မြန်မာမှုလက်ရာများတွင် နိုင်ငံခြားသားများ နှစ်သက်သောပစ္စည်းတစ်ခုမှာ ရွှေချည်ထိုး ပန်းချီကားများပင်ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းတွင် နှစ်မျိုးနှစ်စားရှိသည်။ ပြည်ပဈေးကွက်ကို အဓိကထားသည့် ရွှေချည်ထိုးပန်းချီကားလုပ်ငန်းနှင့် ပြည်တွင်း အလှူပွဲများ ရှင်လောင်းလှည့်ရာတွင် အသုံးပြုသည့် မလိ္လကာတန်ဆာ ရွှေချည်ထိုး လုပ်ငန်းပင်ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းနှစ်ခုမှာ အခြေခံအားဖြင့် တူညီကြသည်။ မလိ္လကာတန်ဆာအတွက် ပိုးဖဲစကိုအသုံးပြုကာ တောင်ရှည်လုံချည်နှင့် နားထွင်း ဝတ်လုံချည်များ ရှေ့ဝင်းနောက်ဝင်းများအတွက် ဒီဇိုင်းအမျိုးမျိုးပြုလုပ်ကြသည်။
ရွှေချည်ထိုးပန်းချီကားများမှာ မြန်မာ့လက်မှုအနုပညာစစ်စစ်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်စပ်နေသော သဘာဝကျသည့် ပန်းချီကားများကို ပြုလုပ်လေ့ရှိသည်။ ရွှေချည်ထိုး ပန်းချီကားတစ်ချပ် ဖြစ်ပေါ်လာရေးအတွက် အဆင့်ဆင့်လုပ်ဆောင်ရသည်။ ပထမဦးစွာ ပိတ်စကိုချုပ်ကာ ဘောင်ကျပ်သည်။ ဘောင်ကျပ်ပြီးသားပေါ်တွင် လိုအပ်သည့် ပုံများကို ပန်းချီဆွဲပေးရသည်။ ပန်းချီဆွဲပြီးသည်နှင့် ရွှေကြိုး၊ ငွေကြိုး၊ ပုလဲ၊ သဒ္ဒါစေ့၊ ကြယ်ပြား၊ ကြယ်ခုံး၊ ရွှေလုံး၊ ငွေလုံးကြိုးများ မှအစ ရွှေချည်ထိုးပစ္စည်းများကို အပ်ချည်ဖြင့် သီချုပ် ပေးရသည်။
ရွှေချည်ထိုးပြီးသည်နှင့် ခွင်ချခြင်းများပြုလုပ်ပြီး ခွင်အတွင်း ရွှေချည်ထိုးပန်းချီကားကို ကပ်ကာ ချုပ်ပေးခြင်း၊ ဖောင်းကြွဖြစ်စေရန် ဂွမ်းထိုးခြင်း၊ နောက်ပိတ်ပိတ်ခြင်းမှအစ အနုစိတ် လုပ်ဆောင်ရသည်။ ရွှေချည်ထိုးပန်းချီကားများကို နိုင်ငံခြားဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် အနုစိတ်ဒီဇိုင်းများကို ရွေးချယ်ပြုလုပ်ရသည်။ ယခင်ဈေးကွက် ကောင်းစဉ်အချိန်က နိုင်ငံခြားသားများ ကြိုက်နှစ်သက်သည့်အတွက် အများစုအော်ဒါမှာ ယူသော ပန်းချီကားအမျိုးအစား ၄၀ ခန့်ကို အဓိကအားထားပြုလုပ်ကြသည်။
နိုင်ငံခြားသားများ အဝယ်များသည့် မြန်မာမှုပုံရိပ်ပါ ရွှေချည်ထိုးပန်းချီကားများမှာ ရွှေတိဂုံပုံ၊ မြန်မာ့ဆိုင်းဝိုင်းပုံ၊ ဒေါင်းပုံ၊ မြန်မာ့နွားလှည်းပုံ၊ ကရဝိက်ပုံ၊ ကိန္နရီကိန္နရာပုံ၊ ဆွမ်းခံကြွပုံ၊ ရှင်လောင်းလှည့်ပုံ၊ အိုးစည်ဒိုးပတ်ပုံ၊ သမင်အုပ်ပုံ၊ ရုပ်သေးပုံ၊ နှစ်ပါးသွားပုံ၊ ရှုခင်းပုံများနှင့် အခြားအမျိုးအစားများစွာကို ပြုလုပ်ကြရသည်။ မြန်မာ့ရွှေချည်ထိုး အဓိက ဈေးကွက်မှာ ရန်ကုန်မြို့ပင်ဖြစ်ပြီး အရောင်းပြခန်းများဖြင့် ခမ်းနားစွာရောင်းချကြသည်။ ပြည်တွင်းသုံး မလိ္လကာတန်ဆာအတွက် ရွှေချည်ထိုးခြင်းနှင့် ရွှေချည်ထိုးပန်းချီကား ပြုလုပ်ခြင်း လုပ်ငန်းများကို အိမ်ထောင်ရှင်များ အိမ်မှုကိစ္စပြုလုပ်ရင်းသာ အပိုဝင်ငွေရရှိအောင် ပြုလုပ်ကြသော လုပ်ငန်းအဖြစ်တည်ရှိနေသည်။
နွေနဒီ၊မြစ်ငယ်