အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား သဘောထား ကွဲလွဲမှုများ ထွက်ပေါ်လာစေနိုင်သည့် နျူကလီးယား လက်နက်အင်အား တိုးချဲ့မှု
တရုတ်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်အင်အား တိုးချဲ့လျက်ရှိသည်ဟူသော အမေရိကန်၏ အစီရင်ခံစာသည် အကျိုးအကြောင်းမှန်အပေါ် အခြေခံထားခြင်းမရှိဘဲ ထင်မြင်ယူဆချက်အရသာ ပြောဆိုခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာ ၄ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။
ထို့ပြင် အမေရိကန်၏ အဆိုပါထုတ်ပြန်ချက်သည် ချဲ့ကားထားခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ဆက်လက်ပြောဆိုထားသည်။
တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက်အင်အားသည် အလျင်အမြန်ကြီးထွားလာပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကွာဟမှုကို ပိုမိုကျဉ်းမြောင်းလာစေသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပြီးနောက် တရုတ်အစိုးရ၏ တုံ့ပြန်ပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက်အင်အား ကြီးထွားလာပြီး ၂ဝ၂၇ ခုနှစ်တွင် ဒုံးကျည်များ၌ တပ်ဆင်ပစ်ခတ်နိုင်သည့် နျူကလီးယား ထိပ်ဖူး ၇ဝဝ ခန့်ကို ပိုင်ဆိုင်မည့် အလားအလာရှိကြောင်း ပင်တဂွန်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ နျူကလီးယားထိပ်ဖူး အရေအတွက်မှာ ၂ဝ၃ဝ ပြည့်နှစ်ခန့်တွင် ၁ဝဝဝ ခန့်အထိ မြင့်တက်လာနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယား လက်နက်အင်အားကို ခန့်မှန်းထားသည်ထက် လျင်မြန်စွာ ချဲ့ထွင်နေကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
တရုတ်အစိုးရသည် မြေပြင်၊ ရေပြင်၊ ရေအောက်နှင့် ဝေဟင်တို့မှ ပစ်လွှတ်နိုင်သည့် နျူကလီးယားလက်နက်များ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံလျက် ရှိပြီး နျူကလီးယားတပ်ဖွဲ့အတွက် လိုအပ်မည့် အခြေခံ အဆောက်အအုံများကိုလည်း တည်ဆောက်လျက် ရှိသည်ဟု အမေရိကန်က ဆိုထားသည်။
အလားတူ တရုတ်နိုင်ငံသည် နျူကလီးယားလက်နက် နိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ ရုရှားတို့ကဲ့သို့ပင် နျူကလီးယား လက်နက်ကို မြေပြင်၊ ရေပြင်၊ ရေအောက်နှင့် ဝေဟင်တို့မှ ပစ်လွှတ်နိုင်သော နျူကလီးယားလက်နက် နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း ကွန်ဂရက်သို့တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါပြောဆိုချက်ကို တရုတ်ကငြင်းဆိုထားပြီး တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ခြိမ်းခြောက်မှုကို အမေရိကန်က ချဲ့ကားပြောဆိုနေသည်ဟု တုံ့ပြန်ထားသည်။
တရုတ်နိုင်ငံသည် တခြားနျူကလီးယား လက်နက်နိုင်ငံ တစ်နိုင်ငံအား အကြောင်းမဲ့ တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း မရှိဘဲ အထူးသဖြင့် နျူကလီးယားလက်နက်ကို အမေရိကန်အား တားဆီးရန်အတွက် တားဆီးရေး လက်နက်တစ်ခုအဖြစ်သာ ထိန်းသိမ်းထားလိုကြောင်း အမေရိကန်ကဆိုသည်။ အမေရိကန်စစ်ဘက်သည် ယခင်ကလည်း တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက်အင်အားနှင့် စပ်လျဉ်း၍ အစီရင်ခံစာ ထုတ်ပြန်လေ့ရှိသည်။
အလားတူပင် ဘက်မလိုက် သုတေသီများကလည်း တရုတ်နိုင်ငံ အနောက်ပိုင်း၌ တည်ဆောက်ထားသည့် နျူကလီးယား လက်နက်သိုလှောင်ရုံသစ်များ၏ ပုံရိပ်များကို ဂြိုဟ်တုမှ ဖမ်းယူရိုက်ကူးနိုင်ခဲ့ပြီးနောက် ထုတ်ဖော်ပြသခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် နျူကလီးယား လက်နက်အင်အားတိုးချဲ့မှု အရှိန်အဟုန်သည် အမေရိကန်အတွက် စိုးရိမ်ဖွယ်ကောင်းကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆိုထားခြင်းဖြစ်သည်။ အဆိုပါ နျူကလီးယားလက်နက်အင်အား တိုးချဲ့နေခြင်းသည် အမေရိကန်တို့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။
တရုတ်နိုင်ငံသည် အမေရိကန်၏ အနာဂတ်လုံခြုံရေးအတွက် အဓိကစိုးရိမ်စရာ တစ်ရပ်အဖြစ် ပင်တဂွန်က ကြေညာထားသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရသည် ၂ဝ၄၉ ခုနှစ်ခန့်တွင် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ကမ္ဘာ့အဆင့်တပ်ဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ၎င်းတို့၏ လေတပ်အင်အား၊ အာကာသ တပ်ဖွဲ့နှင့် ရေတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို တိုးချဲ့နေသည်။ အဓိက ရည်ရွယ်ချက်မှာနိုင်ငံ၏ စစ်ရေးအင်အားကို ကမ္ဘာတစ်ဝန်းလုံး၌ ဖြန့်ကြက်ရန်ဖြစ်သည်။ လက်ရှိတွင် အမေရိကန်က ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏တပ်များကို ကမ္ဘာ့နိုင်ငံ အများအပြား၌ ဖြန့်ကြက်လျက်ရှိသည်။ ထို့ကြောင့် တရုတ်၏ အင်အားကြီးထွားလာခြင်းသည် နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်ဟု အမေရိကန်က ရှုမြင်နေခြင်းဖြစ်သည်။
အမေရိကန်နှင့်တရုတ်တို့ကြား ဖြစ်ပွားနေသည့် ပြိုင်ဆိုင်မှုများသည် တစ်ခါတစ်ရံတွင် စိုးရိမ်ဖွယ်ရာ အခြေအနေများကို ဖန်တီးလေ့ရှိသည်။ အထူးသဖြင့် တရုတ်(တိုင်ပေ)သို့ အမေရိကန်က စစ်လက်နက် ပစ္စည်းများ ရောင်းချပေးခြင်းကြောင့်ဖြစ်သည်။ တရုတ်(တိုင်ပေ)သည် နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု တရုတ်အစိုးရက ယခင်ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယင်းအချက်ကို အမေရိကန်ကလည်း လက်ခံထားသည်။ ထိုသို့လက်ခံထားသည့်ကြားမှ တရုတ်(တိုင်ပေ)သို့ စစ်လက်နက်များ ရောင်းချပေးနေခြင်းသည် တရုတ်နိုင်ငံကို ဆန့်ကျင်နေခြင်းဖြစ်သည်ဟု တရုတ်အစိုးရက ယူဆထားသည်။ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ တရုတ်နှင့် အမေရိကန်တို့ကြား အချေအတင်ဖြစ်ခဲ့ဖူးသည်မှာ အကြိမ်ပေါင်းမနည်းပေ။
အမေရိကန်သည် တရုတ်နိုင်ငံ၏ တိုးတက်လာသည့် နည်းပညာနှင့် စပ်လျဉ်း၍လည်း စိုးရိမ်မကင်းဖြစ်နေသည်။ အထူးသဖြင့် တရုတ်နိုင်ငံက အသံထက်မြန်သည့် ဒုံးကျည်စမ်းသပ်နိုင်မှုဖြစ်သည်။ တရုတ်နိုင်ငံ၏ အဆိုပါစမ်းသပ်မှုသည် တည်ငြိမ်အေးချမ်းရေးကို လျော့ပါးစေသည်ဟု ပင်တဂွန်မှ ဗိုလ်ချုပ်ကြီး မာ့မေးလီကဝေဖန်ထားသည်။
တရုတ်နိုင်ငံက စမ်းသပ်လိုက်သော အသံထက်မြန်သည့် ဒုံးကျည်သည် အမေရိကန်၏ ကာကွယ်ရေးစနစ်များကို နည်းလမ်းနှစ်မျိုးဖြင့် ရှောင်ကွင်းသွားနိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ပထမနည်းလမ်းမှာ အသံထက်မြန်သည့် ဒုံးကျည်များသည် အသံထက် ငါးဆပိုမိုမြန်ဆန်သောကြောင့် ၎င်းတို့အား ကြားဖြတ်တားဆီးရန် သို့မဟုတ် ရှာဖွေထောက်လှမ်းရန် ခက်ခဲမည်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ တရုတ်နိုင်ငံ၏ အဆိုပါစမ်းသပ်မှုတွင် အသုံးပြုသည့် လက်နက်စနစ်သည် ဦးစွာ ကမ္ဘာကိုပတ်သွားသည်ဟု အမေရိကန်တို့က ယုံကြည်နေသောကြောင့် အဆိုပါ စမ်းသပ်မှုသည် စစ်အေးခေတ် အယူအဆဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
အချုပ်အားဖြင့်ဆိုရပါမူ နျူကလီးယား၊ လက်နက်နှင့် နည်းပညာ တိုးတက်မှု စသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် တရုတ်တို့ကြား မကြာခဏ သဘောထား ကွဲလွဲလျက်ရှိသည်။ ယခုလည်း တရုတ်၏ နျူကလီးယားလက်နက်အင်အား တိုးချဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်က ငြင်းဆိုထားသော်လည်း ယင်းကိစ္စရပ်သည် အမေရိကန်ကို စိုးရိမ်မကင်းဖြစ်စေလျက် ရှိသည်ဟုဆိုနိုင်သည့်အပြင် ကမ္ဘာ့အင်အား အကြီးဆုံး နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှု၊ တုံ့ပြန်မှုများ ထပ်မံထွက်ပေါ်လာနိုင်သည့် အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။