ပေးအပ်ထားသည့်ကတိကဝတ်များကိုဖြည့်ဆည်းရန်ကြိုးပမ်းနေသည့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ

ပေးအပ်ထားသည့်ကတိကဝတ်များကိုဖြည့်ဆည်းရန်ကြိုးပမ်းနေသည့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ

ဂျပန်အစိုးရသည်  နိုင်ငံ၏စီးပွားရေးပြန်လည်တိုးတက်ရန်   လှုံ့ဆော်မှုတစ်ရပ်အနေဖြင့်  နိုင်ငံအတွင်းရှိပြည်သူများကို  ငွေကြေး ထောက်ပံ့မှုများ   ပေးအပ်သွားမည်ဖြစ်သည်။ အစိုးရ၏ အဆိုပါငွေကြေးထောက်ပံ့ရေး အစီအစဉ်အရ အသက် ၁၈ နှစ်အောက် ကလေးရှိ သော အိမ်ထောင်စုများကို ယန်း တစ်သိန်း(ဒေါ်လာ ၈၀၀ ခန့်) ထောက်ပံ့မည်ဖြစ်သည်။   

ထိုသို့ထောက်ပံ့ရာတွင်လည်း    ၎င်းအိမ်ထောင်စုများ ဝင်ငွေရရှိသည့်ပမာဏကို   ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ထောက်ပံ့မှု ပုံစံဖြင့် ပေးအပ်မည်ဖြစ်သည်။ အဆိုပါငွေကြေးထောက်ပံ့မှုအစီအစဉ်အတွက် အစိုးရက ယန်းနှစ်ထရီလီယံလျာထားပြီးဖြစ်သည်။  အစိုးရက ဖော်ဆောင်မည့်  ငွေကြေးထောက်ပံ့ရေးအစီအစဉ်သည် ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါ၏ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ် နှင့် မဟာမိတ်ပါတီတို့က မကြာသေးမီကကျင်းပသည့် အောက်လွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာအများစုကို   ရရှိပြီး နောက်ပိုင်းတွင်  ထွက်ပေါ်လာခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည်။

အစိုးရအနေဖြင့်     ငွေကြေးထောက်ပံ့မည့်အစီအစဉ်ကို    ယခုနှစ်ကုန်ပိုင်းတွင်အပိုအသုံးစရိတ်အဖြစ်    လွှတ်တော်သို့တင်သွင်း၍ ခွင့်ပြုချက် ရယူမည်ဖြစ်သည်။ အစိုးရ၏  အဆိုပါထောက်ပံ့မှုအစီအစဉ်သည် နိုင်ငံအတွင်း  ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကြောင့်  တိုးတက်မှု နှေးကွေးနေသည့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်လည် ပတ်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကိုဗစ်-၁၉  ရောဂါကူးစက်မှုသည် နိုင်ငံအတွင်းရှိ ကဏ္ဍအများအပြားအပေါ် ဆိုးကျိုးသက် ရောက်စေခဲ့သည်။

ဂျပန်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်  အစိုးရက  အရေးပေါ်အခြေအနေကို လေးကြိမ်တိုင်တိုင် ချမှတ် ပြဋ္ဌာန်း ခဲ့ရသည်။  ရောဂါထိန်းချုပ်မှုနှင့်စပ်လျဉ်း၍   ဝန်ကြီးချုပ်ဟောင်း  ဆူဂါဦးဆောင်သည့်   ယခင်အစိုးရအနေဖြင့် ဝေဖန်ခြင်းခံခဲ့ရပြီး အစိုးရအဖွဲ့၏ကိုင်တွယ်မှုမှာ   ရောဂါထိန်းချုပ်နိုင်မှုမရှိဟူသော  ပြောဆိုသံများထွက်ပေါ်လာခဲ့သည့်အပြင် အစိုးရအဖွဲ့၏ပုံ ရိပ်မှာ လည်း ကျဆင်းလာ ခဲ့ရသည်။ နိုင်ငံအတွင်း   ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့် စီးပွားရေးမှာလည်း   အထိနာခဲ့ရသည့်အပြင်   အလုပ်အကိုင်ဆုံးရှုံးမှုများ၊    ပို့ကုန်သွင်းကုန်လုပ်ငန်းတချို့ရပ်ဆိုင်းခဲ့ရသည်။  နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းလာခြင်းမှာ  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်သာမက စီးပွားရေးပြန်လည်တိုးတက်လာစေရန် လိုအပ်သည့်မူဝါဒများကို အစိုးရက   ချမှတ်ဖော် ဆောင်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်ဟု  သုံးသပ်သူတချို့ကပြောသည်။

၂၀၂၀   ပြည့်နှစ်    ဒီဇင်ဘာလတွင် အလုပ်သမားများကိုပေးအပ်သည့်   လုပ်ခပမာဏမှာ ၁၀ လဆက်တိုက်ကျဆင်းလာခဲ့ပြီး ယင်းဖြစ် စဉ်သည် ၂၀၁၄ ခုနှစ်မှစ၍အဆိုးဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် ပို့ကုန်တင်ပို့သည့်လုပ်ငန်းမှာ၁၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားသည့် အပြင် အလုပ်လက်မဲ့နှုန်းသည် ၂  ဒသမ၉ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။

သို့ရာတွင် ဂျပန်နိုင်ငံ၏ စီးပွားရေးဒူပေနာပေခံနိုင်မှုသည် မျှော်လင့်ထားသည်ထက် ပိုမိုခံနိုင်ရည်ရှိသည်ဟု ကျွမ်းကျင်သူများ ကပြောသည်။ အစိုးရသည် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန် တတ်စွမ်းသလောက်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင် ရာတွင် စီးပွားရေးတိုးတက်လာစေရန် လှုံ့ဆော်ပေးခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည်။သို့ရာတွင် အစိုးရ၏ဆောင်ရွက်မှုမှာ နိုင်ငံ၏စီးပွားရေး ကောင်းစွာပြန်လည်ဦးမော့လာသည်အထိ  ထိရောက်မှုမရှိဟု  တချို့ကဆိုသည်။

ဂျပန်နိုင်ငံ၌   ပြီးခဲ့သည့်လကုန်ပိုင်းက ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင်  အနိုင်ရရှိပြီးချိန်မှစ၍ ဝန်ကြီးချုပ် ကီရှီဒါသည်ယခင်က   ၎င်းပေးအပ်ထားသည့် ကတိကဝတ်များကိုဖြည့်ဆည်းပေးရန် ကြိုးပမ်းနေသည့် အလားအလာရှိသည်ဟု ဆိုနိုင်သည်။ ကီရှီဒါ ဦးဆောင်သည့် အစိုးရသည်ယခုအခါ  နိုင်ငံ၏စီးပွားရေးပြန်လည်တိုးတက်လာစေရန်  ယခင်ကချမှတ်ထားသည့်တင်းကျပ်မှုများကို ပြန်လည်ဖြေလျှော့ပေးရန်စီစဉ်ထားသည်။

အဆိုပါတင်းကျပ်မှုများကို ကိုဗစ်-၁၉ရောဂါကူးစက်မှု ဖြစ်ပွားနေသည့်ကာလအတွင်း၌ ချမှတ်ထားခြင်းဖြစ်သည်။ ထို့ပြင်နိုင်ငံ အတွင်းသို့   စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဝင်ရောက်လာသည့်ကာလတိုဝင်ရောက်မှုအား ပိတ်ထားခြင်းကိုလည်း လာမည့် ရက် သတ္တပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးရန်  စီစဉ်ထားသည်ကို တွေ့ရသည်။ သို့ရာတွင် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်မှုကို  ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

ဝန်ကြီးချုပ်ကီရှီဒါသည် ၎င်း၏အစိုးရအဖွဲ့သစ်ကို လာမည့်ရက်သတ္တပတ်အတွင်းပြန်လည်ဖွဲ့စည်းရာတွင် ရာထူးမှထွက်ခွာတော့ မည့် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတေဂီ၏ နေရာ၌ဆက်ခံမည့် တခြားသင့်လျော်သူတစ်ဦးဦးကို ရှာဖွေရမည်ဖြစ်သည်။ထို့ပြင်   အစိုးရသစ်အနေဖြင့်  နိုင်ငံအတွင်း  ရောဂါကူးစက်မှုကြောင့်  ထိခိုက်ခဲ့ရသည့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ညွန့်ပေါင်းအစိုးရအဖွဲ့မှ  မဟာမိတ်ပါတီနှင့် ဆွေးနွေးလျက်ရှိသည်။ အဆိုပါဆွေးနွေးမှုများမှာလည်း ချောမွေ့စွာပြီးဆုံးမည်ဟူသော ပြောဆိုသံများထွက်ပေါ်နေသည်။

အလားတူ ဝန်ကြီးချုပ် ကီရှီဒါဦးဆောင်သည့်အစိုးရသစ်သည်  နိုင်ငံအတွင်းရှိသက်ကြီးရွယ်အို ပြုစုရေးဝန်ထမ်းများနှင့် သူနာပြုများ အား လုပ်ခလစာတိုးမြှင့်ပေးရန်စီစဉ်နေသည်။ လက်ရှိတွင် ယန်းငွေတန်ဖိုးကျဆင်းနေပြီး စက်သုံးဆီ ဈေးနှုန်းမြင့်မားနေ သောကြောင့် နိုင်ငံအတွင်း၌ ကုန်ဈေးနှုန်းမြင့်မားမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် ပြည်သူများအား အထောက်အပံ့ များတိုးမြှင့်ပေးရန်  စီစဉ်နေခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည်။ ထို့ပြင် ကီရှီဒါသည် နိုင်ငံရေးဆက်ဆံမှုများ တိုးတက်လာစေရန်  အမေရိကန်သို့မကြာမီသွားရောက်ရန်စီစဉ်ထားသည်။

အချုပ်အားဖြ င့်ဆိုရပါမူ ကီရှီဒါသည်၎င်းအစောပိုင်းကပေးအပ်ခဲ့သည့် ကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းနေ သည်ဟု ဆိုနိုင်သည်။   ထို့ကြောင့်အစိုးရသစ်က နိုင်ငံအတွင်းရှိပြည်သူများအား ပေးအပ်မည့်အထောက်အပံ့များသည် ရောဂါကူးစက် မှုကြောင့်  စီးပွားရေးအရ အထိနာမှုကို  အတော်အတန်သက်သာစေမည့်အပြင် ကီရှီဒါအနေဖြင့် ၎င်း၏ကတိကဝတ်အား မည်သည့် အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်မည်ကို ဂျပန်နိုင်ငံရေးအသိုက်အဝန်းက စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။   ။

ဇေယျဘုန်း

Ref: Japantimes, ST