စိုက်ပျိုးမွေးမြူ လုပ်ငန်းများ တိုးတက်အောင်မြင်ရေး

စိုက်ပျိုးမွေးမြူ လုပ်ငန်းများ တိုးတက်အောင်မြင်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  နိုဝင်ဘာ  ၆ ရက်)

မြန်မာလူမျိုးများနှင့် စိုက်ပျိုးမွေးမြူရေးသည် လွန်စွာရင်းနှီးသော လုပ်ငန်းဖြစ်သည်။ ရှေးအစဉ်အဆက်ကပင် မြန်မာတို့သည်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် လူသားတို့အသက်ရှည် ကျန်းမာနေထိုင်ရေးအတွက် အစာအာဟာရဖြည့်စွမ်း ပေးသော လုပ်ငန်းရပ်လည်းဖြစ်သည်။ ကျေးဇူးတင်စကား ဆိုရမည်ဆိုလျှင် လယ်ယာစိုက်ပျိုးသူ တောင်သူလယ်သမား ဦးကြီးများကြောင့် မိမိတို့နေ့စဉ် ထမင်းစားနေကြသည်။ ထို့အတူ မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်သူများကြောင့် မိမိတို့အသားငါး ဟင်းလျာမျိုးစုံစွာ စားသောက်နေကြရသည်။

ထို့ကြောင့် ထိုသူများအားလုံးကို ကျေးဇူးတင်ထိုက်လှပေသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်ရာဖြစ်သည့် အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါကြွယ်ဝပြီး စပါးဆန်ရေ တိုးတက်လျှင် တိုးတက်သလိုအလှူကြီး အတန်းကြီးပေးလှူကြမြဲဖြစ်သည်။

စည်သံဗြောသံတညံညံနှင့် ကြည်နူးစရာကောင်းလှသည့် ရွှေနိုင်ငံဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်မှစ၍ ဗြောစည်သံများ ရပ်တန့်သွားခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက်ဆွမ်းကိစ္စရပ်များ ခက်ခဲသွားသည်။ ဘုရားစေတီပုထိုးများ ဖူးမြော်ခွင့်လည်း ရပ်တန့်သွားခဲ့သည်။

ထိုအခက်အခဲများ ပြေလည်စေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို စဉ်ဆက်မပြတ် လှူဒါန်းမှုပြုခဲ့ကြသည်။ အလှူရှင်များ ကုသိုလ်တိုးပွား ရရှိသလို လှူဖွယ်ပစ္စည်းများကို ထုတ်လုပ်သူများသည်လည်း ကုသိုလ်ရကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားစေတီများ ဖူးမြော်ခွင့်လည်း ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်ခွင့်ပြုခဲ့သည့် အတွက် သီတင်းကျွတ်ရုံး ပိတ်ရက်က စည်ကားများပြား မြင်ကွင်းများသည်ကြည်နူးဖွယ် အတိဖြစ်ပေသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ ၅ ရာခိုင်နှုန်းအောက် ကျဆင်းနေပြီဖြစ်၍ ရပ်နားထားခဲ့ရသော ယန္တရားမျိုးစုံကို ပြန်လည် လည်ပတ်နိုင်ပြီဖြစ်သည်။ မကြာမီ အချိန်ကာလအတွင်း နိုင်ငံ၏ စီးပွားရေးသည်လည်း ပြန်လည်ဦးမော့ လာတော့မည်ဖြစ်သည်။ စီးပွားရေးဟု ဆိုရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက်အောင်မြင်ရန် လိုအပ်သည်။ ယခုနှစ်မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက် ပိုမိုများပြားပြီး မိုးရွာသွန်းမှု အားကောင်းခဲ့သည်။ မြန်မာနိုင်ငံရှိ ဆည်ပေါင်း ၂၅ဝ တွင် ဆည် ၃၁ ဆည်မှာ ယခင်နှစ်ထက် ရေဝင်ရောက်မှု စံချိန်ထက်ကျော်လွန်နေပြီး ဆည်ပေါင်း ၁၇၄ ဆည်မှာ ကာလတူနှင့်နှိုင်းယှဉ်လျှင် ပိုနေသည်။ ကျန်သော ၄၅ ဆည်သာ အနည်းငယ် လျော့နည်းနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှု ၁၅ သန်းရှိပေရာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပေသည်။ မိုးစပါးပြီးလျှင် နွေစပါး စိုက်ပျိုးရန်အတွက်ဆည်ရေများ လုံလောက်မှုရှိနေသည်။ ယခုနှစ်မှာ မိုးရွာသွန်းမှုများသော်လည်း ထိုမိုးကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းနေရာ အချို့တွင် ရေကြီးသည်က လွဲ၍ သဘာဝဘေးအန္တရာယ်ကြီးကြီးမားမား မဖြစ်ခဲ့ပါ။ မြန်မာနိုင်ငံသည ်ရေခံမြေခံကောင်းမွန်သည့် ဒေသဖြစ်သည်နှင့်အညီ ပြည်သူများအတွက် စားရေရိက္ခာ လုံလောက်မှုရှိသည့်အပြင် ပြည်ပသို့ပင် တင်ပို့ရောင်းချနိုင်သည့် အနေအထားဖြစ်သည်။ ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရရှိရန်မှာ ထုတ်လုပ်သော ပစ္စည်းသည် သတ်မှတ် အဆင့်အတန်းမီ အဆင့်မြင့်ဖြစ်ရန် လိုသည်။ ထို့ကြောင့် လိုအပ်လာသည်မှာ နည်းပညာဖွံ့ဖြိုး တိုးတက်ရေးဖြစ်သည်။ စိုက်ပျိုးရေးတွင် အဓိကမှာ မြေအရည်အသွေး နိမ့်ကျမှုမရှိစေရန် စိုက်ပျိုးရေးပညာရှင်များ နည်းပညာ အကူအညီကို ရယူဆောင်ရွက်ကြရန် လိုအပ်သည်။ ရေဓာတ်၊ မြေဓာတ်သည် သီးနှံများအတွက် အရေးပါသော အဆီအနှစ် အစိတ်အပိုင်းဖြစ်ပေသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး အတွင်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှာကြားစဉ် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ ''မိမိတို့အနေဖြင့်နိုင်ငံအတွင်း  ဓာတ်မြေသြဇာ           လုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက ရှိသော်လည်း လိုအပ်ချက်ပြည့်မီမှု မရှိသေးသဖြင့် သဘာဝဓာတ်မြေသြဇာများ၊ အီးအမ်ဘိုကာရှီများ အသုံးပြုနိုင်ရေး အစိုးရမှ ဦးဆောင်၍ ကျေးလက်ဒေသများအထိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ မွေးမြူနည်းစနစ်မှ နည်းပညာ အထောက်အကူရယူ၍ အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း'' ထည့်သွင်း မှာကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် စိုက်ပျိုးမွေးမြူရေး တိုးတက်အောင်မြင်ရေးကို မိမိတို့တတ်စွမ်းသည့် ဘက်မှ ပါဝင်ဆောင်ရွက်ကြပါရန် ရေးသား လိုက်ရပေသည်။  ။