လတ်တလောဖြစ်ပွားနေသော ဆူပူဆန္ဒပြအကြမ်းဖက်လုပ်ရပ်များ၏ နောက်ကွယ်မှ မူးယစ်ဆေးဝါးအန္တရာယ်

လတ်တလောဖြစ်ပွားနေသော ဆူပူဆန္ဒပြအကြမ်းဖက်လုပ်ရပ်များ၏ နောက်ကွယ်မှ မူးယစ်ဆေးဝါးအန္တရာယ်

ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို အစိုးရအဆက်ဆက် “အမျိုးသား ရေးတာဝန်” တစ်ရပ်အဖြစ်သတ်မှတ်ပြီး နှိမ်နင်းခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(UNODC)ရဲ့ အစီရင်ခံစာများနဲ့အခြားသော မူးယစ်ဆေးဝါးဆိုင်ရာ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေဆဲဖြစ်ပါတယ်။ UNODC ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်တဲ့ အရှေ့နဲ့  အရှေ့တောင် အာရှဆိုင်ရာ အစီရင်ခံစာမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေပေမယ့် မူးယစ်ဆေးဝါးကုန်သွယ်မှု ကျဆင်းမသွားကြောင်းနဲ့ မူးယစ် ဆေးဝါး ဂိုဏ်းတွေက ကုန်သွယ်မှုတွေကို တိုးချဲ့နေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာအစီရင် ခံစာမှာလည်း မြန်မာနိုင်ငံ ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှု လျော့ကျလာပေမယ့် မက်သာဖက်တမင်း(Methamphetamine) ထုတ်လုပ်မှုနဲ့ တရားမဝင်ကုန်ကူးတဲ့ဈေးကွက် ကြီးမားကျယ်ပြန့်လာကြောင်း ဖော်ပြထားပါတယ်။ ဒီလိုကျယ်ပြန့်လာတဲ့ စိတ်ကြွ ဆေးပြားဈေးကွက်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုဖြစ်စဉ်များရဲ့ နောက် ကွယ်မှာလည်း    ကြီးမားစွာသက်ရောက်မှုရှိနေတယ်ဆိုတာ မငြင်းနိုင်တဲ့သက်သေ အထောက်အထားတွေ အခိုင်အမာရှိနေပါ တယ်။

မူးယစ်ဆေးဝါးကိုအသုံးချပြီး အကြမ်းဖက်မှုတွေ ဆူပူအုံကြွမှုတွေ ဖန်တီးတာဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူပြီး   အစောပိုင်းကာလတွေ ကတည်းက အစိုးရကိုဆန့်ကျင်တဲ့သူတွေ အသုံးပြုခဲ့တဲ့နည်း  ဖြစ်တယ်ဆိုတာကို သြစတြေးလျနိုင်ငံသား၊ နိုင်ငံရေးလေ့လာသူ Mr.B ဆိုတဲ့ မြန်မာတစ်ဦးရေးသားသည့် “မြန်မာနိုင်ငံ၏ အကျပ်အတည်း ရက် ၁၀၀ ကာလအတွင်း ပြည်ပ ရောက်မြန်မာနိုင်ငံသားတစ်ဦး၏ မက်သာဖက်တမင်း ဆေးစွဲနေသော စစ်သွေးကြွလူငယ်များဆိုင်ရာ ဆန်းစစ်ချက်နှင့် မျက်မြင် တွေ့ရှိချက်” ဆောင်းပါးမှာ Generation Z ခေါ် ဂိမ်းသမား၊ ဆေးကြောင်ဆယ်ကျော်သက်များရဲ့ မူမမှန်တဲ့ စိတ်ခံစားချက် လှုပ်ရှားမှု များကို အထောက်အထားသက်သေများနဲ့ ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။

အဲ့ဒီဆောင်းပါးမှာ ဖော်ပြချက်တွေအပြင် မြေပြင်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအရ ဆန္ဒပြပွဲတွေအရှိန်မြှင့်ခဲ့တဲ့ ဖေဖော်ဝါရီ လနဲ့မတ်လ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်စီစဉ်ခဲ့သူတချို့က တူညီဝတ်စုံများ၊ တူညီဆိုင်းဘုတ်များ ကိုယ်စီနဲ့ဆန္ဒပြပွဲများ အရှိန်မြှင့်တင်ဖို့အတွက် နေ့တွက်စရိတ်နဲ့ စားသောက်ဖို့ ထမင်းဘူးဝေငှမှုတွေရှိခဲ့ပါတယ်။ ထမင်းဘူးဝေတဲ့ နေရာမှာ ထမင်း (သို့မဟုတ်) စားစရာတစ်ခုခုထည့်ထားတဲ့ ဖော့ဘူးအဖုံးရဲ့ အတွင်းမျက်နှာပြင်မှာ နေ့တွက်စရိတ်လေးတွေကို ဆီမပေနိုင်အောင် ပလတ်စတစ်နဲ့ထည့်ပြီး တိပ်နဲ့ကပ်ထားပေးပါတယ်။ ဒီနေရာမှာထူးခြားတာက အချို့စီစဉ်ဆောင်ရွက်သူတွေဟာ ဆန္ဒပြသူတွေ အပင်ပန်းခံနိုင်အောင် အကြောင်းပြချက်နဲ့ ထမင်းဘူးရဲ့ ဖော့ဘူးအဖုံးအတွင်းမှာ နေ့တွက်စရိတ်တင်မကဘဲ စိတ်ကြွ မူးယစ်ဆေးဝါးတွေကိုပါ တိပ်နဲ့ကပ်ပေးခဲ့တယ်လို့ ဆန္ဒပြပွဲတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိတဲ့ လူငယ် တွေရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

ဒီလိုကိစ္စမျိုးကို ပေါ်ပေါ်တင်တင် ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ မူးယစ်ဆေးဝါးသုံးစွဲသူအချင်းချင်း အချိတ်အဆက်တွေနဲ့ ဆောင်ရွက်ခဲ့ ကြတာဖြစ်ပြီး မူးယစ်ဆေးဝါးကို မသုံးစွဲလိုတဲ့လူငယ်တွေကတော့ မူးယစ်ဆေးဝါးကြောင့် ဆန္ဒပြပွဲတွေမှာ မူမမှန်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတာကို မလိုလားကြတာကိုလည်း  တွေ့ခဲ့ရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲပြီး ဆန္ဒပြနေတဲ့လူငယ်တွေကတော့ သူတို့အချင်းချင်းနားလည်နိုင်တဲ့သင်္ကေတတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အချိတ်အဆက်တွေရှိကြသလို အင်တာနက်ပေါ်ကနေ ရောင်းဝယ်ဖောက်ကားမှုတွေ ငွေကြေးထောက်ပံ့မှုရယူပြီး အခမဲ့ဖြန့်ဝေမှုတွေ လုပ်ကြပါတယ်။ ဒီလိုစိတ်ကြွဆေးပြား အခမဲ့ထောက်ပံ့ရတဲ့ရည်ရွယ်ချက်က လူငယ်ထုကိုဆွဲဆောင်ဖို့၊ ဆန္ဒပြရာမှာ ယာယီ အမောခံနိုင်စေဖို့၊ ကြွေကြော်သံတွေအော်နိုင်ဖို့နဲ့ ဗိုက်မဆာဖို့လို့ဆိုကြပါတယ်။ ဒါပေမဲ့ နောက်ကွယ်က အမှန်တကယ် ရည်ရွယ်ချက် ကတော့ သာမန်ထက်လွန်ကဲတဲ့  စိတ်ဓာတ်တက်ကြွမှုတွေဖြစ်ပြီး ယခင်က မလုပ်ရဲတဲ့ အလုပ်တွေကိုလုပ်ရဲလာအောင်၊ အကြမ်း ဖက်မှုတွေကို မကြောက်မရွံ့ဆောင်ရွက်နိုင်လာအောင် နောက်ကွယ်က ပံ့ပိုးပေးသူတွေက ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြော မြန်မာနိုင်ငံက ဆန္ဒပြမှုတွေကတော့ နောက်ကွယ်ကလူတွေ ဖြစ်စေချင်တဲ့အတိုင်း  မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်များရဲ့ လှုပ်ရှားမှုများကြောင့် အကြမ်းဖက်မှုတွေဆီ ဦးတည်သွားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၁၄ လမ်း ဖြစ်စဉ်ကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ တာဝန်ချိန်ပြင်ပမှာ ရဲအရာရှိတစ်ဦးကို ဓားနဲ့ထိုး၊ ပုဆိန်နဲ့ခုတ်၊ တာယာကွင်းပေါ်တင်ပြီး မသေမချင်း မီးရှို့သတ်လိုက်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလို ကိုယ်နဲ့မသိတဲ့လူတစ်ဦးကို ဝိုင်းဝန်းခုတ်သတ်ပြီး တာယာတွေပေါ် မီးတင်ရှို့ခြင်းကိစ္စကို ပျော်ရွှင်မြူးတူးစွာ ဆောင်ရွက်လိုက်ကြတဲ့ လူငယ်တော်တော်များများဟာ စိတ်ကြွဆေးပြား သုံးစွဲထားကြသူများဖြစ်နေတယ်ဆိုတာကို စိတ်မကောင်း ဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆန္ဒပြလူငယ်များနှင့် ဗုံးခွဲ၊ လူသတ်၊ အကြမ်းဖက်လုပ်နေတဲ့ လူငယ်အများစုဟာ မူးယစ် ဆေးဝါးတွေသုံးစွဲပြီး လုပ်နေတယ်ဆိုတာကို အကြမ်းဖက်သမားများ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်များမှ စစ်ဆေးဖော်ထုတ်ချက်များ အရလည်း သိရှိရပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ မူးယစ်ဆေးဝါးဆက်စပ်နေတဲ့ ဖြစ်စဉ်မြောက်မြားစွာထဲက  ထင်ရှားတဲ့ဥပမာ အချို့ကိုဖော်ထုတ်ပြချင်ပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၄၄ လမ်းမှာဖြစ်ခဲ့တဲ့  တိုက် (၃) လွှာကနေ ခုန်ချထွက်ပြေးလို့ တရားခံတချို့သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။ ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ လူငယ်အများစုသည်လည်း မူးယစ်ဆေးဝါး သုံးစွဲသူတွေဖြစ်တယ်ဆိုတာကို သူတို့ရဲ့ကိုယ်တိုင်ထွက်ဆိုချက်တွေအရ သိရှိရပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ “လရိပ်ချို”တည်းခိုခန်းမှာ ဖမ်းဆီးရမိတဲ့ မိုင်းထောင်ဖောက်ခွဲမှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေကိုလုပ်ဆောင်ခဲ့ကြတဲ့ တရားခံများနဲ့ ဆက်စပ်တရားခံတွေမှာလည်း WY စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပြီး ဆေးစွဲနေကြသူတွေ ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ့အမျိုးသားကာကွယ်ရေးတပ်ဆိုပြီး အမည်ခံထားတဲ့အဖွဲ့က ဒုတိယခေါင်းဆောင်စည်သူနဲ့ ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိတဲ့နေရာမှာလည်း WY စိတ်ကြွဆေးပြား ၇၅၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိတဲ့အတွက် သုံးစွဲတဲ့အဆင့်မကတော့ဘဲ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ မူးယစ်ဆေးဝါးကို ဖြန့်ဖြူးခဲ့တာကိုလည်း အထောက်အထား တစ်ခု အဖြစ် တွေ့ရှိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က မရမ်းကုန်းမြို့နယ်နဲ့ ဒဂုံ(မြောက်ပိုင်း)မြို့နယ် တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦးနဲ့ ရာအိမ်မှူး ၁ ဦးကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ၉ ဦးဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး ပုံမှန်အသိစိတ် ပျောက်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရပါတယ်။

ဆူပူဆန္ဒပြမှုတွေနဲ့ ဗုံးခွဲ၊ လူသတ်၊ အကြမ်းဖက်အဖျက်လုပ်ရပ်များလုပ်လို့ ဖမ်းဆီးထိန်းသိမ်းလိုက်ရတဲ့ တရားခံတွေထဲမှာ ပုံမှန်စိတ် အနေအထားမဟုတ်တဲ့ သူတွေကို ဆေးစစ်ကြည့်လိုက်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးသုံးစွဲထားတာကို တွေ့ရပါ တယ်။ ဆူပူဆန္ဒပြပွဲတွေကိုဦးဆောင်နေတဲ့  Generation Z ဆိုတဲ့ လူငယ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ရက်ရက် စက်စက် လုပ်နေတဲ့ PDF အမည်ခံ လူငယ်အများစုဟာ  ဆင်ခြင်တုံတရားကင်းမဲ့ပြီး ပုံမှန်လူတစ်ဦးမလုပ်နိုင်တဲ့အလုပ်တွေကို လက်ရဲဇက်ရဲ ကျူးလွန်နေခြင်းရဲ့ အဓိကတရားခံက မူးယစ်ဆေးဝါးဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆူပူဆန္ဒပြပွဲတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကြိုးကိုင်နေတဲ့နောက်ကွယ်က စီစဉ်သူများဟာ လူငယ်တွေရဲ့ တက်ကြွတဲ့ စိတ်ခံစားချက်ကို  မူးယစ်ဆေးဝါး အသုံးပြုပြီးမြှင့်တင်မှုကြောင့် ယနေ့လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများ ပိုမိုများပြားလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုလူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်မားလာအောင် လုပ်ဆောင်ချက်ဟာ လူငယ်များ အတွက် အလွန် အန္တရာယ်ရှိသလို တိုင်းပြည်ရဲ့အနာဂတ်အတွက်လည်း   ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးနှင့် အကြမ်းဖက်လုပ်ရပ်များ တိုက်ဖျက် ရေးအတွက် အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ နိုင်ငံတည်ငြိမ်မှုစစ်ဆင်ရေး (Counter-terrorism and Stability Operation) ကို   ဆောင်ရွက်ရင်းနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို တစ်ပြိုင်တည်းလုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် နစက အစိုးရ တာဝန်ယူပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွေကို ယခင်အစိုးရအဆက်ဆက် အလေးထားလုပ်ဆောင်ခဲ့သလို နစကအစိုးရတာဝန်ယူတဲ့  ၉  လတာကာလ အတွင်းမှာ ထိထိရောက်ရောက်လုပ်ဆောင် ခဲ့မှုကြောင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်များကို စံချိန်တင်ဖမ်းဆီးရမိတဲ့ သတင်းများကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ အောက်တိုဘာ လ ၃၁ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများက အောက်ဖော်ပြပါဇယားအရ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုတွေ မူးယစ်ဆေးဝါးဖမ်းဆီးရမိတာနဲ့အတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မူးယစ်တရားခံ ကျား ၆ç၁၈၂ ဦး နဲ့ မ ၇၂၃ ဦးကိုလည်း အရေးယူထားရှိတာကိုတွေ့ရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာ ဖမ်းမိသည်ဖြစ်စေ၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြီးစိုးတဲ့ဒေသတွေက ထွက်လာတာကိုတွေ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ၎င်းတို့ရှင်သန်ရပ်တည်ရေးအတွက် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေအပေါ်မှာ မှီခိုနေရတာ ဖြစ်ပါ တယ်။ အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဟန်ပြဆောင်ရွက်နေပေ မယ့်လည်း နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုတွေကို အကြီးအကျယ်လုပ်ကိုင် ဆောင်ရွက်နေကြ တယ်ဆို တာကို  ဖမ်းဆီးရမိခဲ့တဲ့  သက်သေအထောက်အထားတွေအရ  သိရှိရပါသည်။

ဒါ့အပြင် ဒီနေ့နွေဦးတော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ နာမည်အမျိုးမျိုးနဲ့ဖွဲ့ထားတဲ့ ဏီၤ တွေကို အကြမ်းဖက်သင်တန်းတွေပေးဖို့၊ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဝင်ငွေပိုမို ရရှိဖို့အတွက် မူးယစ်ဆေးဝါးတွေကို ပိုမိုထုတ်လုပ်ရောင်းချနေတာကိုလည်း   မြင်တွေ့ကြားသိနေရပါတယ်။

တစ်နည်းအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ PDF နှင့် ချိတ်ဆက်ဆောင်ရွက်နေတဲ့ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေဟာ PDF ရဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် မူးယစ်ဆေးဝါးလုပ်ငန်း ကနေရရှိတဲ့ ဝင်ငွေကို အသုံးပြုပြီး NUG များအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းများရရှိရေး ပြည်ပမူးယစ်ဂိုဏ်းများနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေပါ တယ်။

ဒါ့အပြင်   မူးယစ်ဆေးဝါးဝင်ငွေနဲ့ အဓိကရပ်တည်နေတဲ့  တိုင်းရင်းသား လက်နက်ကိုင်အချို့ဟာ မူးယစ်ဆေးဝါးက ရရှိတဲ့ဝင်ငွေတွေ နဲ့ NUG အဖွဲ့ကို ငွေကြေး ထောက်ပံ့အားပေး ကူညီနေတဲ့အပြင် NUG က စီစဉ်စေလွှတ်တဲ့ PDF အမည်ခံလူငယ်များ  တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေကို ရောက်ရှိလာချိန်မှာ မူးယစ်ဆေးဝါးကို အလွယ်တကူသုံးစွဲလို့ ရအောင် အခြေအနေ ဖန်တီးပေးခဲ့ ကြပါတယ်။ ဒါမှလည်း သူတို့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ   သုံးစွဲသူများပြားလာပြီး ပြည်တွင်းဈေးကွက်ကျယ်ပြန့်လာအောင် လုပ်ဆောင် နေခြင်းဖြစ်မယ်လို့ ယူဆရပါတယ်။ အဲ့ဒီအချက် မှန်ကန်တယ်ဆိုတာကို တိုင်းရင်းသားနယ်မြေတွေမှာ အကြမ်းဖက် သင်တန်းတက်ပြီး ပြန်လာပြီးနောက် ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေရဲ့ ထုတ်ဖော်ဝန်ခံချက်တွေအရ  သိရှိရပါတယ်။

အထက်မှာ တင်ပြထားသလို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်း ဖက်မှုတွေဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်မှုရှိနေ တယ်ဆိုတာကို  နိုင်ငံတကာက လေ့လာသူတွေရေးတဲ့ ဆောင်းပါးတွေ၊ မြေပြင်မှာလက်တွေ့ကြုံတွေ့နေရသူတွေနဲ့ ဖမ်းဆီးရမိသူ တွေရဲ့ ထွက်ဆိုချက်တွေက သက်သေပြနေပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ စိတ်ကြွရူးသွပ်ဆေးပြား   ဖမ်းဆီးရမိတဲ့အရေအတွက်က ၅.၅ သန်းကျော်သာဖြစ်ပြီး ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးရမိတဲ့အရေအတွက်ဟာ ၂၃.၇ သန်းကျော်ဖြစ်လို့ မနှစ်ကနဲ့ဒီနှစ် ကွာခြားချက်က ၁၈.၁ သန်းကျော်လောက်ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီနှစ်တစ်နှစ် တည်းမှာကိုပဲ သြဂုတ်လမှာ ဖမ်းဆီးရမိတဲ့အရေအတွက်ထက်  စက်တင်ဘာလမှာ ဖမ်းဆီးရမိတဲ့အရေအတွက်က  ၅.၇ သန်းကျော် လောက် ပိုလာတာကို တွေ့ရပါတယ်။  ဒီလိုမြင့်တက်လာရတဲ့ အကြောင်းရင်းကို အဖြေကိုရှာကြည့်တော့ တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ NUG က နိုင်ငံတစ်ဝှမ်းလုံးမှာ အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဖို့ စက်တင်ဘာလ ၇ ရက်နေ့ မှာ D-Day ကြေညာ ခဲ့ပြီးတဲ့ နောက်ပိုင်း နိုင်ငံနဲ့အဝှမ်းမှာ အကြမ်းဖက်မှုဖြစ်စဉ်တွေ ပိုမိုများပြားလာတာနဲ့အမျှ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ် ဖောက်ကားမှု နဲ့ သုံးစွဲမှုတွေပိုမိုမြင့်တက်လာတာကို တွေ့ရှိရပါတယ်။ အလားတူပဲ အခြား မူးယစ်ဆေးဖြစ်တဲ့ “အိုက်စ်” လို မူးယစ်ဆေး တွေလည်း ဒီနှစ်စက်တင်ဘာလမှာ ယမန်နှစ်ကထက် ကီလိုပေါင်းများစွာ ပိုမိုဖမ်းဆီးရမိခဲ့ပါတယ်။

ဒါတွေဟာ အကြမ်းဖက်မှုတွေ ဖန်တီးဖို့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွေကနေ လိုအပ်တဲ့ ငွေကြေးအထောက် အပံ့တွေကို ရယူနေရုံတင်မကဘဲ လူငယ်တွေကို ဆင်ခြင်တုံတရားကင်းမဲ့စေပြီး အကြမ်းဖက်မှုတွေကျူးလွန်ဖို့ စိတ်ကြွမူးယစ်ဆေး တွေ အကူအညီနဲ့ပါ လုပ်ခိုင်းခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါကို ထပ်လောင်းသက်သေပြနေတာကတော့ အကြမ်းဖက် တိုက်ခိုက်သူတွေကို ဖမ်းဆီးမိတဲ့အခါ   မူးယစ်ဆေးသုံးစွဲထားတာကိုပါ  စစ်ဆေးတွေ့ရှိနေရတယ်ဆိုတာပါပဲ။

ဒါ့ကြောင့် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရေးနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းစေရေးအတွက် တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် အလေးထားဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အတွက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုတာ ဘယ်အစိုးရပဲတက်တက် ရင်ဆိုင်ဖြေရှင်းနေရမယ့် “အမျိုးသားရေးတာဝန်” ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ဂိမ်းစွဲနေတဲ့ ဆယ်ကျော်သက်လူငယ်တချို့သည်လည်း အွန်လိုင်းဂိမ်းတွေကို နေ့ညမပြတ်ကစားနိုင်ဖို့အတွက်    မူးယစ်ဆေးဝါးကို အကူပစ္စည်းအဖြစ် မသုံးစွဲစေရေးနဲ့ ဆူပူဆန္ဒပြပွဲတွေမှာ အသုံးချခံမူးယစ်သားကောင်တွေ မဖြစ်စေရေးအတွက် မိဘများအနေနဲ့ အထူးစောင့်ကြည့်ကြပ်မတ်ရမှာဖြစ်ပါတယ်။ မြန်မာလူငယ်များသည် မြန်မာနိုင်ငံရဲ့ အနာဂတ်များဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရေးအစွန်းရောက်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တဲ့ လူငယ်တွေရဲ့ အသက်တွေ၊ ဘဝတွေကိုမူးယစ်ဆေးဝါးအကူအညီနဲ့ အသုံးချနေကြတာကို ဝိုင်းဝန်းတားဆီး တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဒီဆောင်းပါးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို လွယ်လွယ်ကူကူနဲ့ မြင်သာအောင် မီးမောင်းထိုးပြလိုက်ရခြင်းဖြစ်ပါတယ်။ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ရဲ့ သုံးပွင့်ဆိုင်အချိတ်အဆက်မှာ မူးယစ်ဆေးဝါးကို နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး အတွက်သာမက တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေကို လမ်းမှားရောက်အောင် အသုံးချနေတဲ့  နောက်ကွယ်က အကြောင်း တရားတွေကို မှန်မှန်ကန်ကန် သိရှိနားလည်ကြပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားတဲ့ မူးယစ် ဆေးဝါးကို ဝိုင်းဝန်း၊ ပူးပေါင်း တိုက်ဖျက်သွားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။   ။

ရည်ညွှန်းချက်

၁။         UNDOC report : opium production drops again in Myanmar as the synthetic drug market expands (2021). Retrieved on 31th October 2021 from https://www.unodc. org/southeastasiaandpacific/ en/2021/ 02/ myanmar-opium-survey-report-launch/story.html

၂။         Mr. B.(2021). Witness account of the anatomy of 100 days unfolding crisis and Meth-head Militant Mob in Myanmar Retrieved from https://npnewsmm.com/news/60c467c47677404eb7269bf5

အောင်ရှင်း