အယ်ဒီတာ့အာဘော်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်)
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစားပေး
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းရပ်များသည် နိုင်ငံတစ်နိုင်ငံတည်းက လုပ်ဆောင်ရသည်မျိုးမဟုတ်ပေ။ နိုင်ငံအားလုံးက ကိုယ်စီအသိဖြင့် မဖြစ်မနေဆောင်ရွက်ကြမှသာ သဘာဝပတ်ဝန်းကျင် မပျက်ယွင်းဘဲ ကမ္ဘာကြီးသာယာလှပပေလိမ့်မည်။ မြန်မာနိုင်ငံတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဖွင့်လှစ်ထားသည်။ ထိုဝန်ကြီးဌာနက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ရန် အဓိကတာဝန်ဖြစ်သော်လည်း ရာနှုန်းပြည့်အောင်မြင်ရန်မှာ နိုင်ငံသားတိုင်းက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုပေသည်။ ဆိုလိုသည်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။
သစ်ပင်ကို နှစ်စဉ်စိုက်ကာ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေးလုပ်ဆောင်နေသော်လည်း သစ်ပင်စိုက်ပျိုးခြင်းကို ဝန်ကြီးဌာန အသီးသီး၊ လူမှုရေးအဖွဲ့အစည်းအသီးသီး အစရှိသည်ဖြင့် အားလုံးကတက်ညီလက်ညီစိုက်ပျိုးကြမှသာ စိမ်းလန်းစိုပြည်သာယာ မည်ဖြစ်သည်။ ဥပမာအားဖြင့် တပ်မတော်ကဲ့သို့ ကျစ်လျစ်သိပ်သည်းခိုင်မာသောအဖွဲ့အစည်းသည် တိုင်းစစ်ဌာနချုပ် နယ်မြေများ တွင် နှစ်စဉ်သစ်ပင်များ စိုက်ပျိုးကြရသည်။ ရှင်သန်အောင်လည်း စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရသည်။ သာဓကအားဖြင့် နေပြည်တော်ဟူ၍ စတင်တည်ထောင်စဉ်က ထိုအရပ်ဒေသတွင် သစ်ပင်ကြီးများလွန်စွာနည်းပါးသည်။ တပ်မတော်သည် သစ်ပင် စိုက်ပျိုးခြင်းကို စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲသကဲ့သို့ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအခါနေပြည်တော် ကောင်စီနယ်မြေ သည် သာယာစိမ်းလန်း၍ လေကောင်းလေသန့်ရကာ နေချင်စဖွယ်နေရာဒေသတစ်ခုဖြစ်လာခဲ့သည်မှာ ထင်ရှားသော သက်သေဖြစ် သည်။
သစ်ပင်ချစ်သူများလက်ထဲ ရောက်သွားသော သစ်ပင်သည် ဂရုတစိုက်မြေတောင်မြှောက်ပေးနိုင်ခြင်းကြောင့် ရှင်သန်ကြီးထွား လာရသလို သစ်ပင်မချစ်သူများထံ ရောက်ရှိသွားသောသစ်ပင်သည်လည်း ရှင်သန်မှုနှုန်းနည်းပါးပေလိမ့်မည်။ သစ်ပင်တစ်ပင် ရှင်သန် ရပ်တည်မှု၊ ကျန်းမာမှု၊ ကြီးထွားမှု၊ မျိုးဆက်ပြန့်ပွားမှုတို့အတွက် မရှိမဖြစ်လိုအပ်သည်မှာ ရေနှင့်အာဟာရဖြစ်သည်။ သစ်ပင်အတွက် ရေနှင့်အာဟာရကိုအမြစ်မှစုပ်ယူနိုင်သလို အရွက်က နေရောင်ခြည်စွမ်းအင်ဖြင့် အာဟာရကို ချက်လုပ်သုံးယူပါ သည်။ လူနှင့် သတ္တဝါများကထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို အပင်ကသန့်ရှင်းအောင်လုပ်ပေးသည်။ သစ်ပင်က ပြန်လည် ထုတ်ပေးသော အောက်ဆီဂျင်မှာ လူနှင့်သတ္တဝါတို့အတွက် မရှိမဖြစ်လိုအပ်ပါသည်။
ယနေ့ခေတ်တွင် လူသားတိုင်းအတွက် လောင်စာစွမ်းအင်၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့်အပန်းဖြေနားနေမှု အစရှိသည် တို့သည် အခြေခံစားဝတ်နေရေး လိုအပ်ချက်များဖြစ်သည်။ ထိုလိုအပ်ချက်များကို ရှာဖွေဖြည့်ဆည်းရင်း လူသားတို့ အသက်ရှင်နေ ကြရသည်။ အသက်ရှင်နေသမျှ ကာလပတ်လုံးလည်း သဘာဝပတ်ဝန်းကျင် သာယာလှပရေးကို လုပ်ဆောင်နေကြရမည် ဖြစ်သည်။ ယနေ့ကမ္ဘာနှင့် အဝှမ်းရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများမှာ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်းတို့ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း ကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါအမျိုးမျိုးတို့ရင်ဆိုင်ကြုံတွေ့လျက်ရှိနေသည်။
ထိုဘေးအန္တရာယ် အမျိုးမျိုးမဖြစ်ရေးအတွက် ဖြေရှင်းရန်အကောင်းဆုံးနည်းမှာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်သည်။ သဘာဝတောများနှင့် သစ်တောစိုက်ခင်းများသည် လူသားတို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများတိုးပွားစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အရေးပါနေပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထား ဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ထည့်သွင်းပြဋ္ဌာန်းထားသည်။အခန်း ၁ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ထို့ပြင် အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်ဟူ၍ ဖော်ပြထားသည့်ကိစ္စရပ်များ၌ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည့် အချက်ပါရှိ ပါသည်။
မိမိတို့မြန်မာနိုင်ငံသားများသည် တစ်ဦးချင်းအနေဖြင့်သာမက တစ်နိုင်ငံလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ရေးကို လုပ်ဆောင်နေရန်လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲမှုကိုလျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ်ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ဖောက်ပြန်မှုပြန် လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများစိမ်းလန်းစိုပြည်ရေး၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ရေး၊ ပင်လယ်ကမ်းခြေများရှိ ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ကြခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလုပ်ဆောင်ကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။ ။