တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၉
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ကောင်စီ နယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၄၄ ဒသမ ဝ၇၃ဝ တန်၊ သစ်မာ ၂၃ ဒသမ ၈၃၇၆ တန်၊ အခြား ၃၆ ဒသမ ၅၆၆၂ တန် စုစုပေါင်း ၁ဝ၄ ဒသမ ၄၇၆၈ တန်၊ တရားခံ ၃၃ ဦး၊ ယာဉ်/ ယန္တရား ၁၉ စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ အောက်တိုဘာ ၃ဝ ရက်တွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မြောက်ပြင်ဘိနယ် မင်းတုန်း ရိုးမကြိုးဝိုင်း အကွက်အမှတ်(၃၇၊၄၈)တို့မှ တရားမဝင် ကျွန်းခွဲသားပေါင်း ၉၅ ချောင်း ၁၄ ဒသမ ဝ၃၁၂ တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။