အစိုးရနှင့်ပြည်သူလက်တွဲစေချင်
လူတိုင်းလူတိုင်းမှာ မွေးရာပါဂုဏ်သိက္ခာဆိုတာရှိပါတယ်။ ကျွန်မတို့က စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးနဲ့ အနုပညာလောကတွေမှာ ဂုဏ်သတင်းကျော်စောပြီး နာမည်ကြီးနေတဲ့သူတွေမှာပဲ ဂုဏ်သိက္ခာရှိတယ်လို့ ထင်တတ်ကြပါတယ်။ လူတော်တော်များများက နာမည်ကြီးတဲ့ လူတွေကို မော့ကြည့်အားကျပြီး အထင်ကြီးကြတယ်။ လေးစားကြတယ်။ သူတို့ကို ဂုဏ်သိက္ခာကြီးမြင့်သူ လို့ထင်ကြတယ်။ တကယ့်ကို အရေးကြီးလှတဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာထိန်းသိမ်းဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။
နာမည်ကြီးတဲ့သူတချို့က သူတို့ရဲ့အောင်မြင်မှုကိုအသုံးချတယ်။ လူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတာကိုအကြောင်းပြုပြီး လမ်းလွဲအောင် လုပ်တတ်ကြတယ်။ အဲ့ဒီလူတွေဟာ ကိုယ့်အယူအဆက မှန်သလား၊ မှားသလားတောင်မဝေခွဲနိုင်ဘဲ ပုဂ္ဂလိကခံစားချက်ကို ရှေ့တန်း တင်ပြီး ကိုယ်မုန်းတဲ့သူကို လူတွေလိုက်ပြီးမုန်းအောင် သွေးထိုးကြတယ်။ ကိုယ့်ရဲ့မလိုတမာစိတ်တွေ မထိန်းသိမ်းနိုင်ဘဲ ကိုယ်တိုင်မလုပ်ရဲတဲ့ တိုင်းဖျက်ပြည်ဖျက်အလုပ်တွေကို ရိုးသားဖြူစင်တဲ့သူတွေကို လှုံ့ဆော်ခိုင်းစေတယ်။ ကိုယ်လုပ်စေတဲ့အလုပ်က လူပုဂ္ဂိုလ်တစ်ယောက်တည်း ထိခိုက်စေတာလား၊ နိုင်ငံတော်ပါထိခိုက်စေတာလားလည်း မသိနားမလည်ကြပါဘူး။
တချို့လူငယ်တွေက အမှားအမှန်မစဉ်းစားတော့ဘဲ လိုက်လုပ်ကြတယ်။ သူများခိုင်းတိုင်းလိုက်လုပ်တဲ့အတွက် လမ်းလွဲရောက်ပြီး ဘဝပျက်ကြရတယ်။ ဒီလူငယ်တွေဆိုတာ တိုင်းပြည်အတွက် အကောင်းဆုံးလူ့စွမ်းအား အရင်းအမြစ်တွေမို့ တိုင်းပြည်မှာလည်း ထိခိုက်နစ်နာရပါတယ်။ ထင်ရာလုပ်တဲ့ လူငယ်တချို့ ပြန်ပြီးအဖတ်ဆယ်လို့မရလောက်အောင် ဘဝပျက်သွားကြတာတွေ တွေ့နေရပါပြီ။ လူ့စည်းကမ်းတွေပျက်၊ လူ့ဂုဏ်သိက္ခာတွေပျက်ပြီး မကြားဝံ့မနာသာတွေ ဖြစ်နေကြပါပြီ။ လူဆိုတာက တစ်ခုခုဖြစ် လာရင် သူ့ကြောင့်ကိုယ့်ကြောင့် လက်ညှိုးထိုးအပြစ်ရှာတတ်တဲ့သဘာဝရှိပါတယ်။ တကယ်တော့ ဖြစ်လာတဲ့ကိစ္စမှန်သမျှဟာ “ဘယ်သူမပြုမိမိမှု” ပါပဲ။ ဒါကြောင့် ဂုဏ်သိက္ခာရှိတဲ့ကိုယ့်ဘဝကို သူတစ်ပါးအသုံးချခံမဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။ နာမည်ကြီး တဲ့ လူတွေမို့ လုပ်တိုင်းမှန်တယ်လို့မထင်ပါနဲ့။ လက်ခုပ်သံကို လိုချင်လို့ ပေါ်ပင်တွေ၊ လူပြိန်းကြိုက်တွေ လျှောက်ပြောပြီး လူတွေကို အဆိပ်ခတ်နေတဲ့သူတွေ အများကြီးရှိနေတယ်ဆိုတာ သတိထားစေချင်ပါတယ်။
ဒီမိုကရေစီဆိုပြီး အဲ့ဒီလိုတွေ စည်းလွတ်ဘောင်လွတ်တွေလျှောက်ပြောခဲ့လို့ တိုင်းပြည်မှာ အခုဘယ်လိုဖြစ်နေပြီလဲ။ ဝါးအစည်း ပြေသလိုဖြစ်ပြီး အချင်းချင်းမုန်းတီးသတ်ဖြတ်နေကြတာတွေရဲ့ တရားခံတွေက သူတို့ပါပဲ။ မျိုးချစ်စိတ်လို့ပြောတာနဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ မျိုးချစ်စိတ်ဆိုတာမလိုအပ်တော့ဘူးလို့ ပြောကြတယ်။ တကယ်တော့ ရှေးအတီတေကတည်းက မျိုးချစ်စိတ်နဲ့ စောင့်ရှောက်ခဲ့ကြလို့ ဒီနေ့ထိ မြန်မာနိုင်ငံဆိုတာ တည်တံ့နေတာဖြစ်ပါတယ်။ မျိုးချစ်စိတ်မရှိတော့ရင် နိုင်ငံ၊ လူမျိုး၊ ကိုးကွယ်ရာ ဘာသာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်။
လူတွေကို အပြောကောင်းရုံနဲ့မယုံကြည်သင့်ပါဘူး။ သူ့တစ်ကိုယ်စာတော်နေရုံ၊ ထင်ပေါ်ကျော်ကြားရုံနဲ့လည်း လူကောင်း မဟုတ်ပါ ဘူး။ နေရာတိုင်းမှာ တိုင်းတာတဲ့စံဆိုတာရှိပါတယ်။ တစ်ကိုယ်စာကောင်းနေရုံသာမက သူ့မိသားစု၊ သူနေထိုင်တဲ့ပတ်ဝန်းကျင်၊ သူမွေးဖွား ကြီးပြင်းရာ နိုင်ငံတော်အတွက် ဘာတွေအကျိုးပြုခဲ့သလဲဆိုတာ သက်သေပြနိုင်မှ လူကောင်းပါ။ နိုင်ငံနဲ့လူမျိုးအတွက် ဘာမှအရာထင်အောင်မလုပ်ခဲ့ဘဲ လေပြောကြီးနေတဲ့လူကို လူကောင်းလို့မသတ်မှတ်နိုင်ပါဘူး။
နိုင်ငံသားတစ်ယောက် လိုက်နာရမယ့် စည်းကမ်းတွေလိုက်နာတယ်။ ကိုယ်တိုင်တိုးတက်အောင် ကြိုးစားပြီး မိမိဂုဏ်၊ မိသားစုဂုဏ်၊ နိုင်ငံတော်ရဲ့ဂုဏ်ကိုဆောင်နိုင်ရင် လူတော်ပါပဲ။ အဲ့ဒီလူဟာ ထင်ပေါ်ကျော်ကြားမှုမရှိရင်တောင် တန်ဖိုးရှိတဲ့သူ ဖြစ်ပါတယ်။ လေတစ်လုံးမိုးတစ်လုံးနဲ့ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ထင်ရာမြင်ရာလျှောက်ပြောနေတဲ့သူဟာ တိုင်းပြည်ဖျက်တဲ့သူပါ။ ရှေ့မကြည့်နောက်မကြည့် ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ “ငါ့စကားနွားရ” ပြောရရင်ပြီးရောဆိုတဲ့ လူ့အန္ဓတွေ ပါးစပ်ဖျားမှာ ကျွန်မတို့ တွေက လမ်းဆုံးကြရမှာလား။
နိုင်ငံကောင်းအောင် မလုပ်နိုင်ချင်နေပါ။ ကိုယ့်နိုင်ငံနဲ့လူမျိုးကိုထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက် လုပ်ဆောင်ကြတာတော့ လုံးဝမကောင်းပါဘူး။ အစိုးရကိုတိုက်ခိုက်တယ်လို့ဆိုရအောင်လည်း လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဟာ နိုင်ငံခြားသားတွေ မဟုတ်ပါ ဘူး။ အသက်နဲ့ရင်းပြီး နိုင်ငံ့ရန်စွယ်ကာကွယ်ခဲ့ကြတဲ့သူတွေပါ။ နိုင်ငံကိုတိုးတက်အောင် ဦးဆောင်နိုင်စွမ်းရှိသူတွေပါ။ အာဏာသိမ်း သလား၊ အာဏာထိန်းသလားဆိုတာလည်း သေချာမသိဘဲ တော်လှန်မယ်ဆိုတာပဲလုပ်နေကြတော့ လူငယ်တွေ ထိခိုက်တယ်။ တိုင်းပြည်နစ်နာပါတယ်။
ရှေးအဆက်ဆက်က တိုင်းပြည်အုပ်ချုပ်ကြတဲ့ မြန်မာမင်းတွေက အချုပ်အခြာအာဏာတည်တဲ့ နိုင်ငံဖြစ်အောင် စောင့်ရှောက် ခဲ့ကြပြီး မျိုးဆက်သစ်တွေကို အမွေပေးခဲ့ပါတယ်။ အခုကျမှ သူများလက်နဲ့ရေးခဲ့တာ ခြေနဲ့ဖျက်နေကြတဲ့ လူ့အမှိုက်တွေစကားကို နားထောင်ပြီး တိုင်းပြည်ဖျက်တဲ့ သူတွေလုပ်ကြမလို့လား။ ပေါ်ပေါ်တင်တင်နယ်ချဲ့တာမဟုတ်ပေမယ့် သြဇာခံလက်ဝေခံ ခေတ်သစ် ကို လိုနီနိုင်ငံဖြစ်အောင် ပြည်ပနဲ့ပေါင်းပြီးတိုက်ခိုက်ကြတာကို ကျွန်မတို့ပြည်သူတွေက လက်ခံကြရမှာလား။ပြောတော့ ဒီမိုကရေစီ ဆိုပြီး မတူကွဲပြားမှုကို လက်မခံနိုင်ကြဘူး။
ပြစ်မှုကျူးလွန်လို့အဖမ်းခံရရင် “လူ့အခွင့်အရေး ချိုးဖောက်ခံရပါတယ်” တွင်တွင်အော်ကြပြီး အမြင်မတူတဲ့သူတွေအပေါ်မှာ လူသတ်မုဒိမ်းကျင့်ဝါဒကို ကျင့်သုံးတာကရော လူ့အခွင့်အရေးကိုလိုက်နာတာပါလား။ ဒလန်စွပ်စွဲပြီး သတ်လိုက်တယ်ဆိုတဲ့ သတင်းအောက်မှာ “ကောင်းလိုက်တာ၊ ဝမ်းသာလိုက်တာ” လို့ ဝင်ရေးပြီး “ပါဏာတိပါတကံ” ကို သွယ်ဝိုက်ပြီးကျူးလွန်နေကြတဲ့ သူတွေကရော ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီနဲ့ ထိုက်တန်တယ်လို့ ထင်ပါသလား။
သူများအသက်ကို ဖက်ရွက်လိုသဘောထားပြီး သတ်ဖြတ်နေကြတာတော်လှန်ရေးလား။ ကိုယ်လုပ်တာကို ကိုယ်ဝန်မခံရဲဘဲ သူများကို လက်ညှိုးထိုး အပြစ်ပုံချတာကရော တော်လှန်ရေးလား။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဏီၤ လို့နာမည်လှလှပေးထားပြီး ပြည်သူကို သတ်ဖြတ်မုဒိမ်းကျင့်တဲ့ တော်လှန်ရေးကြီးကရော အောင်မြင်တော့မှာလား။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ပေးထားပါရက်နဲ့ အများပြည်သူရဲ့ကိုးကွယ်ယုံကြည်မှုကို ထိပါးနှောင့်ယှက်ပြီး သံဃာတော်တွေကို သတ်ဖြတ်နေကြတာကရော တော်လှန်ရေးအောင်မြင်ဖို့ နည်းလမ်းကောင်းတွေလား။
စာသင်ကျောင်းနဲ့ ဈေးတွေကိုမီးရှို့၊ ရုံးတက်ပြီးတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို သတ်ဖြတ်၊ ဘုရားဖူးတဲ့ သူတွေကိုပြဿနာရှာ မိုင်းခွဲ၊ ကာကွယ်ဆေးမထိုးဖို့လှုံ့ဆော်၊ တစ်ရပ်တည်းသားတွေကို ဒလန်သတ်မှတ်ပြီးခြိမ်းခြောက်သတ်ဖြတ်၊ ပါတီမတူတဲ့သူ တို့ရန်သူလို့ကြွေးကြော်၊ ဒါတွေ တစ်ခုချင်းစဉ်းစားကြည့်ရင် ပြည်သူကိုကာကွယ်တာလား။ အုပ်စုဖွဲ့ အကြမ်းဖက် တာလား။ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါတယ်။ နေ့စဉ်သတ်ဖြတ်ခံနေရတဲ့သူတွေက ကိုယ့်ရပ်ရွာမှာ အတူနေထိုင်ကြတဲ့ သူတွေပါ။ အချင်းချင်း ရိုင်းပင်းကူညီပြီး နဂိုကချစ်ချစ်ခင်ခင်နေခဲ့ကြတဲ့သူတွေပဲ မဟုတ်လား။ အစိုးရကိုဆန့်ကျင်တယ်ဆိုပြီး သတ်ဖြတ်ခံ နေရတာက ကိုယ့်ရပ်ဆွေရပ်မျိုးတွေချည်းပါ။ မီးလောင်ပြီးဘဝပျက်တဲ့သူတွေ၊ မိခင်ဖခင်မဲ့ကြရတဲ့ကလေးတွေ၊ ဒီလူတွေက ကိုယ့်မြန်မာလူမျိုး အချင်းချင်းပဲမဟုတ်ဘူးလား။
တပ်မတော်နဲ့ပြည်သူဆိုတာ ခွဲခြားလို့မရအောင် တစ်သားတည်းဖြစ်ခဲ့ပါတယ်။ ဒီလိုတစ်သားတည်းတစ်သွေးတည်းရှိနေတဲ့ တပ်နဲ့ ပြည်သူကို ဘယ်လိုအကြံဆိုးဉာဏ်ဆိုးတွေနဲ့ခွဲခြားခဲ့တာလဲ။ တပ်မတော်နဲ့ ပြည်သူအတူတူ တစ်သားတည်းရှိနေမှ အန္တရာယ်တွေ ကာကွယ်နိုင်မှာပါ။ တပ်နဲ့ပြည်သူသွေးကွဲအောင်လုပ်ခဲ့တာက နိုင်ငံပြိုကွဲစေချင်တဲ့ရည်ရွယ်ချက်ကလွဲပြီး ဘာများရှိနိုင်ဦးမှာလဲ။ တပ်မတော်သားတွေဆိုရင် နိုင်ငံအတွက်စွန့်လွှတ်အနစ်နာခံသူတွေရယ်လို့ အမြဲလေးစားတန်ဖိုး ထားတတ်ကြတဲ့နိုင်ငံပါ။ သိမ်မွေ့နူးညံ့ကြတဲ့ မြန်မာမိန်းကလေးတွေ စိတ်ထဲမှာတောင် ရဲစွမ်းသတ္တိရှိသူကိုသာ တန်ဖိုးထားတဲ့ဓလေ့ရှိပါတယ်။ ရှေးစာဆိုတစ်ဦးရဲ့ အိုင်ချင်းတစ်ပုဒ်မှာ “ကြင်ပါရလို၊ ကြင်ရလျှင်လည်း၊ ရေမြေ့သခင်၊ အရှင့်စက်ရင်း၊ ရွှေတိုက်တော်မှာ စာရင်းသွင်းသည့်၊ ချင်းချင်းတောက်တဲ့လူမှသာ” လို့ရေးထားတာကိုကြည့်ရင် ပိုထင်ရှားပါတယ်။
ဒီလို တပ်မတော်နဲ့ပြည်သူ ချစ်ကြည်ဖြူကြတဲ့ နိုင်ငံမှာ အမုန်းတရားတွေကြီးထွားပြီး သွေးကွဲအောင်လုပ်တဲ့သူတွေကို အလွန် အင်မတန်မှ စက်ဆုပ်မိပါတယ်။ နိုင်ငံရဲ့သမိုင်းကိုလေ့လာကြည့်ရင် စစ်ရေးပရိယာယ်ကြွယ်ဝကြတဲ့ မင်းတွေလက်ထက်မှာ နိုင်ငံပိုပြီး တိုးတက်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ တစ်နိုင်ငံတည်းသားတွေဖြစ်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လို့ ရင်းနှီးချစ်ကြည် ကြတဲ့ သူတွေဟာ ဘာကြောင့်များစည်းလုံးညီညွတ်မှုတွေ ပျက်စီးကြရမှာပါလဲ။ “နွားကွဲရင် ကျားဆွဲ တတ်ပါတယ်။” ဒါ့ကြောင့် ဘယ်သူတွေခွဲခွဲ၊ မကွဲမပြား စည်းလုံးညီညွတ်ကြဖို့လိုပါတယ်။
သွေးကွဲကြတဲ့အပေါ်မှာ အခွင့်ကောင်းယူဖို့ ချောင်းနေတဲ့ ကျားငစဉ်းလဲလို လူတွေကိုလည်း သတိထားကြည့်ရင်မြင်နိုင်ပါပြီ။ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီတွေ ဘယ်လိုပြောနေကြလဲ တကယ်တော့ အရေးမကြီးတော့ပါဘူး။ သူတို့ပြောတဲ့ “ဒီမိုကရေစီ” ဆိုတာ အင်အားကြီးတဲ့နိုင်ငံတွေက နိုင်ငံငယ်တွေကို လိုသလိုပုံဖော်အပြစ်တင်ဖို့သုံးတဲ့ စကားလုံးလက်နက်ပါ။ နဂိုကတည်းက လူအချင်းချင်းတန်ဖိုးထားပြီး ဘုရားရှင်အဆုံးအမနဲ့ ညီညွတ်တဲ့ဒီမိုကရေစီဆိုတာက မြန်မာတွေရဲ့ နှလုံးသားမှာရှိပြီးဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ ကိုက်ညီတဲ့ဒီမိုကရေစီဆိုတာ မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေမှာပါပြီးဖြစ်ပါတယ်။ အခုလို အပြင်ရော အတွင်းပါ ဖိအားပေးပြီး တိုင်းပြည်ထိခိုက်အောင်လုပ်နေကြတဲ့အချိန်မှာ ကမ္ဘာတည်သရွေ့မြန်မာတည်နေဖို့သာ မြန်မာ တိုင်းရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။
အရေးကြီးပါပြီ။ မညီညွတ်မှုအပေါ်အခွင့်ကောင်းယူတဲ့ နိုင်ငံတကာကဖိအားတွေ၊ ပိတ်ဆို့မှုတွေ ခံရနိုင်တဲ့ အခြေအနေရောက် နေပါပြီ။ ဘယ်လိုဖိအား၊ ဘယ်လိုပိတ်ပင်မှုမျိုးမဆို ကျော်ဖြတ်နိုင်တဲ့ဇွဲသတ္တိဆိုတာ မြန်မာတွေမှာရှိပြီးသားဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု အားသာရှိရင် အားလုံးကိုကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ လူငယ်တွေကိုလည်း သူများမြှောက်ပေး လို့ လုပ်နေကြတဲ့ တိုင်းဖျက်ပြည်ဖျက် လုပ်ရပ်တွေကို ရပ်လိုက်ကြပါတော့လို့ ပြောချင်ပါတယ်။ လက်နက်စွဲကိုင် တော်လှန်ကြ တယ်ဆိုတာ နောင်တစ်ချိန်မှာ သူပုန်သာ ဖြစ်ပါမယ်။ အခုလုပ်နေတဲ့လုပ်ရပ်တွေက တိုင်းပြည်ဖျက်နေတာလား၊ ကောင်းအောင် လုပ်နေတာလားလို့ ကိုယ့်လုပ်ရပ်ကိုသုံးသပ်ပါ။ ကိုယ့်ကြောင့် လူတွေကောင်းလာတာလား၊ ပိုဆိုးသွားတာလား သေချာသိဖို့လိုပါပြီ။ တကယ့်ကို စေတနာကောင်းနဲ့ နိုင်ငံကောင်းအောင်လုပ်ဖို့ နိုင်ငံအရေးလုပ်ဆောင်ချင်တယ်ဆိုရင် အလင်းထဲမှာနေပါ။ လိုအပ်တဲ့ ပညာကိုသင်ယူပါ။ အချိန်တန်ရင် ပါတီထူထောင်ပါ။ ဒီမိုကရေစီကျကျ ယှဉ်ပြိုင်ပြီး နိုင်ငံအရေးလုပ်လို့ရပါတယ်။ ပညာမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရပါဘူး။ ပညာမဲ့တွေလက်ထဲမှာ ငါးနှစ်လုံးလုံး နိုင်ငံတော်ကြီးဘယ်လောက်ဆုတ်ယုတ်ခဲ့သလဲ။ မြင်အောင်ကြည့်ကြ ပါ။
နိုင်ငံဆူပူအောင်သွေးထိုးမြှောက်ပင့်နေကြတဲ့ CRPH ဘာလဲ။ NUG ဘာလဲ။ PDF ဘာလဲ။ ဒီလူတွေဟာ အတ္တကိုရှေ့တန်းတင်ပြီး ပြည်ဖျက်တဲ့သူတွေပါ။ သူတို့ရဲ့ဇာတ်သိမ်းက ဘယ်လိုမှမလှနိုင်ပါဘူး။ ဒီမိုကရေစီကို သွေဖည်တဲ့ NLD လူသတ်အကြမ်းဖက်တွေကို နိုင်ငံရေးဇာတ်ခုံမှာ ဘယ်ပြည်သူကမှ အလိုမရှိတဲ့အတွက် နိဂုံးချုပ်ပါပြီ။စေ့စေ့တွေးကြည့်ရင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကိုသာ အခြေခံပြီးနိုင်ငံချစ်စိတ်မရှိတာတွေကိုလည်း ပြည်သူတွေသိလာကြပါပြီ။ မိမိတို့ရဲ့ တစ်ဦးချင်းဂုဏ်သိက္ခာနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ကို မထောက်ထားဘဲ ကိုယ်ကျိုးရှာ ပြည်ဖျက်နေတဲ့မီဒီယာတွေ၊ မိမိရဲ့ထင်ပေါ်ကျော်ကြားမှုကိုအသုံးချပြီး ပြည်ဖျက်ဖို့လှုံ့ဆော်နေတဲ့ အဆိပ်သင့်စာရေးသူတွေလည်း တိုင်းဖျက်ပြည်ဖျက်အလုပ်တွေကို ရပ်တန်းကရပ်လိုက်ကြပါတော့။ အချိန်တန်ရင် သမိုင်းမှာ ပြည်ဖျက်သူဆိုတဲ့နာမည်ဆိုးနဲ့ မှတ်တမ်းတင်သာခံရမှာဖြစ်ပါတယ်။ ကိုယ်တိုင်နဲ့ကိုယ့်သားသမီးမပါစေရဘဲ သူများသားသမီးကို အာဇာနည် အမည်တပ်ပြီး သေတွင်းကိုပို့ခဲ့တဲ့လူပုဂ္ဂိုလ်တွေကိုလည်း “ဝဋ်မှာအမြဲ၊ ငရဲမှာအပ” ဆိုတာကို မမေ့ကြပါနဲ့လို့ ပြောလိုက် ချင်ပါတယ်။
နိဂုံးချုပ်ပြောချင်တာကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကိုပြန်သုံးသပ်ပါ။ တန်ဖိုးရှိလှတဲ့ ကိုယ့်ဘဝကို လူတစ်ဦး တစ်ယောက် အတွက် မစတေးလိုက်ပါနဲ့။ ပျက်အစဉ်ပြင်ခဏမို့ ပြင်ဆင်ဖို့ နောက်ကျတယ် ဆိုတာမရှိပါဘူး။ တိုင်းပြည်ဖျက်ဆီးတဲ့ အလုပ်တွေ လုပ်နေမယ့်အစား၊ နားမလည်သေးတဲ့ ကလေးတွေကို သွေးထိုးမြှောက်ပင့်နေမယ့်အစား၊ အမုန်းတရားတွေပယ်ခွာပြီး နိုင်ငံတော် တိုးတက်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့။ အေးချမ်းတဲ့အမိမြေမှာ အပြုံးပန်းတွေဝေဆာဖို့ စည်းလုံးညီညွတ်ကြပါစို့လို့ တိုက်တွန်း နှိုးဆော်လိုက်ပါရစေ။ ။
ခင်ခင်မျိုးချစ်
(နေပြည်တော်)