ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင်ရှိသော ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ် ခုနစ်မျိုး

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင်ရှိသော ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ် ခုနစ်မျိုး

ကိုဗစ်-၁၉ ရောဂါကာလအလွန် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် လာရောက်ကြမည့် ခရီးသွားပြည်သူများနှင့် ငှက်ချစ်သူများ၊ ရှားပါးငှက် လေ့လာချင်သူများအတွက် ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းမှာသာ ရှိသည့် မြန်မာ့ဒေသမျိုးရင်း ရှားပါးငှက် ကိုးမျိုးဖြစ်သည့် စွေ့ငှက်၊ ဘီလုံးငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီ ဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်း၊ ငှက်လက်မမြီးရှည်ညို၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာ့တစ်ငှက် အစရှိသော ငှက်ကိုးမျိုးတို့သည် မြန်မာတစ်နိုင်ငံတည်းမှာသာ ရှိပြီး ငှက်ချစ်သူများ၊ ငှက်ဝါသနာရှင်များနှင့်  သတ္တဗေဒ ကျောင်းသား/ကျောင်းသူများ  လာရောက်လေ့လာနိုင်သည်။ တစ်ကမ္ဘာလုံးမှ ငှက်ချစ်သူများ၊ ငှက်လေ့လာလိုသူများ စိတ်ကျေနပ်မှုရရှိစေမည့် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန် ခရီးစဉ်အတွင်း

ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးကို လေ့လာနိုင်ကြောင်း သစ်တောဦးစီးဌာန လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဒေသမျိုးရင်းငှက် ကိုးမျိုးရှိသည့် အနက် ငှက်ခုနစ်မျိုးကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်း တွေ့ရှိရပြီး စွေ့၊ ဘီလုံး၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊  နဖားကြူးအမြီးဝိုင်းနှင့် ငှက်လက်မမြီးရှည်ညိုတို့ကို  ပုဂံမြို့လောကနန္ဒာဥယျာဉ်အတွင်းနှင့်  ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း တွေ့နိုင်ပေသည်။ ကျန်ရှားပါးမျိုးစိတ် ငှက်နှစ်မျိုးဖြစ်သည့်  မျက်ခုံးဖြူ ငှက်ပြာခြောက်နှင့် မြန်မာ့တစ်ငှက်တို့ကို ချင်းပြည်နယ်တောင်ပိုင်း နတ်မတောင် အမျိုးသားဥယျာဉ်တွင်သာ တွေ့ရှိရကြောင်း ဦးရွှေဌေးအောင်က ဆက်လက်ရှင်းပြသည်။

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် အမြဲနေထိုင် ကျက်စားလေ့ရှိသည့် ငှက်ခုနစ်မျိုးလုံးသည်  အစားအစာ ပေါများပြီး လုံခြုံမှုရှိသည့်အတွက် ငှက်ကောင်ရေ တိုးပွားလာကြောင်းလည်း သိရသည်။

ဘီလုံးငှက်

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိပြီး  အစားအစာပေါများခြင်း၊ လုံခြုံမှုရှိသည့်အတွက် အကောင်ရေ တိုးပွားလာကြောင်း သိရသည်။ ဥယျာဉ်တစ်ခုလုံး အနှံ့အပြား တွေ့ရတတ်သော်လည်း ချုံပင်များ ပေါသော ကွင်းပြင်နေရာတွင် အများဆုံး ကျက်စားကာ  အသိုက်လုပ် ဥဥခြင်းများကို ပြုလုပ်လေ့ရှိသည်။ လူများ၊ လူနေအိမ်များနှင့် အဝေးတွင် ကျက်စားနေထိုင်ကြကြောင်း၊  ဓာတ်ကြိုးတန်းများပေါ်နှင့် သစ်ပင်ထိပ်ဖျားတို့တွင် နားနေတတ်ကြောင်း၊ မိုးရွာခါနီး အချိန်တိုင်း  ၎င်းတို့သဘာဝအလျောက် လေဟုန်စီး၍ မြူးထူးပျော်ပါးကြကြောင်း သိရသည်။ ဒေသခံများက   မိုးခေါ်ငှက်ဟုလည်း ခေါ်ဆိုကြသည်။

စွေ့ငှက်

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း   အမြဲ နေထိုင်ကျက်စားလေ့ရှိပြီး  အစာရေစာပေါများကာ လုံခြုံမှုရှိခြင်းကြောင့် အကောင်ရေ တိုးပွားလာခဲ့ပြီး လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များ အနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်း သိရသည်။ ဦးရွှေဌေးအောင်နှင့် ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ စွေ့ငှက်ကောင်ရေ ၅ဝဝ ခန့် ရှိမည်ဟုခန့်မှန်းထားကြောင်း သိရသည်။   ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦး လေးနှစ်ကြာ သုတေသနပြု၍ ဒေါက်တာဘွဲ့ ယူခဲ့ကြောင်းလည်း သိရကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

ငှက်မင်းသားဝမ်းဖြူ

ငှက်မင်းသားဝမ်းဖြူငှက်သည် လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းဒေသအတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိကြောင်း၊ ကွင်းပြင်များတွင်လည်း အများဆုံးတွေ့ရသည့် ငှက်ဖြစ်ကာ ခြောက်ကောင်အုပ်၊ ရှစ်ကောင်အုပ်၊ အုပ်လိုက်ကျက်စား နေထိုင်ကြကြောင်း သိရသည်။

ချိုးလင်းပြာ

ဥယျာဉ်အတွင်း အနှံ့အပြား တွေ့ရပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းတွင်လည်း တွေ့ရှိနိုင်သည်။

လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များ အနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်း၊ စုံတွဲနေထိုင်သည်ကို အများဆုံးတွေ့ရပြီး  ၎င်းနှင့်အတူ အခြားချိုးအမျိုးအစား သုံးမျိုးဖြစ်သည့် ချိုးပိန်တူး၊ ချိုးနီပု၊ ချိုးလည်ပြောက်တို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်း သိရသည်။

ဧရာဝတီဗွတ်ချွဲ

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်တစ်ခုလုံးတွင် တွေ့ရသည်။ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီး ငှက်သိုက်ဆောက်လုပ် နေထိုင်ကျက်စားကြသည်။

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ထဲတွင်ပင် အကောင်ရေ ၃ဝဝ ခန့်ရှိကြောင်း သိရသည်။ ၎င်းနှင့် အမျိုးအစား ဗွတ်နှစ်မျိုးဖြစ်သည့် ဗွတ်ဖင်နီ၊ ဗွတ်စာမွဲတို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်း သိရသည်။ တက္ကသိုလ် ဆရာ/ဆရာမများ ရှေ့ပြေးလာရောက် လေ့လာလျက် ရှိကြကြောင်းလည်း သိရသည်။

နဖားကြူးအမြီးဝိုင်းငှက်

အဆိုပါနဖားကြူး အမြီးဝိုင်းငှက်သည် တစ်နေရာတည်းတွင် နေထိုင်ကျက်စားသည့် ငှက်မဟုတ်ဘဲ ဧည့်သည်ငှက်ပမာ တွေ့ရှိတတ်ကြပြီး လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်နှင့်ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် တွေ့ရှိရသည်မှာ ငါးနှစ်ခန့်လောက်ပဲ ရှိသေးကြောင်း၊ စတင်တွေ့ရှိခဲ့စဉ်က နှစ်ကောင် တစ်စုံ သစ်ပင်ထိပ်ဖျားတွင် စတင်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂ဝ၁၈ ခုနှစ်တွင် ခြောက်ကောင်တစ်အုပ် လာရောက်ခဲ့သည်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ငှက်လက်မမြီးရှည်ညို

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တွင် အမြဲနေထိုင် ကျက်စားခြင်းမရှိဘဲ ပြင်ပ ပုဂံ-ညောင်ဦးဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ကိုင်းတောများ၊မြက်တောများတွင် ဥယျာဉ်အတွင်း ငှက်စာရင်းကောက်လုပ်ငန်း ဆောင်ရွက်စဉ် ၁ဝ ကောင်ထက်မပိုဘဲ ကွဲပြားစွာနေထိုင် ကျက်စားသည်ကို တွေ့ရှိရသည်။ ဥယျာဉ်အတွင်း နေထိုင်ကျက်စားသည့် ငှက်အားလုံး ၂ဝ၁၇ မှ ၂ဝ၂ဝ အထိငှက်များကို လေ့လာ၍ ဒေါက်တာဘွဲ့ရရှိသည့် ဆရာမတစ်ဦး၏ လေ့လာသုတေသနပြု ကာလများတွင် ၄-၅ကောင်ခန့်သာ တွေ့ရှိမှတ်တမ်း တင်နိုင်ကြောင်း ဦးရွှေဌေးအောင်မှ ရှင်းပြ၍ သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း ခရီးစဉ်ဒေသရှိပြီးဖြစ်ကာ ကမ္ဘာအရပ်ရပ်မှ ငှက်ဝါသနာရှင်များ လာရောက်လေ့လာသည့်အခါ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိပြီး မြန်မာ့မျိုးရင်း ရှားပါးငှက်မျိုးစိတ်များကိုလည်း ထိန်းသိမ်းရာ ရောက်မည်ဖြစ်ကြောင်း၊ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်နှင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)တို့ ပူးပေါင်းကာ ငှက်ကြည့်ခရီးစဉ်များနှင့် ငှက်တိုးဂိုက်များစွာလည်း လိုအပ်လာမည်ဖြစ်ပေသည်။လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အား ခရီးစဉ်ဒေသအသစ် ရှာဖွေထားခြင်းဖြင့် ကမ္ဘာ့ရှားပါးကြယ်လိပ်များ၊ တိုက်လိပ်များနှင့် ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးတို့ရှိသည့်အပြင် မိုးနည်းရပ်ဝန်းတွင် ဧက ၁ဝဝ ကျော် ဘေးမဲ့တော၌ဥယျာဉ် အတွင်းရှိ ကြီးမားသည့် သစ်ပင်ကြီးများ အုံ့အုံ့မှိုင်းမှိုင်း တည်ရှိနေသည်ကိုလည်း လာရောက် လေ့လာလည်ပတ် ကြမည့်သူများ လက်တွေ့ကြည့်ရှု တွေ့မြင်နိုင်မည် ဖြစ်ပေသည်။   ။

ကိုထိန် KPD