေးလက်အိမ်ရာပေါင်း ၅၈၅ လုံးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါကတော့ အခြေခံအဆောက်အဦနဲ့ဆိုင်တဲ့ ဆောင်ရွက်နိုင်တဲ့ ဆောင်ရွက်ပေးချက်ဖြစ်ပါတယ်။ ဒုတိယကဏ္ဍက အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ ပထမဦးဆုံး မြစိမ်းရောင်စီမံကိန်းနဲ့ ဆောင်ရွက်ပါတယ်။ မြစိမ်းရောင်စီမံကိန်း ကျေးရွာတစ်ရွာကို နိုင်ငံတော်ကငွေကျပ်သိန်း ၃၀၀ မတည်ပေးပြီး မတည်ပေးတဲ့ ရန်ပုံငွေကို ကျေးရွာသူ/ကျေးရွာသားတွေက အများသဘောတူ တင်မြှောက် လိုက်တဲ့ ရွာကော်မတီက စီမံခန့်ခွဲပြီး အိမ်ထောင်စုတွေကို ထုတ်ချေးတာပါ။ ဒီနှစ်မှာ မြစိမ်းရောင် ကျေးရွာပေါင်း ၄၀၀ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြစိမ်းရောင်စီမံကိန်းသည် နှစ်စဉ်လည်ပတ်နေတဲ့ အရင်းပပျောက်မတည်ရန်ပုံငွေဖြစ်တဲ့အတွက် ဒီနှစ်မှာ ပေါင်းလိုက်တဲ့ ထပ်တိုးလေးရွာနဲ့ဆိုရင် ဒီနှစ်ထဲမှာ ကျေးရွာပေါင်း ၁၂၀၈၄ ရွာစီမံခန့်ခွဲရတာဖြစ်ပါတယ်။ နောက်ထပ်  စီမံကိန်းတစ်ခုကတော့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းလို့ခေါ်တဲ့  VDP  စီမံကိန်းဖြစ်ပါတယ်။ ဒါကတော့ ကျေးရွာတစ်ရွာကို သိန်း ၁၀၀ မတည်ပေးပြီးတော့ ကျေးရွာက သူတို့ရွာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းဘာလုပ်မလဲ   လိုတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းကို သူတို့အများ ဆန္ဒနဲ့ဖော်ထုတ်ပြီးတော့ဖွံ့ဖြိုးရေးလုပ်ငန်းကို   ရွာသူ/ရွာသားတွေကပဲ အကောင်အထည်ဖော်ကြတာပါ။ အဲဒီအတွက် ရန်ပုံငွေကို ဦးစီးဌာနက သိန်း ၁၀၀ နဲ့မတည်ပေးပါတယ်။ ဒါကိုလည်း ကျေးရွာပေါင်း ၃၅၀၃ ရွာမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးလက်နေ ပြည်သူတွေက လိုအပ်တဲ့ ငွေကြေးအရင်းအနှီးတွေရလာပြီးရင် သူတို့အတွက်လိုအပ်တာက နည်းပညာပိုင်း လိုအပ်ပါတယ်။ ဒါကြောင့် ဆက်စပ်ဌာနတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန စသည်ဖြင့် ဆက်စပ်ဌာနတွေနဲ့ပူးပေါင်းပြီးတော့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းတွေလည်း ဖွင့်လှစ်ပေးခဲ့ ပါတယ်။ အသက် မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းပေါင်း ၇၀၈ ကြိမ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ တတိယကဏ္ဍဖြစ်တဲ့ ကျေးရွာတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်တဲ့အခါမှာ သင်တန်းပေးရုံနဲ့လုံလောက်တာမဟုတ်ပါဘူး။ လုပ်ရင်းနဲ့ပဲ ကျေးရွာသူ/ကျေးရွာသားတွေနဲ့ သင်ယူမယ်၊ သင်ယူရင်းနဲ့ လုပ်ငန်းတွေဆောင်ရွက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားပါတယ်။ ဒီနှစ်မှာဆိုရင်  လူထုဗဟိုပြုစီမံကိန်းကို မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စုတွေအားလုံးမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက် ခဲ့ပါတယ်။ နောက်အနောက်တိုင်းဒေသစိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆက်စပ်ဦးစီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ မြို့နယ် လေးမြို့နယ်မှာရှိတဲ့ တောင်သူတွေရဲ့ စီးပွားရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။  တစ်နိုင်ငံလုံးအနေနဲ့ခြုံပြောရရင်   ဒီနှစ်မှာ   ကျေးရွာပေါင်း တစ်သောင်းလောက်ကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်။ ကုန်ကျငွေပေါင်းကတော့ သန်း ၂၅၉ ဘီလီယံနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ လာမည့်ဘဏ္ဍာနှစ်မှာ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သိပါရစေ။

ဖြေ။ ။ လာမည့်ဘဏ္ဍာနှစ်က ခြောက်လဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခြောက်လဆောင်ရွက်မယ့်  အထဲတွင်ကျေးရွာ ရေရရှိရေး အတွက် ကျေးလက်ရေရရှိရေး ကျေးရွာပေါင်း ၇၂၅ ရွာမှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးလက်မီးလင်းရေးအတွက် အိမ်ခြေပေါင်း ၂၃၀၀၀ ကျော်ဆောင်ရွက်ရန်အတွက် မှန်းထားပါတယ်။ ကျေးရွာအနေနဲ့ ကျေးရွာပေါင်း ၃၇၀ ကျော်လောက်ရှိပါတယ်။ ကျေးလက် ကုန်ထုတ်လမ်း လာမည့်ဘဏ္ဍာနှစ်မှာ ၂၄၅ မိုင်ဆောင်ရွက်ပြီးတော့ ကျေးလက် တံတားကို ၃၂၉ စင်းဆောင်ရွက်ပါမယ်။ အသက်မွေး ဝမ်းကျောင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို နောက်ထပ် ကျေးရွာ ၂၀၀ မှာ ထပ် တိုးပြီးဆောင်ရွက်မှာပါ။  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၁၁၀၀ လောက်ကို တိုးချဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးလက်အိမ်ရာကိုတော့ အလုံး ၁၂၇ လုံးလောက်ဆောင်ရွက်မယ်လို့ မျှော်မှန်းထားပါတယ်။ တစ်ဆက်တည်းမှာပဲ ကျေးလက်ဒေသ အသေးစား၊ အလတ်စား ဖွံ့ဖြိုးရေး တွေအတွက် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းပေါင်း ၃၃၄ ကြိမ်လောက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေ ကိုယ့်အား ကိုယ်ကိုးပြီး လူထုဗဟိုပြုစီမံကိန်းကို မြို့နယ်ပေါင်း ၁၆ မြို့နယ်လောက်မှာ ဆက်ပြီးဆောင်ရွက်ဖို့လျာထား ထားတာရှိပါတယ်။  စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေကိုလည်း အကြိမ်ရေ  ၁၂၀  လောက် တိုးမြှင့်ဆောင်ရွက်ဖို့  လျာထား  ထားပါတယ်။ စုစုပေါင်းအားဖြင့် ခန့်မှန်းကျေးရွာပေါင်း ၂၀၀၀ ကျော်လောက်မှာ   နိုင်ငံတော်ရန်ပုံငွေ ကျပ်သန်း  ၆၅ ဘီလီယံလောက်နဲ့ဆောင်ရွက်ဖို့  လျာထား  ထားပါတယ်။

မေး။ ။ ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသတွေကို ဘယ်လိုရွေးချယ် ဆောင်ရွက်တယ်ဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စီမံကိန်းကျေးရွာတွေ၊ စီမံကိန်းလုပ်ငန်းတွေကို ရွေးချယ်တဲ့ နေရာမှာ စနစ်တကျ ရွေးချယ်ဖို့ လိုပါတယ်။ ဦးစီးဌာနအနေနဲ့ မဟာဗျူဟာ မူဘောင် ငါးရပ်နဲ့အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ  ပထမဆုံးမဟာဗျူဟာက ဦးစားပေး ဦးတည်အုပ်စု တွေကိုရွေးချယ်တယ်။ ဦးစားပေးလုပ်ငန်းများကို ရွေးချယ်ပါတယ်။ ဒီမဟာဗျူဟာနဲ့အညီ လုပ်ငန်းတွေကို ရွေးချယ်ပါတယ်။ လုပ်ငန်းတွေရွေးချယ်တဲ့နေရာမှာ   လုပ်ငန်းတစ်ခုချင်းပေါ်မူတည်ပြီး ရွေးချယ်မှုတွေကတော့ ပြောင်းလဲသွားတတ်ပါတယ်။ သို့သော် လည်း  အဓိကကျွန်တော်တို့ ရွေးချယ်တဲ့ ညွှန်းကိန်းတွေကတော့  ဆင်းရဲတဲ့ကျေးရွာတွေဖြစ်ရမယ်။  အမှန်တကယ်ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို လိုအပ်တဲ့ကျေးရွာမျိုးဖြစ်ရပါမယ်။ အရေးအကြီးဆုံးအချက်ကတော့ ကျေးရွာသူ/ကျေးရွာသားတွေ  စိတ်အား ထက်သန် ရမယ်၊ စည်းလုံးညီညွတ်မှုရှိတဲ့ ကျေးရွာတွေဖြစ်ဖို့လိုပါတယ်။ စီမံကိန်းလုပ်ငန်းတွေ မထပ်နေစေဖို့  ကိုယ်လုပ်မယ့် လုပ်ငန်းတွေက တခြားဌာနတွေ ရန်ပုံငွေတွေနဲ့ ဆောင်ရွက်ထားခြင်းမရှိတဲ့ ကျေးရွာမျိုးဖြစ်ရပါမယ်။ စိုက်ပျိုးမွေးမြူရေး အလား အလာရှိတဲ့ ကျေးရွာတွေကို ကျွန်တော်တို့ မူဘောင်တွေနဲ့အညီ ရွေးချယ်ရပါတယ်။    

မေး။ ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဘယ်လိုမဟာဗျူဟာ အစီအစဉ် တွေနဲ့  ဆောင်ရွက်တယ်ဆိုတာသိချင်ပါတယ်။

ဖြေ။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းကို သွားတဲ့အခါမှာ ကဏ္ဍအလိုက်သွားရပါတယ်။ ဥပမာ- ကျေးလက်ရေရရှိရေးလုပ်ငန်းဆိုရင်  ထောင်စု နှစ်ရည်မှန်းချက်တွေကို ပြည့်မီအောင်လုပ်ရတာပေါ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ပေါ့။ ကဏ္ဍအလိုက်သွားတဲ့အခါမှာ ရေပေးရေး ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာဆိုရင် တစ်နိုင်ငံလုံးမှာ  ကျေးရွာအားလုံးရေရရမယ်။  အဲ့လိုဆိုရင် လက်ရှိဘယ်လောက်ထိရှိနေပြီလဲ။ နောင် ၁၅ နှစ်အတွင်းမှာ နှစ်အလိုက်ဘယ်လိုလုပ်မလဲဆိုတာကို ကဏ္ဍအလိုက် မဟာဗျူဟာတွေ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေဆွဲရပါတယ်။ အဲလိုဆွဲပြီးသွားရတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့လွှမ်းခြုံပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုသွားမလဲဆိုရင်  ၂၀၁၃  လောက်ကနေစပြီး  မြန်မာနိုင်ငံအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူပေါင်းစုံကို ပြည်တွင်း/ပြည်ပ ပညာရှင်တွေ နဲ့ တိုင်ပင်ပြီး ဆွဲခဲ့တာရှိပါတယ်။ အဲဒီမှာပါတဲ့ လုပ်ငန်းစဉ်တွေအတိုင်း နောက်နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကဏ္ဍအလိုက်သွားနေတာဖြစ်ပါတယ်။ နှစ်စဉ်ဘယ်လိုသွားသလဲ အကျဉ်းချုံးပြောရမယ်ဆိုရင် ရေးဆွဲထားတဲ့  မဟာဗျူဟာတွေ၊  ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေနဲ့ နိုင်ငံတော်ရဲ့ ရနိုင်တဲ့ဘတ်ဂျက်အပေါ်အခြေခံပြီး သွားရပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဦးစီးဌာနက ဒီလိုမဟာဗျူဟာအစီအစဉ်တွေနဲ့ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကျေးလက်နေ ပြည်သူများကို ဘာများအသိပေးပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဆောင်ရွက်တဲ့နည်းလမ်းက ပြည်သူဗဟိုပြုတဲ့ နည်းလမ်းကို သုံးပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာမှာအသုံးပြုနေတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ ဆောင်ရွက်မှု နည်းလမ်းဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အမှန်တကယ်ဆောင်ရွက်တဲ့သူတွေက ပြည်သူတွေဖြစ်ပြီး အကျိုးခံစားရတာ လည်း ပြည်သူတွေဖြစ်ပါတယ်။ ဦးစီးဌာနကဝန်ထမ်းတွေအနေနဲ့ကတော့ စီမံကိန်းလုပ်ငန်းတွေအောင်မြင်စေဖို့၊ ပြည်သူတွေ ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို အောင်မြင်စေဖို့ ထိန်းကျောင်းပေးတယ်၊ တည့်မတ်ပေးတယ်၊ သင်ကြားလေ့ကျင့်ပေးတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ သွားရတာဖြစ်ပါတယ်။ ပြည်သူဟာ အရေးကြီးတာဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ ပြည်သူ တွေအနေနဲ့ အထူးသဖြင့် ကျေးလက်နေပြည်သူတွေအနေနဲ့  ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။    ။

ဇော်မျိုး(မြဝတီ)