ပညာရေးတိုးတက်အောင်ဆောင်ရွက်စို့
လူတစ်ဦးချင်းစီ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးသောအရာမှာ ပညာဖြစ်သည်။ ပညာဟုဆိုရာ၌ အတတ်ပညာနှင့် အသိပညာ နှစ်မျိုးစလုံးကိုဆိုလိုသည်။ လူတိုင်းအသက်ရှင်ရပ်တည်ရေးအတွက် အသက်မွေး ဝမ်းကျောင်းပြုခြင်းဆိုသော အလုပ်အကိုင်ကို လုပ်ဆောင်ကြရသည်။ မည်သည့်လုပ်ငန်းခွင်တွင်မဆို တတ်မြောက်ထားသောပညာရပ်အလိုက် ထိုက်တန်သော အဆင့်ရာထူးကို ပေးအပ်ခံရခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဘဝ၊ကုန်သည်ပွဲစားဘဝ၊ အနုပညာရှင်ဘဝစသည်ဖြင့် မည်သို့ပင်လုပ်ငန်းကွဲပြားပါစေ ပညာတတ်မြောက်ရန်လိုအပ်ချက်မှာအတူတူပင်ဖြစ်သည်။
ပညာ၏ အဓိပ္ပာယ်ကို ခွဲခြားသိမြင်နိုင်သောÓဏ်၊ အတတ်ဟူ၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုသည်။ ပညာ၏ သဘောလက္ခဏာသည် ပိုင်းခြားခြင်း၊ ဆုံးဖြတ်ခြင်း၊ ထွန်းလင်းတောက်ပခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံသားများ၏ ပညာရည် မြင့်မားမှုသည် လွန်စွာအရေးကြီးလှသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် နိုင်ငံတော်အတွက် မရှိမဖြစ်သော လိုအပ်ချက်ဖြစ်သည်။ ကျန်းမာရေးနှင့် ပညာရေးမှာ ဆက်စပ်နေသည်။ ဆိုလိုသည်မှာ ကျန်းမာရေးကောင်းမှ ပညာသင်ကြား နိုင်ကြပေမည်။ ကျန်းမာရေးချို့တဲ့လျှင် ပညာရေးနှင့်အလှမ်းဝေးနေပေမည်။ကလေးများပညာသင်ကြားရေး၊ ပညာ ရည်မြင့်မားရေးဆောင်ရွက်ရမည်ဆိုလျှင် ကျန်းမာဖို့လိုသည်။
ကျန်းမာရေးမထိခိုက်ရန်လိုသည်။ ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်တွင် ကျောင်းများဖွင့်လှစ်ပေးခဲ့သည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းနှင့် တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင် ၉ ရက်တွင်ပြန်ပိတ်လိုက်ရသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးထားရန်ဖြစ်သည်။ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး နိုဝင်ဘာ ၁ ရက်တွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာလည်း ၅ ရာခိုင်နှုန်းအောက် ကျဆင်း လျက်ရှိသည်။
အချို့သောပြည်နယ်နှင့်တိုင်းဒေသကြီးကိုးခုမှာ ဖြစ်ပွားမှုနှုန်းများနေသည့်အတွက် မြို့နယ် ၄၆ မြို့နယ်ရှိကျောင်းများကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း မကြာမီကာလတွင် ကျောင်းများအားလုံးဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ မိဘပြည်သူများ လုပ်ဆောင်ရန်ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီနေရာမှာ မိဘပြည်သူများကို မေတ္တာရပ်ခံချင်တာကတော့ ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့သွားလာမှုစည်းကမ်း၊ နေထိုင်မှု စည်းကမ်း၊ ဒါတွေကိုအပြည့်အဝလိုက်နာပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် လက်ရှိကျောင်းဖွင့်လှစ်မှုကိုလည်း ထိခိုက်မှု လျော့နည်းနိုင်စရာအကြောင်းရှိတဲ့အတွက်ကြောင့် ဒါကိုလည်းတိတိကျကျနဲ့ အလေးထားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်၊ တစ်ဖက်ကလည်း ကျန်ရှိတဲ့ ၄၆ မြို့နယ်မှာရှိတဲ့ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆိုရင် ကိုဗစ်ဖြစ်ပွားမှုနှုန်းကို လျော့ကျအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟူ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၉) လပြည့်နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ တက္ကသိုလ်နှင့်ကောလိပ်ကျောင်းများကိုလည်း မကြာခင်မှာဖွင့်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေပြီဖြစ်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် မှတ်ပုံတင်ထားသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။ မိဘတိုင်းသည် မိမိတို့သားသမီးများကို ပညာတတ်စေချင်သည်။ အဆင့်အတန်းမြင့်မားစွာဘဝကို ကျော်ဖြတ်စေချင်သည်။ ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်းအတွက် ပထမဆုံးဝမ်းသာမိသူမှာ မိဘများပင်ဖြစ်လိမ့်မည်။ သားသမီးတို့ လူတစ်လုံးသူ တစ်လုံးနှင့် ပညာတွေတတ်ပြီး ရာထူးအဆင့်အတန်းများ ရရှိနေမည်ဆိုလျှင် ပျော်ရွှင်ကြည်နူးနေသူမှာလည်း မိဘများပင်ဖြစ်ပေ လိမ့်မည်။ ထို့ကြောင့် မိဘပြည်သူများအပိုင်းကလည်း မိမိတို့ရင်သွေးများကို ကျောင်းသို့ရောက်အောင် ပို့ဆောင်ပေးရမည်ဖြစ်သည်။ အတွေးအခေါ် အယူအဆလွဲမှားကာ လမ်းမှားသို့ရောက်နေသူများကိုလည်း နိုင်ငံတော်အစိုးရက သဘောထားကြီးမားစွာဖြင့် ယနေ့တိုင် ပြန်လည်ဖိတ်ခေါ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်ပညာရေးတိုးတက်အောင် ဆောင်ရွက်မည်ဆိုလျှင် ဆရာများ၏အခန်းကဏ္ဍသည်လည်း လွန်စွာအရေးကြီးသည်။ တချို့သော ကလေးများသည် မိဘက ပြောဆိုဆုံးမမှုထက် ဆရာ၊ ဆရာမများ၏ ပြောဆိုဆုံးမမှုကို ပိုမိုလက်ခံကြသည်။ ဆရာကောင်း တပည့်ပန်း ကောင်းပန်ဆိုသကဲ့သို့ ဆရာကောင်းများနှင့်ထိတွေ့ရသောကလေးများသည် အဆင်းလည်းလှ၊ ရနံ့လည်းသင်းသော ပန်းကလေးများနှင့်ပမာတူသည်။ အခြေခံပညာသည်အရေးကြီးသဖြင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစာပေများတတ်ကျွမ်းသည်အထိသင်ကြားရမည်ဖြစ်သလို အတန်းပညာမှအသိပညာ၊ ထိုမှတစ်ဆင့်အတတ်ပညာများရှိမှသာ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်ကျောင်းသား၊ ကျောင်းသူများ ပညာရေးတိုးတက်ရေးအတွက် အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။