အရက် မူးယစ်ဆေးတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး

အရက် မူးယစ်ဆေးတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး

၂၀၀၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတ်တမ်းများအရ ယနေ့ကမ္ဘာမှာလူသားသန်းပေါင်း ၁၅၀ လောက်ဟာအရက်ရဲ့ကျေးကျွန် အရက်စွဲနေသူများ ဖြစ်ကြောင်းဆိုတယ်။ အရက်ဟာမြန်မာအပါအဝင် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ အရက်သောက်သုံးမှုများ နေတယ်။ စံချိန်စံညွှန်းမီအရက်ကောင်းသောက်ရတာ နည်းပါတယ်။ တောအရက်ဆိုတဲ့ ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ရော်ဘာ၊ မက်သနေးစတဲ့ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေပါရှိတဲ့အပြင် မူလအရက်ရဲ့ဂုဏ်သတ္တိကအသည်းခြောက်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာနဲ့ အစာအိမ်လမ်းကြောင်း ကင်ဆာအမျိုးမျိုးဖြစ်ပွားစေလို့ လုံးဝရှောင်ကြဉ်သင့်ရာ တောအရက်ဆိုပါက အဆိုးရွားဆုံး ဒုက္ခအပေးဆုံး အရက်ပဲဖြစ်တယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ ခန့်မှန်းချက်အရ အရွယ်မတိုင်မီသေဆုံးရသူရဲ့ တစ်ဝက်ဟာ အရက်သေစာစံချိန်မီမသောက်ရလို့ စောစော အဆိပ်သင့်ကာ အသည်းရောင်အသားဝါ၊ အသည်းမှာ အမာရွတ်ထင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာစတဲ့ ရောဂါများ စောစောခံစားရကာ သေဆုံးရတယ်ဆိုတယ်။ အရက်စွဲရောဂါဟာ သိသာထင်ရှားတဲ့စိတ်ပိုင်း ဆိုင်ရာချို့ယွင်းဖောက်ပြန်မှုများ သို့မဟုတ် စိတ်နဲ့ကိုယ်ခန္ဓာကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့ကို ထိခိုက်ချို့ယွင်းမှုများ ဖြစ်ပေါ်ခံစားရတဲ့တိုင် အရက်ကိုစွဲစွဲလမ်းလမ်းနဲ့ အလွန်အကျွံသောက်သုံးခြင်း သို့မဟုတ် စိတ်အခြေအနေ ချို့ယွင်းမှုများ ဖြစ်ပေါ်လာသော်လည်း ရှေ့ပြေးလက္ခဏာများ ခံစားလာရတဲ့အထိ လွန်လွန်ကဲကဲ အရက်သောက်သုံးကြတယ်။

အရက်မူးလွန်၊ ဆေးမူးလွန်တဲ့လက္ခဏာတွေက စိတ်ကြွလာခြင်း၊ ရန်လိုလာခြင်း၊ အရှက်အကြောက် ဆင်ခြင်တုံတရား လျော့ပါး လာခြင်း၊ စကားများလာခြင်း၊ စကားမှားလာခြင်း၊ လျှာလေးအာလေးဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်လာခြင်းတို့ဖြစ်ပြီး ရောဂါနုစဉ် ဖြစ်တတ်တဲ့ လက္ခဏာတွေက ပျို့အန်ခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း၊ ချွေးပြန်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အနည်းငယ်ခြေ လက်တုန်ခြင်းတို့ဖြစ်ကာ အရက်မူးယစ်ဆေးစွဲ လက္ခဏာတွေက လက်နဲ့ကိုယ်ခန္ဓာ ဆိုးဆိုးဝါးဝါးတုန်ခြင်း၊ ကယောင်ချောက် ချားဖြစ်ခြင်း၊ အာရုံမှားမြင်ခြင်း၊ အာရုံမှားကြားခြင်း၊ အရက်ငန်းဖမ်းခြင်း၊  မူးယစ်ငန်းတက်ခြင်း၊ မေ့မြောခြင်း၊ တက်ခြင်းအာဟာရ ချို့တဲ့ခြင်းတို့ ဖြစ်ပါတယ်။

ဆေး/အရက်စွဲခြင်းကြောင့် နောက်ဆက်တွဲ လက္ခဏာတွေက အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါများ၊   အသည်းနဲ့ဆက်စပ်တဲ့ ရောဂါများ၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါများ၊ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများ၊ ဗီတာမင်ချို့တဲ့ခြင်းနဲ့ သွေးအား နည်းခြင်း၊ အရက်၊ မူးယစ်ဆေးစွဲမိခင်မှ သန္ဓေသားထိခိုက်ခြင်း၊ အခြားဆေးဝါးနဲ့ဓာတ်မတည့်ခြင်း၊ ကြွက်သားအားနည်းခြင်း တို့ဖြစ်တယ်။ ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ၊ လူမှုရေးပြဿနာများ၊ မိသားစုပြိုကွဲခြင်းများဖြစ်ကြပါတယ်။

အရက်၊ ဆေးစွဲသူကို အရက်ဖြတ်ဖို့တိုက်တွန်းရမယ်။   အရက်ကြောင့်   လူမှုရေးဆုံးရှုံးနိုင်ကြောင်းသူ့ကိုပြောရမယ်။ အရက်၊ ဆေးစွဲသူကို ရောဂါတစ်ခုရှိကြောင်း ထောက်ပြပြီး အရက်ဖြတ်ဖို့တိုက်တွန်းရမယ်။ အရက်စွဲရောဂါ၊ ဆေးစွဲရောဂါကို အစိမ်းဖြတ် ခြင်းက အန္တရာယ်ပိုကြီးပါတယ်။ နီးစပ်ရာဆေးခန်းမှာစနစ်တကျကုသမှုခံယူပြီး ကူညီပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားမှု နဲ့အားဆေး၊ ဖြတ်ဆေးမှီဝဲပြီးအာဟာရပြည့်ဝစွာ တိုက်ကျွေးဖို့လိုအပ်ပါတယ်။ အိပ်ဆေးလိုပါတယ်။

အချိုဓာတ်ပါတဲ့သစ်သီးဖျော်ရည် သောက်ခိုင်းရမယ်။ အစာကြေလွယ်တဲ့ ပျော့ပျောင်း အစာကျွေးရမယ်။ ဗီတာမင်ဘီဝမ်းနဲ့ အခြားဘီအုပ်စုပါ အားဆေးတွေ သောက်ခိုင်းရမယ်။ အစာအိမ်အောင့်ခြင်း၊ လေချဉ်တက်ခြင်းမျိုးဖြစ်ရင် အစာအိမ်အချဉ်ပေါက်တဲ့ ဆေးဝါး၊ ဒိုင်ဂျင်း၊ ရီနယ်သဒင်းသောက်သုံးဖို့လိုသလို အိပ်ဆေးလိုအပ်တယ်။ အနည်းဆုံးနှစ်ပတ်အနားယူပြီး အရက်သောက်ခြင်း ပြတ်လပ်သွားတဲ့အထိ ဆောင်ရွက်သွားရမယ်။ သို့မဟုတ် မူးယစ်ဆေးနှင့်အရက်ဖြတ်ဌာနတွေနဲ့ဆက်သွယ်ရမယ်။

မူးယစ်ဆေးဝါး၊ အရက်စွဲသူများ နောက်ဆက်တွဲရောဂါများ ပျောက်ကင်းအောင် မကြာခဏတွေ့ဆုံခြင်း၊ အရက်ဖြတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ အကြံပြုခြင်းများ၊ အရက်ပြန်မသောက်အောင် အရက်အပေါင်းအသင်းကအစ ဖယ်ရှားနိုင်ဖို့လူရွေးပြီးပေါင်းဖို့ အထိစီစဉ်ပေး၊ ပညာပေးရမယ်။ ပြန်လည်ထူထောင်ရေးအပိုင်းမှာ အရက်စွဲ၊ ဆေးစွဲသမားများယခင်မွေ့ပျော်ခဲ့ဖူးတဲ့ အသိုက်အမြုံ (အရက်ဝိုင်း၊ ဆေးဝိုင်း)မှရှောင်ဖယ်ခြင်း၊ တစ်ယောက်တည်း အထီးကျန်ခြင်း၊ ပျင်းရိငြီးငွေ့ဖွယ် ပတ်ဝန်းကျင်နဲ့အခြေအနေ၊ ဝေဖန်ကဲ့ရဲ့ မှုဒဏ်မခံနိုင်ခြင်းများ၊ စိတ်ဖိစီးမှုအတက်အကျမြန်ခြင်းများ၊ ကျင်လည်ကျက်စားခဲ့တဲ့ဆီမကြာခဏသွားရောက်ခြင်း၊ ဆုံးရှုံးခြင်းများအမှတ်ရခံစားနေရခြင်း၊ မိသားစုပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရခြင်း၊ အလုပ်ပင်ပန်းနွမ်းနယ်ခြင်းနဲ့ငြင်းခုံမှုများ၊ တင်းမာမှု တွေနဲ့ ရင်ဆိုင်ရခြင်း၊ အိပ်မပျော်မှုများ၊ အိပ်ရေးပျက်ခြင်းများ၊ စနေ၊ တနင်္ဂနွေရုံးအားရက်တွေမှာ အဖော်မဲ့နေခြင်းတို့က အရက်၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလောကထဲ ပြန်ဝင်ရောက်သွားတယ်။

အရေးပေါ်စိတ်ပညာ လိုအပ်လာပါတယ်။ အရေးပေါ်စိတ်ရောဂါဆိုတာ လူတစ်ယောက်မှာ မမျှော်လင့်ပဲအတွေးအခေါ်များ၊ ခံစားမှုများ၊ အပြုအမူများပင်ကို သဘာဝမှပြောင်းလဲသွားပြီး မိမိ သို့မဟုတ် မိသားစု သို့မဟုတ် သူတစ်ပါးကို အနှောင့်အယှက် ဖြစ်ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အရေးပေါ် ဆေးကုသမှုပေးဖို့လို အပ်နေတဲ့ စိတ်ကျန်းမာရေး ချို့ယွင်းမှုကိုခေါ်ပါတယ်။

အထူးဆိုရရင် လူတစ်ယောက်ဟာ ရုတ်တရက်ဂနာမငြိမ်ဖြစ်ပြီး ဆောက်တည်ရာမရဘဲ အမျက်ဒေါသပြင်းပြင်းထွက်ခြင်း၊ ရန်လိုခြင်း၊ ကိုယ်နှုတ်အမူအရာကြမ်းတမ်းခြင်း၊ ဖျက်ဆီးခြင်း၊ မိမိ သို့မဟုတ် အခြားသူများကို အန္တရာယ်ဖြစ်စေတဲ့ စိတ်ကျန်းမာရေး အခြေအနေကို ရုတ်တရက်စိတ်ဖောက်ပြန်ခြင်းလို့ခေါ်ပါတယ်။ ရုတ်တရက် စိတ်ဖောက်ပြန်စေတဲ့အခြေအနေတွေက အရက်နဲ့ မူးယစ်ဆေး လွန်ကဲခြင်း၊ သံသယလွန်ကဲစိတ်ရောဂါ၊ လှုံ့ဆော်မယ့် အာရုံများခံစားရခြင်း၊ တုံ့ပြန်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး ဉာဏ်ရည် ချို့ယွင်းပါက လူနာကိုဆေးကုသဖို့လိုကြောင်း ဆွေးနွေးရမယ်။ လူနာရဲ့ယုံကြည်မှုရယူပြီး ကြင်နာစွာဆက်ဆံရပါမယ်။ လူနာကိုမထိတ်လန့်စေသင့်ဘူး။ ဝိုင်းအုံမကြည့်သင့်ဘူး။ မိမိကိုယ်ကိုကာကွယ်ပြီးမှ လူနာကိုမိမိရရထိန်းချုပ်ပြီး လိုအပ်တဲ့ ဆေးကုသမှုများကို တစ်ပြိုင်နက်ပေးရမယ်။ မူးယစ်ဆေး၊ အရက်ဖြတ်ပေးရမယ်။

ကမ္ဘာပေါ်မှာလူသန်းပေါင်း ၄၅၀ လောက်ဟာ စိတ်ရောဂါတစ်မျိုးမျိုးစွဲကပ်နေသလို ယင်းမှထက်ဝက်ခန့်မှာ အရက် သို့မဟုတ် မူးယစ်ဆေးစွဲကာ အသည်းရောဂါများရရှိနိုင်လို့ “အရက်၊ မူးယစ်ဆေးတိုက်ဖျက်ရေး” ဆောင်ရွက်ရမယ်။  ။

ဒေါက်တာလွင်သန့်