Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့သစ်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင် စတုတ္ထပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုအခါ  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာတော့ အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ ဝင်ငွေ မရှိတဲ့သူတွေ၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်း လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းပါဝင်ဆောင်ရွက်သူတွေကို တစ်နေ့တာလုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ အထိ လက်ငင်းပေးချေဆောင်ရွက်ခဲ့တာ ဖြစ်တယ်”ဟုမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးကပြောသည်။

မြို့သစ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash for Work စီမံကိန်းဖြင့် မြို့နယ် အတွင်းရှိ မကြီးချို(တောင်)၊ မကြီးချို(မြောက်)၊ အင်းရွာကြီး၊ ပုလင်းပြားကြီး၊ ရွာသာယာ၊ ရွှေပန်း၊ အိုင်မဲ၊ အိုင်မ၊ ပိတ်ချင်းစမ်း၊ မြေပြင်သာ စသည့်ကျေးရွာ ၁၀ ရွာ၌ ကျေးရွာ တစ်ရွာလျှင် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ အဝင်နှင့် ကျေးရွာတွင်း ကျောက်ရောမြေလမ်းခင်းခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း ၁၀ ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းခုနစ်ခု၊ စာသင်ကျောင်းဆောင် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ ဘောလုံးကွင်းပြုပြင်ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း ၁၉ ခုကိုဇူလိုင်လ စတုတ္ထပတ်မှ    စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)