အယ်ဒီတာ့အာဘော်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်)
အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတွေ့ဆုံညှိနှိုင်းအစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့်နိုဝင်ဘာလတို့တွင် သုံးကြိမ်တိုင်ဆွေးနွေးခဲ့ကြသည်။ ရွေးကောက်ပွဲသည် နိုင်ငံတစ်ခုကို ဦးစီးဦး ဆောင်ပြုရန် ကိုယ်စားလှယ်ကောင်းများရွေးချယ်ခြင်းဖြစ်၍ ထိုရွေးကောက်ပွဲသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း များနှင့် ပြည့်စုံရမည်ဖြစ်ပေသည်။ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ရွေးကောက်ပွဲများကျင်းပရမည်ဖြစ်သော်လည်း မဲများသူ အနိုင်ယူ သည့် စနစ် (First Past the Post-FPTP) အရ အနိုင်ရသူအကုန်ယူနိုင်ရေးကြိုးပမ်းအားထုတ်ကြရာမှ မဲမသမာမှုများ ပေါ်ပေါက် လာခြင်းဖြစ်သည်။
မြန်မာ့ရွေးကောက်ပွဲသမိုင်းကို လေ့လာကြည့်လျှင် လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲစနစ်ကျင့်သုံးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရပ်တန့်သွားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ပေါက်လာခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာပြီး ပါတီပေါင်းစုံမှ ပုဂ္ဂိုလ်များပါဝင်သော တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့ သည်။ ထိုစနစ်သည်လည်း ၁၉၈၈ ခုနှစ်တွင်ရပ်နားသွားခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း နိဂုံးချုပ်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် သုံးကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီးဖြစ်သည်။ ကျင်းပပြီးခဲ့သော ပါတီစုံဒီမိုကရေစီ စနစ် ရွေးကောက်ပွဲများ၏ အားနည်းချက်၊ အားသာချက်များကို ပြည်သူများမြင်တွေ့ခဲ့ပြီးဖြစ်သည်။ ထိုသုံးကြိမ်စလုံးတွင် မဲများသူ အနိုင်ယူသည့်စနစ် (FPTP) ကျင့်သုံးခဲ့သည့်အတွက် အထင်ရှားဆုံးသောဖြစ်စဉ်မှာ တစ်ပါတီတည်းက အာဏာဆုပ်ကိုင် သွားခြင်း ဖြစ်သည်။ ထိုအာဏာရပါတီအနေဖြင့် မိမိတိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ်နိုးပြီး တိုင်းပြည်နှင့် လူမျိုးကိုထိလျှင် မခံတတ်သော မျိုးချစ်စိတ်ရှိသူများဖြစ်ပါက နိုင်ငံအတွက် ဆိုးဆိုးရွားရွားမကြုံတွေ့နိုင်သော်လည်း မျိုးချစ်စိတ်ဓာတ်ချို့ယွင်းနေသူများဖြစ်ပါက တိုင်းပြည် အကျိုးထက်ပါတီအကျိုးကို ရှေးရှုလုပ်ဆောင်ကြကြောင်း သိမြင်တွေ့ကြုံကြရပြီး ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ထိုအဖြစ်ဆိုးမျိုးကြုံနေသည့်အတွက် ယခုအခါ အနိုင်ရသူအကုန်ယူ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR)ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်သည်။ (PR) ကို ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ဖင်လန်စသည့် ဥရောပနိုင်ငံများတွင် ၁၉ ရာစု ခေတ်လယ်ကပင်စတင်ကျင့်သုံးနေကြောင်း သိရှိရသည်။ ယခုအခါကမ္ဘာပေါ်တွင် (PR) စနစ်ပြောင်းလဲကျင့်သုံးသည့်နိုင်ငံ ၁၀၀ ခန့်ရှိပြီဖြစ်သည်။ ကမ္ဘာ့ရွေးကောက်ပွဲ သမိုင်း ကြောင်းအရ ပြင်သစ် တော်လှန်ရေးကာလက (PR) စနစ်ကို စတင်စဉ်းစားခဲ့သည်ဟုဆိုပါသည်။ ဗြိတိသျှနိုင်ငံရေး ဘောဂဗေဒ ပညာရှင်ဂျွန် စတုရပ်မီးက မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)၏ အားနည်းချက်များကို ဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ (FPTP) စနစ်မှာအများနှင့်ဗိုလ်ကျသည်မျိုးဖြစ်နိုင်၍ ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ ရွေးချယ်ခံရမှု နည်းပါးလွန်းသော ကြောင့် (PR) စနစ်ကိုအဆိုပြုလာခြင်းဖြစ်ပေသည်။
မြန်မာနိုင်ငံတွင်ကျင့်သုံးလျက်ရှိသော မည်သည့်စနစ်တွင်မဆို အားသာချက်၊ အားနည်းချက်များရှိမည်ဖြစ်ရာ (FPTP) စနစ်၏ အားနည်းချက်ကြောင့် မြန်မာနိုင်ငံ၏နိုင်ငံရေးစနစ်မှာ တည်တံ့ခိုင်မြဲခြင်းမရှိသဖြင့် တိုင်းပြည်တိုးတက်ရေးကို ဖြောင့်ဖြောင့် မတ်မတ်မဆောင်ရွက်နိုင်ဘဲ နောက်ကျခဲ့သည်ကို တွေ့မြင်နေရသည်။ အဆိုပါရွေးကောက်ပွဲစနစ်နှစ်ခုနှင့်ပတ်သက်၍ သတိပြုရမည့် အချက်မှာ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲလွန်ကဲမှုမရှိရန်ဖြစ်သည်။ မိမိနိုင်ငံနှင့်မိမိတို့တိုင်းရင်းသားလူမျိုးများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိ နေအောင်စွမ်းဆောင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက်လုပ်ဆောင်ရေးကို အစဉ်အလေးထား ဆောင်ရွက်ကြရ မည်ဖြစ်သည်။
ထို့ကြောင့် မဲများသူအနိုင်ယူသည့်စနစ် (Firt Past the Post-FPTP) သည် ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းရရှိလျှင် ၁၀၀ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်ရရှိသဖြင့် ကျန် ၄၉ ရာခိုင်နှုန်းရှိသည့် အနိုင်မရသူများမှာ တိုင်းပြည်အတွက် အဟောသိကံဖြစ်သွားရသည်။ အချိုးကျ ကိုယ်စားပြုစနစ်မှာ လူတိုင်းပါဝင်ခွင့်ရှိလာပြီး ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ပါတီငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများပါ အခွင့်အရေးရရှိနိုင်သည်။ ယခုအခါ (PR) စနစ်ကို မိမိနိုင်ငံနှင့်ကိုက်ညီမည့်ပုံစံဖြင့်ကျင့်သုံးရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ဝင်စားသူ အရပ်ဘက် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ဆွေးနွေးခြင်း၊ စာတမ်းများ ဖတ်ကြားခြင်းတို့ ဆောင်ရွက် နေပြီး မြဝတီရုပ်မြင်သံကြားတွင် လည်းပညာရှင်တို့၏ဆွေးနွေးခန်းများ ဖော်ပြပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ်ကောင်းကျိုးကို ရည်မျှော်၍ ဆောင်ရွက်နေခြင်းကို ကြိုဆို ပါကြောင်း ရေးသားလိုက်ရပေသည်။ ။