ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(တူရကီသမ္မတနိုင်ငံ)

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(တူရကီသမ္မတနိုင်ငံ)

နိဒါန်း

တူရကီနိုင်ငံသည် အာရှတိုက်အနောက်ပိုင်းရှိ အာရှမိုင်းနားကျွန်းဆွယ်တစ်ခုလုံးနှင့် ဥရောပ တောင်ပိုင်း အရှေ့ဘက်အစွန်းတို့ ပါဝင်သော သမ္မတနိုင်ငံတစ်ခုဖြစ်ပြီး ဥရောပဒေသနှင့်အာရှဒေသအား ပေါင်းကူးထားသည့်အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံ၏ အနောက်မြောက်ဘက်တွင် ဘူလ်ဂေးရီးယားနိုင်ငံနှင့်ဂရိနိုင်ငံ၊ မြောက်ဘက်တွင်ပင်လယ်နက်၊ အရှေ့မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အရှေ့ဘက်တွင်အာမေးနီးယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံနှင့်အီရန်နိုင်ငံ၊ အရှေ့တောင်ဘက်တွင်အီရတ်နိုင်ငံ၊ တောင်ဘက်တွင် ဆီးရီးယားနိုင်ငံနှင့် မြေထဲပင်လယ်၊ အနောက်ဘက်တွင် မြေထဲပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၀၂၄၅၅ (၇၈၃၃၅၆ ကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၂၁ ခုနှစ် စာရင်းများအရ လူဦးရေစုစုပေါင်း ၈၅၄၈၉၀၀၂ ဦးဖြစ်သည်။ နိုင်ငံ၏မြို့တော်မှာ အန်ကာရာဖြစ်ပြီး စီးပွားရေးမြို့တော်မှာ အစ္စတန်ဘူလ်ဖြစ်သည်။

တူရကီနိုင်ငံသည် ၁၉၂၃ ခုနှစ် သမ္မတနိုင်ငံထူထောင်ချိန်မှစ၍ ကယ်မားလ်အတာတွရ်(Kemal Atatürk) ဦးဆောင်ခဲ့သည့် ပြည်သူ့ သမ္မတပါတီ (CHP) က အုပ်ချုပ်ခဲ့ရာ ၁၉၄၆ ခုနှစ်တွင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ပေါ်ပေါက်လာပြီး အဆိုပါ ပါတီသည် ၁၉၅၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အုပ်ချုပ်ရေးအာဏာရရှိလာခဲ့ချိန်မှစ၍ ပါတီစုံဒီမိုကရေစီ စနစ် သက်ဝင် လာခဲ့သည်။ ၁၉၂၃ ခုနှစ် သမ္မတနိုင်ငံထူထောင်ချိန်မှစ၍ လွှတ်တော် တစ်ရပ်သာထားရှိသည့် ဥပဒေပြုရေးစနစ်အား ကျင့်သုံးခဲ့ပြီး  ၁၉၆၁  ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် နှစ်ရပ်ကျင့်သုံးသည့် ဥပဒေပြုရေးစနစ် ပေါ်ပေါက်လာသည်။ ထို့နောက် ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ထပ်မံပေါ်ပေါက်လာပြီး အထက်လွှတ်တော်အား ဖျက်သိမ်းခဲ့ကာ လွှတ်တော် တစ်ရပ်သာထားရှိသည့် ဥပဒေပြုရေးစနစ်ကို ကျင့်သုံးခဲ့သည်။ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆန္ဒခံယူပွဲ အတည်ပြုချက်နှင့်အတူ သမ္မတစနစ်ကို ကူးပြောင်းခဲ့ရာ ၂၀၁၄ ခုနှစ်မှစတင်၍ သမ္မတရွေးကောက်ပွဲ များပေါ်ပေါက်လာခဲ့ပါသည်။

အုပ်ချုပ်ရေး

နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတသည် လိုအပ်ပါက ဥပဒေပြုနှစ်၏ ပထမနေ့တွင် လွှတ်တော်၌ မိန့်ခွန်းပြောကြားနိုင်သည်။ နိုင်ငံတော်သမ္မတသည် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်၏ မူဝါဒများကို လွှတ်တော်တွင် မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အကြီးအကဲဖြစ်ပြီး ဒုတိယသမ္မတအပါအဝင် ပြည်ထောင်စုအစိုးရဝန်ကြီးများအား ခန့်အပ်ခြင်း၊ တာဝန်မှရပ်စဲခြင်းများ   ဆောင်ရွက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး နိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်းများလည်း ဆောင်ရွက်နိုင်သည်။ နိုင်ငံတော် သမ္မတသည် အသက်အရွယ်ကြီးရင့်သူ၊ မသန်စွမ်းသူ၊ နာတာရှည်ရောဂါခံစားနေရသူများ၏ ချမှတ်ခံထားရသည့် ပြစ်ဒဏ်တို့အား လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်သည်။

ဥပဒေပြုရေး

နိုင်ငံ၏ ဥပဒေပြုရေးအာဏာအား ဥပဒေပြုလွှတ်တော် ((Grand National Assembly of Turkey) ထံ အပ်နှင်းထားပြီး မဲဆန္ဒနယ် ၈၇ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်သည် ဥပဒေများပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊ စစ်ကြေညာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာသဘောတူညီချက်ကို အတည်ပြုခြင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များနှင့် စပ်လျဉ်း၍ သဘောတူဆုံးဖြတ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း၊ အစိုးရ အဖွဲ့အား ထိန်းကျောင်းခြင်း၊ ဖွံ့ဖြိုးရေးအစီအစဉ်များ အတည်ပြုခြင်း၊ နိုင်ငံတော်သမ္မတ၏အရေးပေါ် အခြေအနေကြေညာချက်အား အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ငြင်းပယ်ခြင်းစသည်တို့ ဆောင်ရွက်နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး အနိမ့်ဆုံးခိုင်လုံမဲသတ်မှတ်ချက် ၁၀ ရာခိုင်နှုန်းရှိသည့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။

တရားစီရင်ရေး

တရားစီရင်ရေးအာဏာအား အမှီအခိုကင်းပြီး သမာသမတ်ကျသော တရားရုံးများထံ ခွဲဝေအပ်နှင်းသည်။ တရားရုံးများ၏  တရား စီရင်ပိုင်ခွင့်အား အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုသည် လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည်လည်းကောင်း ဝင်ရောက် စွက်ဖက်ခြင်း၊ လမ်းညွှန်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ မဆောင်ရွက်နိုင်ပေ။ တရားရုံးများ၏စစ်ဆေးစီရင်ဆဲ အမှုများနှင့်စပ်လျဉ်း၍ ဥပဒေပြုလွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်းများ မဆောင်ရွက် နိုင်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရုံးချုပ် ၄ ရုံးထားရှိပြီး ၎င်းတို့မှာဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး၊ Cassation တရားရုံး၊ နိုင်ငံတော်ကောင်စီနှင့် တရားစီရင်ရေးဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရေးတရားရုံးတို့ဖြစ်သည်။ အဆိုပါ တရားရုံးများ သည် သက်ဆိုင်ရာနယ်ပယ်အလိုက် တရားစီရင်ရေးကိစ္စများ ဆောင်ရွက်သည်။

ရွေးကောက်ပွဲစနစ်များ

တူရကီနိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများ၊ သမ္မတရွေးကောက်ပွဲများနှင့် ဒေသန္တရရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပပါသည်။ နိုင်ငံ၏တစ်ခုတည်းသော ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားပြုခွင့်ရရှိရန် အနိမ့်ဆုံးအဆင့် ခိုင်လုံမဲသတ်မှတ် ချက်သည် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအနက် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။

တူရကီနိုင်ငံတွင်ကျင်းပသော ရွေးကောက်ပွဲများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က)     လွှတ်တော်ရွေးကောက်ပွဲများ - လွှတ်တော်ရွေးကောက်ပွဲများတွင် ပါတီကိုယ်စားပြု အချိုးကျကိုယ်စားလှယ် ရွေးချယ်သည့် စနစ် (PR)ကို ကျင့်သုံးပါသည်။

( ခ)      သမ္မတရွေးကောက်ပွဲများ - သမ္မတရွေးကောက်ပွဲတွင် နှစ်ကျော့ပြိုင်စနစ်ကို ကျင့်သုံးပါသည်။ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနက် ကနဦး(ပထမအကျော့) ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်လောင်းမျှ ၅၀ ရာခိုင်နှုန်းအထက် ခိုင်လုံမဲမရရှိခဲ့လျှင် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးအား ရွေးချယ်၍ ပြန်လည်ယှဉ်ပြိုင်ရသည့် စနစ်ဖြစ်သည်။

( ဂ)      ဒေသန္တရရွေးကောက်ပွဲများ - ဒေသန္တရရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် (FPTP) ကို ကျင့်သုံးပါသည်။

လွှတ်တော်ရွေးကောက်ပွဲများ

တူရကီနိုင်ငံ၏ ဥပဒေပြုလွှတ်တော် (Grand National Assembly) တွင် လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ဦးရှိပြီး ၎င်းတို့အား ပါတီကိုယ်စားပြု အချိုးကျကိုယ်စားလှယ်ရွေးချယ်သည့် စနစ်အားကျင့်သုံး၍ ရွေးကောက်တင်မြှောက်ပါသည်။ လွှတ်တော်တွင် ကိုယ်စားပြုခွင့်ရရှိရန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိမ့်ဆုံးအဆင့် ခိုင်လုံမဲသတ်မှတ်ချက် ၁၀ ရာခိုင်နှုန်းနှင့်အထက် ရှိရန်လိုအပ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်းရှိ ဒေသအချို့တွင် မဲအများစုဖြင့် အနိုင်ရရှိစေကာမူ သတ်မှတ်ထားသည့် အနိမ့်ဆုံးခိုင်လုံမဲလိုအပ်ချက်အား မပြည့်မီပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုခွင့် ရရှိမည် မဟုတ်ပေ။ အနိမ့်ဆုံးခိုင်လုံမဲ သတ်မှတ်ချက်ဖြစ်သည့် ၁၀ ရာခိုင်နှုန်းသည် မြင့်မားသောသတ်မှတ်ချက်တစ်ခုဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်အောက်  လျော့နည်းရရှိပါက  နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်တွင်ကိုယ်စားပြုခွင့်ရရှိမည်မဟုတ်ဘဲ ၁၀ ရာခိုင်နှုန်းနှင့် အထက်ရရှိသည့် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ်အချိုးအစားပိုမိုရရှိမည်ဖြစ်သည်။ အနိမ့်ဆုံးခိုင်လုံ မဲသတ်မှတ် ချက်သည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်ထားခြင်းမရှိဘဲ ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် တွင် မဲအများဆုံးရရှိမှသာရွေးကောက်တင်မြှောက်ခံရမည်ဖြစ်သည်။

မဲဆန္ဒနယ်များသတ်မှတ်ခြင်း

ဥပဒေပြုလွှတ်တော်ရှိ ကိုယ်စားလှယ် ၆၀၀ ဦးအား သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ် ၈၇ ခု မှ ရွေးကောက်တင်မြှောက်သည်။ သက်ဆိုင်ရာမဲဆန္ဒနယ်များရှိ လူဦးရေအချိုးအစားအပေါ်မူတည်၍ ကိုယ်စားလှယ်အရေအတွက် ကွဲပြားခြားနားမည်ဖြစ်သည်။ တူရကီနိုင်ငံ၏ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ (SEC) သည် ရွေးကောက်ပွဲများမကျင်းပမီကာလ၌ သက်ဆိုင်ရာ မဲဆန္ဒနယ် အလိုက် လူဦးရေစာရင်းများ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်အချိုးအစားအား  တိုးချဲ့ခြင်း၊ လျှော့ချခြင်းများ ဆောင်ရွက်နိုင်သည်။

၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၅၉၃၆၇၄၆၉ ဦး (၅၉ သန်းကျော်) ရှိပြီး မဲဆန္ဒရှင် ၉၈၉၄၅ ဦးလျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြစ်သည်။ ရွေးကောက်ပွဲစနစ်အရ မဲဆန္ဒနယ်တစ်ခုနှင့်တစ်ခုတွင် မဲဆန္ဒရှင်ဦးရေနှင့် ကိုယ်စားလှယ် အချိုးသည် တူညီမှုမရှိနိုင်ပေ။ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်အချိုးအစား သတ်မှတ်ခြင်းသည် မဲဆန္ဒရှင်အရေအတွက်အပေါ် မူတည်ခြင်းမရှိဘဲ ၎င်းဒေသရှိလူဦးရေကို အခြေခံ၍သာဆုံးဖြတ်သတ်မှတ်သည်။ မဲဆန္ဒနယ် ၈၇ ခုတွင် သက်ဆိုင်ရာ မဲဆန္ဒနယ် အလိုက်ရရှိသည့် ကိုယ်စားလှယ်အချိုးအစားအား အောက်ပါအတိုင်း တွေ့ရှိရသည်။                                                                     

မဲဆန္ဒရှင်စာရင်းပြုစုခြင်း

ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့သည် မဲစာရင်းပြုစုခြင်းအား ဗဟိုမဲစာရင်းပြုစုရေးစနစ်မှတစ်ဆင့် ပြုစုဆောင်ရွက်သည်။ မဲစာရင်းပြုစုရာတွင် မဲဆန္ဒရှင်များ၏ မှတ်ပုံတင်ကတ်အမှတ်များကို အခြေခံ၍ ၎င်းတို့၏ အမြဲတမ်းနေရပ်လိပ်စာတည်ရှိရာ နေရပ် ဒေသတွင် တစ်ကြိမ်သာစာရင်းရေးသွင်းပြုစုသည်။ မဲဆန္ဒရှင်များ၏ ကိုယ်ရေးအချက်အလက်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏ လုပ်ငန်းခွင်/ကုမ္ပဏီများမှ စုစည်းတင်ပြစေ၍ ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်သည်။ ဒေသဆိုင်ရာ/ခရိုင်အာဏာပိုင်များမှ လည်း အခြားကိုယ်ရေးအချက်အလက်များဖြစ်သည့် မွေးစာရင်း၊ သေစာရင်း၊ အိမ်ထောင်ရှိ/မရှိ စသည့် ကိုယ်ရေး အချက် အလက်များကိုလည်း ကောက်ယူပြုစုကြသည်။ 

ရွေးကောက်ပွဲကာလတွင် ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့သည် ပြုစုထိန်းသိမ်းထားရှိသည့် မဲစာရင်းများအား ခရိုင်ရွေး ကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့များထံပေးပို့၍ အများပြည်သူထံ ထုတ်ပြန်ကြေညာသည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့၏ မဲစာရင်းပါ အချက်အလက်များနှင့်စပ်လျဉ်း၍ ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့ Website တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင် သည်။ ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့သည် မဲစာရင်းများကို ရွေးကောက်ပွဲ ကာလမတိုင်မီ   နိုင်ငံရေး ပါတီများ ထံသို့လည်း ဖြန့်ဝေဆောင်ရွက်သည်။ မဲစာရင်းများ ထုတ်ပြန် ကြေညာစဉ်ကာလအတွင်း မဲဆန္ဒရှင်များအနေဖြင့်၎င်းတို့၏  ကိုယ်ရေးအချက် အလက်များ  ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုနိုင်သည်။ သတ်မှတ်ကာလကျော်လွန်ပါက ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေး မည်မဟုတ်ဘဲ နေရပ်လိပ်စာပြောင်းလဲသည့် မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲစာရင်းပါရှိရာ မူလနေရပ်ဒေသတွင်ပင် ဆန္ဒမဲပေး နိုင်မည်ဖြစ်သည်။ အခြေခံပညာပြီးမြောက်ထားခြင်းမရှိသူ၊ ဥပဒေအရမသန်စွမ်းသူ၊ စစ်မှုထမ်းများ၊ စစ်ဘက်ဆိုင်ရာ သင်တန်း ကျောင်းများတွင်  တက်ရောက်နေသည့် သင်တန်းသူ/သားများ၊ ထောင်ဒဏ်ချမှတ်ထားခြင်းခံရသူ၊ ထောင်ဒဏ်ကျခံနေရ သူများ သည် ဆန္ဒမဲပေးခွင့်ရရှိမည်မဟုတ်ဘဲ အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေနှင့်မဆန့်ကျင်သော တူရကီနိုင်ငံသားတိုင်းသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း

အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေနှင့်မဆန့်ကျင်သော အခြေခံပညာတတ်မြောက်ပြီးသူ နိုင်ငံသားတိုင်းသည် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသည်။   စစ်မှုမထမ်းမနေရဥပဒေအရ  စစ်မှုမထမ်းရသေးသူများ၊ ပြည်သူ့ဝန်ထမ်းအဖြစ်   တာဝန်ထမ်းဆောင်ရန် ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ တရားရုံးမှချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်ကျခံဖူးသူများသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိပေ။ နိုင်ငံရေးပါတီ ဗဟိုရုံးများသည် ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ဗဟိုရွေးကောက်ပွဲ ကျင်းပရေး ဘုတ်အဖွဲ့သို့ တင်သွင်းရပြီး ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့သည် အဆိုပါကိုယ်စားလှယ်လောင်း စာရင်းများရရှိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာပြည်နယ် ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့များထံ ပေးပို့အကြောင်းကြားရသည်။ ထို့နောက် ကိုယ်စား လှယ်လောင်းအမည်စာရင်းများအား နိုင်ငံတော်ပြန်တမ်းနှင့် ရေဒီယိုတို့တွင် ထည့်သွင်းကြေညာပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်များ တွင်လည်း ပြည်နယ်ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့များက ထပ်ဆင့်ကြေညာရသည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အနေဖြင့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီကြောင်း လျှောက်ထားလွှာနှင့်အတူ ၎င်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ရှိ သက်ဆိုင်ရာပြည်နယ် ရွေးကောက်ပွဲကျင်းပရေး ဘုတ်အဖွဲ့များထံ လျှောက်ထားရမည်။ ပြည်နယ် ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့များသည် လျှောက်လွှာများ စိစစ်အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဗဟိုရွေးကောက်ပွဲ ကျင်းပရေး ဘုတ်အဖွဲ့ထံ ပေးပို့တင်ပြရပြီး သက်ဆိုင်ရာမဲဆန္ဒနယ်တွင်လည်း ကိုယ်စားလှယ်လောင်းအမည်စာရင်းအား ကြေညာ ထားရှိရသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာပြီးနောက် ၂ ရက်အတွင်း သက်ဆိုင်ရာ ပြည်နယ် ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့များထံ ကန့်ကွက်လွှာတင်သွင်းနိုင်ပြီး ပြည်နယ်ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့သည် ၂ ရက်အတွင်း ကန့်ကွက်လွှာအား စစ်ဆေးဆုံးဖြတ်ရသည်။ ကန့်ကွက်လွှာတင်သွင်းသူသည် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ကျေနပ်မှု မရှိပါက ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့ထံ အယူခံတင်သွင်းနိုင်သည်။ ဗဟိုရွေးကောက်ပွဲ ကျင်းပရေးဘုတ်အဖွဲ့ သည် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ အပြီးသတ်ကြေညာမည့်ရက်ထက် နောက်မကျစေဘဲ ကန့်ကွက်လွှာအား ၃ ရက်အတွင်း အပြီးသတ်ဆုံးဖြတ်ရသည်။

ဆန္ဒမဲပေးခြင်းနှင့်မဲရေတွက်ခြင်း

တူရကီနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲများကို မဲဆန္ဒနယ်အားလုံးတွင် တစ်ပြိုင်တည်း၊ တစ်ရက်တည်း ဆောင်ရွက်ရပြီး    လွတ်လပ်၍ တရားမျှတသော လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို  ကျင့်သုံးသည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် ပါတီ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကိုသာ ရွေးချယ်စေပြီး ယင်းပါတီ သို့မဟုတ် အဖွဲ့အတွင်းရှိ ၎င်းတို့နှစ်သက်သည့် မည်သည့် ကိုယ်စားလှယ်လောင်းကိုမဆို သီးသန့်ရွေးချယ်မဲပေးခွင့်မရှိသည့် Closed List PR စနစ်အား ကျင့်သုံးပါသည်။ ဆန္ဒမဲများ ရေတွက်ရာတွင် အချိုးကျကိုယ်စားပြု (List PR) စနစ်တွင် ရရှိလာသည့် ကိုယ်စားလှယ်နေရာများအား အညီအမျှခွဲဝေရန် (D' Hondt Formula-Highest Average Method) ကို အသုံးပြုသည်။

Highest Average Method သည် စာရင်းလိုက် အချိုးကျ ကိုယ်စားပြုစနစ်များတွင် အသုံးပြုသော မဲအရေအတွက်ကို ကိုယ်စား လှယ်နေရာအရေအတွက်သို့ ပြောင်းလဲတွက်ချက်ရာတွင် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ မဲရေတွက်မှုဖြစ်စဉ် တစ်ခုလုံး ပြီးသွားသည့်နောက် မဲဆန္ဒနယ်တစ်ခုရှိ စုစုပေါင်း မဲအများဆုံး ရထားသည့်ပါတီတစ်ခု သို့မဟုတ် အုပ်စုတစ်ခုအား အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ကိုယ်စားလှယ်နေရာ ခွဲဝေပေးခြင်းဖြစ်သည်။       

Quot = V / (S+1)

အဆိုပါ တွက်ချက်နည်းတွင် ဠ သည်ပါတီတစ်ခုရရှိသည့် ခိုင်လုံမဲစုစုပေါင်းဖြစ်ပြီး  ှ သည် ရရှိလာသည့်  ကိုယ်စားလှယ်ခွဲတမ်းဖြစ်သည်။  ကနဦးစတင်တွက်ချက်ရာတွင်  ကိုယ်စားလှယ်ခွဲတမ်း (ှ) အား ၀ (သုည) အဖြစ်သတ်မှတ်ထားမည်ဖြစ်သည်။ ထို့နောက် အဆင့်လိုက် ယှဉ်ပြိုင်မှုများတွင် ကိုယ်စားလှယ်တစ်နေရာ စတင်ရရှိပါက (၁+၁)၊ နှစ်နေရာရရှိပြီးပါက (၂+၁)၊ သုံးနေရာရရှိပြီးပါက (၃+၁) စသည်ဖြင့် တွက်ချက်သွားမည်ဖြစ်သည်။ မဲဆန္ဒနယ်အတွင်း ခိုင်လုံမဲအများဆုံးရရှိသည့်ပါတီမှစ၍ အထက်ပါတွက်ချက်နည်းအတိုင်း ကိုယ်စားလှယ် ခွဲဝေသွားမည်ဖြစ်သည်။ဥပမာအားဖြင့် ခိုင်လုံမဲပေါင်း ၂၃၀၀၀၀ ရှိသည့် မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီ ၄ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ် ၈ ဦး ခွဲတမ်းရရှိသည်ဆိုရာတွင် -                     

(D' Hondt Formula- Highest Average Method )သည် စုစုပေါင်းမဲအများဆုံးရရှိထားသည့် ပါတီများအလိုက် ကိုယ်စားလှယ်နေရာ ခွဲဝေပေးခြင်းအား အထက်ပါနည်းလမ်းအတိုင်းဆောင်ရွက်ပါသည်။ အဆင့်လိုက်ယှဉ်ပြိုင်မှုများတွင် မဲဆန္ဒနယ်အတွင်း ပါတီအလိုက် ရရှိလာသော  ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်ခွဲတမ်း (ကနဦး ဝ) + ၁ ဖြင့်စတင်စား၍ အများဆုံးကျန်ရှိသည့်  ခိုင်လုံမဲအရေ အတွက်များနှိုင်းယှဉ်ကာ ကိုယ်စားလှယ်နေရာများခွဲဝေသွားမည်ဖြစ်သည်။

သမ္မတရွေးကောက်ပွဲများ

နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုက်ရိုက်ရွေးကောက်တင်မြှောက်ရပြီး သက်တမ်းအားဖြင့် ၅ နှစ်ဖြစ်သည်။ နိုင်ငံတော်သမ္မတအား ရွေးကောက်တင်မြှောက်ရာတွင်  အသက်  ၄၀  နှစ် ပြည့်ပြီးသူ၊   ဘွဲ့တစ်ခုခုရရှိထားသူ  စသည်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်စုံသူကိုသာ သမ္မတရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။  သမ္မတရွေးကောက်ပွဲတွင် နှစ်ကျော့ပြိုင်စနစ် (ွှတသ ျွသကညိ ှပျအနာ) ကို ကျင့်သုံးပါသည်။ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနက် ကနဦး (ပထမအကျော့) ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတွင် မည်သည့်ကိုယ်စားလှယ်လောင်းမျှ၅၀ ရာခိုင်နှုန်းအထက် ခိုင်လုံမဲမရရှိခဲ့လျှင်မဲအများဆုံးရရှိသည့် ကိုယ်စားလှယ် လောင်းနှစ်ဦးအားရွေးချယ်၍ ပြန်လည်ယှဉ်ပြိုင်ရသည့်စနစ်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင်  နိုင်ငံရေးပါတီအစုအဖွဲ့များ၊ နိုင်ငံရေးပါတီများသည် ခိုင်လုံမဲစုစုပေါင်း၏ ၅ ရာခိုင်နှုန်းရရှိလျှင်သော်လည်းကောင်း၊ အနည်းဆုံး မဲဆန္ဒရှင်တစ်သိန်း၏ အဆိုပြုချက်ဖြင့်သော်လည်းကောင်း သမ္မတလောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

ဒေသန္တရရွေးကောက်ပွဲများ

တူရကီနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် (FPTP) ကို ကျင့်သုံးပြီး နောက်ဆုံးကျင်းပခဲ့သည့် မြို့တော်ဝန် ရွေးကောက်ပွဲများ၊ ခရိုင်အဆင့်ရွေးကောက်ပွဲများ၊ မြို့နယ်အဆင့်/ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲများကို ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ

တူရကီနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ၁၈၇၆ ခုနှစ် အော်တိုမန် အင်ပါယာခေတ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံ့သမိုင်းတစ်လျှောက် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများပြဋ္ဌာန်းလာပြီး အောက်ပါအတိုင်းတွေ့ရှိရမည်ဖြစ်သည်။

(က)     ၁၉၂၁ ဖွဲ့စည်းပုံအခြေခံဥပဒေ

( ခ)      ၁၉၂၄ ဖွဲ့စည်းပုံအခြေခံဥပဒေ

( ဂ)      ၁၉၆၁ ဖွဲ့စည်းပုံအခြေခံဥပဒေ

(ဃ)     ၁၉၈၂ ဖွဲ့စည်းပုံအခြေခံဥပဒေ

            (လက်ရှိအသုံးပြုလျက်ရှိသည်)

လက်ရှိအသုံးပြုလျက်ရှိသော ၁၉၈၂ ဖွဲ့စည်းပုံအခြေခံဥပဒေအား တပ်မတော်အုပ်ချုပ်ရေးကာလ ၁၉၈၀ - ၁၉၈၃ တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့်အတူ အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၈၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအား ၁၉ ကြိမ်ဆောင်ရွက်ထားပြီးဖြစ်ပြီး  ၃ ကြိမ်အား ၂၀၀၇၊ ၂၀၁၀ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများမှတစ်ဆင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ (Supreme Election Council)

ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီသည် လွတ်လပ်တရားမျှတမှုရှိသော လျှို့ဝှက်ဆန္ဒမဲပေးခြင်း၊ ပွင့်လင်းမြင်သာစွာ မဲရလဒ်များ တွက်ချက်ထုတ်ပြန်ခြင်း၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးစသည်တို့ကို ကြီးကြပ်ဆောင်ရွက်သည်။ ဗဟိုရွေးကောက်ပွဲ ကျင်းပရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ၇ ဦး၊ အရန်အဖွဲ့ဝင် ၄ ဦးဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့ဝင် ၆ ဦးအား Cassation တရားရုံး အထွေထွေကောင်စီ အဖွဲ့ဝင်များအနက် အဖွဲ့ဝင်အချင်းချင်း လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရပြီး  အဖွဲ့ဝင် ၅ ဦးအား နိုင်ငံတော် ကောင်စီ အဖွဲ့ဝင်များအနက် အဖွဲ့ဝင်အချင်းချင်း လျှို့ဝှက် ဆန္ဒမဲပေး၍ရွေးချယ်ရသည်။ ထို့နောက် ရွေးချယ်ခံရသည့်အဖွဲ့ဝင်များထဲမှ  ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအား လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။

ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ၏သက်တမ်းသည် ၆ နှစ်ဖြစ်သည်။ ထို့ပြင် နောက်ဆုံးကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်အများဆုံးရရှိသည့် နိုင်ငံရေးပါတီ ၄ ခုအနေဖြင့် ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီတွင် အမြဲတမ်း ကိုယ်စားလှယ် ၁ ဦးနှင့် အရန်ကိုယ်စားလှယ် ၁ ဦးစီထားရှိခွင့်ရှိသည်။ အဆိုပါကိုယ်စားလှယ်များသည် ကောင်စီ၏ အစည်းအဝေး များ တက်ရောက်ခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်သော်လည်း မဲပေးဆုံးဖြတ်ခွင့်မရှိပေ။

ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ -

(က)     လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလတွင်  တိုင်ကြားမှုများနှင့် ကန့်ကွက်မှုများကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ အပြီးသတ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊

( ခ)      ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲမှတ်တမ်းများအား ထိန်းသိမ်း ထားရှိခြင်း၊

( ဂ)      သမ္မတရွေးကောက်ပွဲ မှတ်တမ်းများအား ထိန်းသိမ်းထားရှိခြင်း၊ သမ္မတအဖြစ် ရွေးကောက်ခံရသူ အမည်စာရင်းအား ထုတ်ပြန် ကြေညာခြင်း၊

(ဃ)     ရွေးကောက်ပွဲဆိုင်ရာမှတ်ပုံတင်ကိစ္စရပ်များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ အဆင့်မြှင့်တင်ခြင်း စသည်တို့နှင့် စပ်လျဉ်း၍ လိုအပ်သည့်မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ ချမှတ်ခြင်း၊     

( င)      ရွေးကောက်ပွဲကာလတွင် ရေဒီယို၊ ရုပ်သံထုတ်လွှင့်ရေး အစီအစဉ်များမှတစ်ဆင့် မဲဆန္ဒရှင်အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

( စ)      မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေးလိုအပ်သည်များ ဆောင်ရွက်ခြင်း၊

(ဆ)     နိုင်ငံပြင်ပမဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ခြင်း၊   

(ဇ )      ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေတစ်ရပ်ရပ်အရ   ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်းစသည်တို့ဖြစ်သည်။

၂၀၁၈ အထွေထွေရွေးကောက်ပွဲ

တူရကီနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ် ၆၀၀ ဦး ပါဝင်သည့် လွှတ်တော်ရွေးကောက်ပွဲများအား အချိုးကျကိုယ်စားပြုစနစ်ဖြင့်ကျင်းပခဲ့ပြီး သမ္မတရွေး ကောက်ပွဲအား နှစ်ကျော့ပြိုင်စနစ်ဖြင့်ကျင်းပခဲ့သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၈ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး People Alliance အဖြစ်မိတ်ဖက်ဖွဲ့စည်းထားသည့် AK ပါတီနှင့် MHP ပါတီတို့မှ ခိုင်လုံမဲ၂၆၉၀၄၀၂၄ မဲ (၅၃.၆၆%)ဖြင့် ကိုယ်စားလှယ် ၃၄၄ ဦး၊ Nation Alliance အဖြစ် မိတ်ဖက် ဖွဲ့စည်းထားသည့် CHP ပါတီ၊ SP ပါတီနှင့် IYI ပါတီတို့မှ ခိုင်လုံမဲ ၁၇၀၁၉၈၀၈ မဲ(၃၃.၉၅%)ဖြင့် ကိုယ်စားလှယ် ၁၈၉ ဦး၊ HDP ပါတီမှ ခိုင်လုံမဲ ၅၈၆၇၃၀၂ မဲ(၁၁.၇၀%)ဖြင့် ကိုယ်စားလှယ် ၆၇ ဦး ရရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းမှာ ၈၆.၂၂ % ဖြစ်သည်။

သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ သမ္မတ ရာဂျစ်တိုင်ရစ်ပ်အယ်ဒိုဝမ်က ထောက်ခံမဲ ၂၆၃၃၀၈၂၃ မဲ (၅၂.၅၉%)ဖြင့်  ရွေးကောက်ပွဲ ပထမအကျော့တွင်ပင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သမ္မတရွေးကောက်ပွဲ တွင် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ပေါင်း ၅၉၃၆၇၄၆၉ ဦး၊ ခိုင်လုံမဲပေါင်း ၅၀၀၆၈၆၂၇ မဲနှင့် ပယ်မဲ/ပျောက်မဲပေါင်း ၁၁၂၉၃၃၂ မဲ ရှိကြောင်းတွေ့ရှိရပြီး မဲပေးမှုရာခိုင်နှုန်းမှာ ၈၆.၂၄ % ဖြစ်သည်။

နိဂုံး

တူရကီနိုင်ငံသည် အော်တိုမန်အင်ပါယာခေတ်မှစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေများ  ပြဋ္ဌာန်းကျင့်သုံးလာပြီး ရွေးကောက်ပွဲစနစ်များ၊ နိုင်ငံရေးစနစ်များ ပြောင်းလဲကျင့်သုံးလာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပ ခဲ့ချိန်မှစ၍ နိုင်ငံတော်သမ္မတအား လွှတ်တော်မှတစ်ဆင့်ရွေးချယ်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် နှစ်ရပ်ထားရှိသည့်စနစ်ကိုကျင့်သုံးခဲ့ပြီး ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီးနောက် အထက်လွှတ်တော် (Senate) အား ဖျက်သိမ်းခဲ့သည်။ ၂၀၀၇ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီးနောက် ၂၀၁၄ ခုနှစ်မှစ၍ သမ္မတအား တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့်  ရွေးကောက်ပွဲများပေါ်ပေါက်လာပြီး ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများတွင်လည်း အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးသည့်အတွက် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြား  အပြန်အလှန်  ထိန်းကျောင်းမှုများ အားကောင်းလာကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းလျက်ရှိပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

ကျမ်းကိုးစာရင်း

- Turkey's Constitution of 1982 with Amendments through 2017

- Tukey' Law on Parliamentary Elections

- https://www.ysk.gov.tr/en/supremeelection-council/1841

- https://www.researchgate.net/publication/332703377_How_do_Turks_abroad_vote

- https://www.ifes.org/sites/default/fi les/electoral-system-design-thenew-international-idea-handbook.pdf

- https://en.wikipedia.org/wiki/Electoral_system_of_Turkey

- https://global.tbmm.gov.tr/index.php/EN/yd/icerik/13

- https://en.wikipedia.org/wiki/2018_Turkish_parliamentary_election

- https://en.wikipedia.org/wiki/2018_Turkish_presidential_election

လင်းခက်