လက်တွေ့အသုံးချ ဆေးနည်းတို(ဆေးမြီးတို)များ (၁၅၃)

လက်တွေ့အသုံးချ ဆေးနည်းတို(ဆေးမြီးတို)များ (၁၅၃)

မေး။ ။ဆရာရှင့် ကျွန်မအသက်က ၂၈ နှစ်ပါ။ အသားအရေခြောက်ပြီး မည်းညစ်သလိုဖြစ်နေလို့ရှင့်။နနွင်းသောက်ရင် အသားအရေ လှတယ်ဆိုလို့ သောက်ကြည့် မလို့ပါရှင့်။    ဒါကြောင့်    နနွင်းကို ဒီအတိုင်း သောက်လို့ ရပါသလားရှင့်။   နနွင်းလုံးရင် ဘာတွေထည့်လုံးရပါသလဲရှင့်။ ဘယ်အချိန်သောက်လို့ရပါသလဲရှင့်  အကျိုးအာနိသင်လေးလည်း  သိပါရစေရှင့်။

ဖြေ    ။        ။ နနွင်းမှုန့်စစ်စစ်(ဆန်လွတ်နနွင်း) ဝယ်ပြီး ဒီအတိုင်း သောက်လို့ရပါတယ်။ ကော်ဖီဇွန်းသေး ၁ ဇွန်း မောက်မောက်သောက်ပါ။ နနွင်းအမှုန့်ကို ပျားရည်နဲ့လုံးပြီးလည်း သောက်ကြပါတယ်။ နနွင်းသောက်ခြင်းက သွေးသားသန့်စင်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းကိုလည်း အကျိုးပြုပါတယ်။ နနွင်းကိုလည်း ဟင်းထဲမှာနေ့စဉ်ထည့်ချက်ခြင်းဖြင့်   သီးခြား စားနေစရာမလို ဟုလည်းဆိုပါတယ်။  နနွင်းစားခြင်းဖြင့်  ဦးနှောက် အားကောင်းစေပြီး  သူငယ်ပြန်ရောဂါနှင့်  ပါကင်ဆန်ရောဂါ ခေါ် ခြေတုန်လက်တုန် ရောဂါများမှ ကာကွယ်ပေးပါတယ်။ နနွင်းလုံးဝ မစားတဲ့ အနောက်နိုင်ငံတွေမှာ ပါကင်ဆန်ရောဂါပိုပြီး အဖြစ်များတယ်လို့ ဆိုပါတယ်။ နနွင်းနဲ့ ပျားရည်ကို  လောဘကြီးပြီး စားလွန်းလျှင် အပူများပြီး ဆံပင်ကျွတ်တတ်ပါတယ်။ တစ်နေ့ နှစ်ပဲသား ကော်ဖီဇွန်းသေး တစ်ဇွန်းခန့်ထက် ပိုမစားသင့်ပါ။ ပျားရည်နဲ့ရောနယ်ပြီး    ရွေးကြီးစေ့ခန့် လုံးထားပြီး တစ်နေ့ ၃ လုံးစားပါ။

မေး ။ ။ ဆရာ   ကျွန်မညအိပ်ရင် ဟောက်လို့ပါ။ငယ်ငယ်တုန်းက နို့သီးပြီး အသက်ရှူလမ်းကြောင်းထဲ နို့ဝင်ဖူးပါတယ်။ အခုအချိန်ထိ ဟောက်တုန်းမို့လို့ပါ။ ဘာဆေးတွ ေသောက်ရင် သက်သာမလဲရှင့်။

ဖြေ ။ ။ ညဟောက်ရင် ကွမ်းရွက်မီးကင် ဆီသုတ် လည်ပင်းမှာကပ်ပါ။ ညအိပ်ရာဝင်ခါနီး သံပရာသီးကို ရေနွေးစိမ်သောက်ပါ။ ပက်လက်မအိပ်ဘဲ ဘေးစောင်းအိပ်ရင် ဟောက်တာပိုပြီး သက်သာပါတယ်။ ဘယ်ဖက်ကို စောင်းအိပ်ရင် ပိုကောင်းပါတယ်။

မေး ။ ။ ကျွန်တော့်အသက် ၄၇ နှစ်ပါ။ သည်းခြေမှာ ကျောက်တည်နေတာ ၄ နှစ် ရှိပါပြီဆရာ။ မန်ကျည်း စေ့လောက်ရှိတယ်ပြောပါတယ်။ အင်္ဂလိပ်ဆေး သောက်တာလည်း မထူးခြားပါဘူး။  ကြီးလည်း ကြီးမလာ သေးလည်း မသွားပါ။ မနာမကျင်မဖြစ်ပေမယ့် စိတ်ထဲအဆင်မပြေလို့ ဆေးလေးများရှိရင်   ညွှန်ကြားပေးပါဆရာ။

ဖြေ ။ ။ အုန်းစိမ်း(အုန်းသီးအနု)   ထိပ်မှဖွင့်ပြီး ကျောက်ချဉ်ခဲ သေးသေး (ရွေးစေ့ခန့်)ထည့်ပြီး ခေတ္တစောင့်ပါ။ ပြီးလျှင်မသွန်ဘဲ ပိုက်ဖြင့် စုပ်သောက်ပါ။ နေ့စဉ် ၁၄ ရက်  ဆက်သောက်ရမည်။  ကောက်ရိုးခြောက် အဝါရောင်ကိုပြုတ်သောက် သို့မဟုတ် လက်ဖက်ခြောက်ကဲ့သို့ ခတ်သောက်လျှင် သည်းခြေကျောက်ကျစေပါတယ်။ ပေပင်မှပေရွက်ကိုပြုတ် နေ့စဉ်မတ်ခွက် ၁ လုံး စာသောက်ပေးပါက  သည်းခြေကျောက် ကျစေပါတယ်။

မေး ။ ။ ဆရာ ကလေးက ဝမ်းချုပ်နေလို့ပါ။ ဝမ်းသွားရင်လည်း အရမ်းညှစ်နေရပါတယ်။ ညှစ်လည်း ဝမ်းကမထွက်ဘူးဖြစ်နေတယ်။ ဝမ်းချူဆေးထည့်မှ ဝမ်းသွားတယ်။  အဲလိုဖြစ်တာ  ၁၅ ရက်လောက်ရှိပါပြီ။ ဆေးနည်းလေး ပေးစေလိုပါတယ်။ ကလေးက တစ်နှစ်ခွဲ အရွယ်ပါဆရာ။

ဖြေ ။ ။ ဆားခါးကိုလှော်ပါ။ ဖန်ပုလင်းနဲ့ ထည့်ထားပါ။ ဟင်းစားဇွန်း ၁ ဇွန်းမှ ၂ ဇွန်းအထိသောက်နိုင်ပါတယ်။

ရှောက်ရည်၊  မန်ကျည်းဖျော်ရည်တို့နဲ့ စပ်သောက်လို့လည်း ရပါတယ်။ နို့တိုက်မိခင်လည်း သောက်လို့ရပါတယ်။ ကလေးနဲ့လည်း တည့်ပါတယ်။ မြန်မာဆားခါး၊ အင်္ဂလိပ်ဆားခါး ၂ မျိုး ရှိပါတယ်။ ဆားခါးထုပ်ကို Apson Salt  ဆိုပြီး     အင်္ဂလိပ်ဆေးဆိုင်များမှာ ဝယ်ရပါတယ်။    အရေးပေါ် ဝမ်းချုပ်စမြင်းခံလျှင် ရှောက်ရည် ၃ ဇွန်း ပျားရည် ၁ ဇွန်း ဆားခါး ၂ ဇွန်းစပ်သောက်ပါ။

မေး ။ ။ ဆရာကြီးခင်ဗျာ ကျွန်တော့်သားမှာ ခြေမ၂ ခုလုံး ခြေစွယ်ငုပ်တာ နှစ်နဲ့ချီနေပါပြီ။ ဆရာဝန်နဲ့ ခြေသည်းခွာထုတ်ပစ်တာလည်း မပျောက်ပါ။ မန္တလေးမှာ ကျောင်းတက်တော့  ပုဏ္ဏားဆရာတွေနဲ့  ခြေစွယ်ဖော်တာ မကြာခဏ လုပ်ပါတယ်။   အခုတစ်ခါတော့  အပြင်မထွက်နိုင်တာနဲ့ အနာဖြစ်ပြီး ပြည်တည်နေပါတယ်။ ကျေးဇူးပြု၍ ဆေးနည်းလေး လမ်းညွှန်ပေးပါဦးဆရာ။

ဖြေ ။ ။ လက်ဖက်အစိုနဲ့ဆားခါး ရောနယ်အုံပေးပါ။ ပြည်ထွက်သွားပြီးရင်  ခြေသည်းဖော်တဲ့  ဓားငယ်ကို မီးကင်ပြီး ခြေစွယ်ဖော်ပါ။    အနာကျက်အောင် ပျားရည်ထည့်ပါ။  ကုက္ကိုရွက်၊ ဒန်းကြီးရွက်များ သန့်စင်အောင် ရေဆေးထောင်းပြီး   အုံနိုင်ပါတယ်။ ခြေစွယ်ငုပ်ခါစ ဖယောင်းစက်ချပြီး အနာသက်သာအောင် ပြုလုပ်သော နည်းလမ်းရှိပါတယ်။

မေး ။ ။ ဆရာ ကျွန်တော့်ညီမက အသက် ၄၅ နှစ်ပါ။ ဦးခေါင်းအရေပြားပေါ်မှာ ယားတာ ညဘက်အိပ်လို့ တောင်မရပါဘူး။  အင်္ဂလိပ်ဆေးလည်း  စုံနေပါပြီ။ စားဆေးရော သောက်ဆေးရော မရပါဘူး။ မျက်နှာတွေပါ ယားလာပါတယ်။ ဘာဆေးသုံးရမယ်ဆိုတာ လမ်းညွှန်ပေးပါဆရာ။

ဖြေ ။ ။ သံပရိုသီးနဲ့ပွတ်ပြီး ခေါင်းလျှော်ပါ။ ရှားစောင်းလက်ပပ်နဲ့ ပွတ်ပေးရင်လည်း ရပါတယ်။ မျက်နှာကိုလည်း ရှားစောင်းလက်ပပ်နဲ့ ပွတ်ပါ။ ၁၅ မိနစ်လောက် ထားပြီး မျက်နှာသစ်ပါ။

မေး ။ ။  ဆရာ  ကျွန်တော့်ခြေထောက် နှစ်ဖက်လုံး အားမရှိတော့သလို ပျော့သွားပြီး နှစ်ဖက်လုံးက အရမ်း ကျဉ်ပြီးတော့ အထဲမှာ အပ်တွေ အများကြီးနဲ့ အထိုးခံရသလို တဆစ်ဆစ်နဲ့ကိုက်နေတာ လမ်းလျှောက်လို့ လည်း မရတော့လို့ပါဆရာ။

ဖြေ ။    ။ အကြောလေလျှောက် အားနည်းလို့ပါ။ ဆင်တုံးမနွယ်ပါတဲ့  မြန်မာဆေး တစ်မျိုးမျိုးကို  ဝယ်စားပါ  သို့မဟုတ်  ဆင်တုံးမနွယ် အမှုန့်ကြိတ်ပြီးသား (ပရဆေးဆိုင်မှ ဝယ်ယူပြီး)  ပျားရည်နဲ့ရောမွှေတေထာပါ။ ဖန်ပုလင်းတွင်ထည့်  အပေါ်မှ နှမ်းဆီထည့်ပြီး အုပ်ထားပါ။ နံနက်၊ ည ကော်ဖီဇွန်းသေးနဲ့ ၁ ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ်တစ်ခါ နေရောင်ပြပေးပါ။ ဓာတ်စာကတော့ ပဲရာဇာ(ပဲနီလေး) များများစားပေးပါ။ ရှောက်သီးအရည်ညှစ်  ပျားရည်နဲ့ရောစပ်  နေ့စဉ်သောက်ပါ။ မြင်းခွာရွက်ကြိတ် အရည်ညှစ် နွားနို့သကြား ရည်တို့ဖြင့် ရောစပ်သောက်ပါ။    ရှဉ့်မတက်ဥကိုအခြောက်လှန်း  အမှုန့်ကြိတ် ထောပတ်၊ ပျားရည်၊ နှမ်းဆီတို့နှင့် စိမ်စားလျှင်လည်း အားဖြစ်စေပါတယ်။

မေး ။    ။ ဆရာကြီးရှင့်  ကျွန်မ  နံနက်အိပ်ရာထ မျက်နှာသစ်တိုင်း    နှာအဆက်မပြတ် ချေပါတယ်။ ပန်ကာလေထိရင်လည်း နှာချေတတ်ပါတယ်။ အဲဒါ ဘယ်လို လုပ်သင့်ပါသလဲရှင့်။

ဖြေ ။   ။ နှာခေါင်းအတွင်းပိုင်းက အသားပိုရောင်ရင် ဖြစ်လေ့ရှိပါတယ်။ ညှော်နံ့နဲ့ ဖုန်မှုန့်များ ရှောင်ပါ။ မျက်နှာသစ်တိုင်း  ရေကိုလက်ခုပ်နဲ့  ရှူသွင်းပါ။ တဖြည်းဖြည်း ကျင့်ပြီး ရှူသွင်းပါ။ နှာခေါင်းအတွင်းသား ရောင်တာက ရေရှူတာနဲ့ ပျောက်နိုင်ပါတယ်။

မေး ။     ။ ဆရာကြီးခင်ဗျာ  ကျွန်တော့်ခြေဖဝါးမှာ အသားမာတက်ပြီး အသားမာတွေက အရမ်းနာပါတယ်။ လမ်းလျှောက်ရတာ    အဆင်မပြေလို့ပါခင်ဗျာ။ ကျေးဇူးပြု၍ ဆေးနည်းရှိရင် ပြောပြပေးပါခင်ဗျာ။

ဖြေ ။     ။ ဆားမီးဖုတ်ကို ပူပူလေးနင်းပေးပါ။ တစ်ပတ်ခန့်နင်းပေးလျှင်  အသာမာတက်တာ  သက်သာစေ နိုင်ပါသည်။  ရဲယိုရွက်ကိုမီးကင်  ခြေဖဝါးမှာကပ် ပတ်တီးစည်းပြီး  ညအိပ်ရာဝင်ချိန်မှ    မနက်အိပ်ရာထချိန်ထိစည်းပေးလျှင်လည်း    သက်သာစေနိုင်ပါသည်။

မေး ။     ။ ဆရာဗိုက်ခေါက်ထူပြီး   ဗိုက်ကြီးပူနေတာ ဘယ်လိုလုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါ။ သက်ရင်းကြီးရွက်တို့စားတာ  မထူးခြားလို့ပါဆရာ။  မြန်မာဆေးနည်းလေးများ ရှိရင် ပြောပြပေးပါ။

ဖြေ ။   ။ ဆားခါးကို လှော်ပါ။   မန်ကျည်းဖျော်ရည် တစ်ဖန်ခွက်တွင် ဆားခါးလှော် ဟင်းစားဇွန်း ၁ ဇွန်းထည့် ဖျော်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း သောက်ပါ။ ဆားခါးကို နေ့စဉ်သောက်၍ အန္တရာယ်မဖြစ်ပါ။  ၁၄ ရက်ခန့် သောက်လျှင် ဗိုက်ခေါက်ကျသွားသည်ဟု ပြောတာ ကြားဖူးပါတယ်။ လမ်းများများ လျှောက်ပါ။ လေ့ကျင့် ခန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။

မေး    ။        ။ ဆရာကြီးခင်ဗျာ ကျွန်တော့်မှာ မတ်တပ်ရပ်တာ ကြာသွားရင် ခြေခုံတွေဖောင်းပြီး ရောင်လာပါတယ်။ ညအိပ်ရင်ပြန်ကျသွားပါတယ်။   ဘယ်လိုဆေးမျိုးကို သောက်သုံးရမလဲခင်ဗျာ။ ကျေးဇူးပြုပြီး ဆေးနည်းလေး ပြောပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဖြေ ။    ။ ကျောက်ကပ်ကြောင့်  ခြေထောက်ရောင် တတ်ပါတယ်။ ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပေးပါ။  မြင်းခွာရွက်ကိုထောင်း  အရည်ညှစ်ယူ ၃ ဇွန်း ပျားရည် ၁ ဇွန်းစပ်ပြီး ညအိပ်ရာဝင်ခါနီးတိုင်းသောက်ပါ။

မေး ။   ။ ဆရာမင်္ဂလာပါ။ တစ်ခုလောက်မေးပါရစေရှင့်။ ကျွန်မဖြစ်နေတာက  ကုပ်ပိုးနားက ဖောင်းပြီး ခေါင်းတစ်ခုလုံး စွဲဆုပ်ထားသလို ခံစားရပါတယ်။   တစ်ခါတလေ မူးနောက်နောက်ဖြစ်နေတယ်ဆရာ။ အကြောတွေကလည်း တင်းနေပြီး နေလို့မကောင်းပါ။ တချို့က ပြောတာတော့ ဇက်ကျီးပေါင်းဖြစ်တာလို့ပြောပါတယ်။

သက်သာပျောက်ကင်းနိုင်မယ့် ဆေးနည်းလေးရှိရင် ပြောပေးပါရှင့်။

ဖြေ ။   ။ ခေါင်းငုံ့ အလုပ်လုပ်တာများရင် ဇက်ကျီးပေါင်း တက်ရောဂါဖြစ်နိုင်ပါတယ်။     နံနက်စောစောထ မျက်နှာသစ်တိုင်း ရေအေးကို လက်ခုပ်နဲ့ယူပြီး ဇက်ပိုးကို ၃-၄ ကြိမ် ရိုက်ပေးပါ။ ဇက်ကြောတက် သက်သာ စေပါတယ်။  အလုပ်နားတဲ့အချိန်မှာ  ရဲယိုရွက်ကို ဆီသုတ်ပြီး ဇက်ပိုးမှာ ကပ်ပေးပါ။ ဦးခေါင်း ဘယ်လှည့် ညာလှည့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။

မေး ။     ။ ဆရာမင်္ဂလာပါ။ ညီမတစ်ယောက် မေးလို့ပါရှင့်။  သူဖြစ်တာ ဝမ်းသွားပြီးရင်  လက်သန်းတဆစ်လောက် အသားဖုက အပြင်မှာထွက်ပြီး ကျန်နေပါတယ်။ ကုလို့ရမယ့် မြန်မာဆေးရှိလားလို့မေးလို့ပါ။ ဆရာ့ဆောင်းပါးတွေကို ဖတ်ဖူးပါတယ်ရှင့်။   အဲဒါကြောင့် ဆရာကြီးဆီကို  အကူအညီ တောင်းမေးရတာပါရှင့်။

ဖြေ ။     ။ လိပ်ခေါင်းဖြစ်နေတာပါ။  ဆားခါးအထုပ် ဝယ်ပါ။  (ဝမ်းနုတ်တဲ့ဆားခါး)   တစ်ထုပ်လုံးကို ရေနဲ့ဖျော်ပြီး  ဖင်ထိုင်နိုင်တဲ့  အင်တုံ သို့မဟုတ် ပလတ်စတစ်ဇလုံကြီးကြီးမှာ ထည့်ပြီး    ဖင်ထိုင်ပါ။ မိနစ် ၂ဝ ခန့်စိမ်ပေးရင်    ပြန်ဝင်နိုင်ပါတယ်။ (တစ်နည်း) ရှားစောင်းလက်ပပ် အနှစ်အုံပေးရင်လည်း ပြန်ဝင်နိုင်ပါတယ်။  (တစ်နည်း) ကျားမနိုင်နွယ်မြစ်ကို သွေးပြီးလိမ်းပေးရင်လည်း လိပ်ခေါင်းကျုံ့ပြီး ပြန်ဝင်နိုင်ပါတယ်။

မေး ။    ။ မင်္ဂလာပါ ဆရာကြီးခင်ဗျာ။ ကျွန်တော့်မှာ ဝမ်းဗိုက် ဘယ်ဘက်အခြမ်း     ချက်ဘေးနားကအောင့်နေတာ ငါးလကျော်လောက်ရှိပါပြီ။ ဝမ်းသွားရင် အဝါရောင်မသွားဘဲ   အမည်းရောင်တွေဖြစ်နေလို့စိုးရိမ်ရပါသလားဆရာ။    ဘာဆေးသောက်ရင် သက်သာနိုင်မလဲဆရာ။

ဖြေ ။  ။အူမကြီးအဆုံးမှာ အနာဖြစ်ရင် သွေးစိမ့်ယိုပြီး ဝမ်းအရောင် အမည်းသွားတတ်ပါတယ်။  တတ်ကျွမ်း နားလည်တဲ့ သမားတော်များပြပြီး    စနစ်တကျကုသသင့်ပါတယ်။ ဝမ်းသန့်ပြီး အနာကျက်အောင် ဆားခါး ကိုလှော်  ဟင်းစားဇွန်း  ၁ ဇွန်း ပျားရည် ၁ ဇွန်း ရှောက်သီးအရည် ၃ ဇွန်းရောစပ်ပြီး ညအိပ်ရာဝင်ခါနီးသောက်ပေးပါ။    ။

ကြည်လွင်မြင့် (မုဒြာ)