မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ လယ်မြေများရေတိုက်စားနစ်မြုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  နမ့်လောဝ်းတောင်ကျချောင်းရေ အရှိန်ဖြင့် စီးဆင်းသည့်အတွက် တုံလောကျေးရွာအုပ်စုအတွင်း လယ်မြေများ ရေတိုက်စားနစ်မြုပ်မှုများ ဖြစ်ပွားရာ စက်တင်ဘာ ၁၃ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ  ဦးရဲသွေးကျော်၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တုံလောကျေးရွာအုပ်စုမှ တာဝန်ရှိ သူများသည် နမ့်လောဝ်းတောင် ကျချောင်းရေ အရှိန်ဖြင့် စီးဆင်းလာမှုကြောင့် တုံလော ကျေးရွာအုပ်စု အတွင်းရှိ ဆားတောကျေးရွာ၊ ပန်လော့ကျေးရွာ၊ နမ့်ကတ်ကျေးရွာ၊    တွန်ကျိုင်းကျေးရွာ၊ တုံလောကျေးရွာတို့မှ ကွင်းလေးကွင်းတောင်သူ  ၂၇  ဦးတို့၏  လယ်မြေ  ၂၅ ဧကခန့် ရေတိုက်စား နစ်မြုပ်ပျက်စီးခဲ့သည်။

ထို့ပြင် နမ့်ကတ်ကျေးရွာဒေသခံ တောင်သူ လက်လုပ်ဆည်တမံ အပါအဝင် ဆည်တမံလေးခု၊   ဆားတောကျေးရွာရှိလယ်တဲတစ်လုံး၊ တုံလောကျေးရွာရှိ ၁၀၀ ကီလိုဝပ်ရေအားလျှပ်စစ်စက် နှစ်လုံးနှင့် ၅ ကီလိုဝပ် အသေးစားရေအားလျှပ်စစ်စက်တစ်လုံး၊ နမ့်လောဝ်းချောင်းကူး ကွန်ကရစ်တံတားပေ ၄၅၆၂၀ ၏ကမ်းကပ်ခုံနှစ်ဖက်တို့ကို ရေတိုက်စားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေတိုက်စားမှုကြောင့် ကျေးရွာများရှိ အဆောက်အအုံများ၊ လူနှင့်တိရစ္ဆာန်များ   ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။