လျှပ်စစ်စွမ်းအင်ပြည့်ဂုဏ်အင်

လျှပ်စစ်စွမ်းအင်ပြည့်ဂုဏ်အင်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၁ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် တွေ့မြင်ကြရပြီးဖြစ်ပါသည်။ ထိုသတင်းမှာ မြန်မာနိုင်ငံအတွက် အကျိုးရှိသော သတင်းတစ်ရပ်ဖြစ်ပေသည်။ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်ကို ဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်မှ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ရန် နိုင်ငံအတွင်းရှိ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ၊ ရထားများ ပြောင်းလဲအသုံးပြုရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။

ရုရှားနှင့်မြန်မာတို့သည် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း၌ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့် လျှပ်စစ်ဓာတ်အား အသုံးပြု၍ အများပြည်သူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေး၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ သာမက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့်     ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအနေအထား၌ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု ၅ဝ ရာခိုင်နှုန်းမျှသာ ဆောင်ရွက်ပေးနိုင်သေးသည်။ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် သာယာဝပြောသည့်နိုင်ငံ၊ စားရေရိက္ခာ ပေါများသည့် နိုင်ငံဖြစ်ရန် အလှမ်းဝေးတော့မည် မဟုတ်ပေ။ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုတိုးတက် ရရှိရန် လိုအပ်ပေသည်။ မြန်မာ နိုင်ငံသည်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာမည်ဖြစ်သည်။

စီးပွားရေး လုပ်ငန်းများ များပြားလာသည်နှင့် အတူ လျှပ်စစ်ဓာတ်အား လိုအပ်မှုမှာလည်းမြင့်တက်လာမည် ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများ ပေါများလာသည်နှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းလည်း များပြားလာပေမည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ဝင်ရောက်လာစေရေးမှာ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍသည် အခြေခံအကျဆုံးဟု ဆိုနိုင်သည်။ ထို့ကြောင့်နိုင်ငံတော် အစိုးရသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနကိုဖွဲ့စည်းကာ စွမ်းအင်အရင်းအမြစ် မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အမျိုးသား အဆင့်ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လိုအပ်ချက်ပြည့်မီစေရန် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ အပြင် LNG ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများဖြင့်လည်း တိုးတက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ဓာတ်အားစနစ် တည်ငြိမ် ကောင်းမွန်စေရေးနှင့် ဓာတ်အားပမာဏ အမြောက်အမြားကို ပို့လွှတ်သယ်ဆောင်၊ ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် 500 KVမဟာဓာတ်အားလိုင်းကြီးများကိုလည်း နိုင်ငံတစ်ဝန်း ကွန်ရက်ကြီးများသဖွယ် သွယ်တန်း တည်ဆောက်လျက်ရှိပါသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂ဝ၂၁)သို့ တက်ရောက် အမှာစကား ပြောကြားရာတွင် မီးရထားများ၊ မြို့ပတ်ရထားများ၊ ဘတ်စကားများအား နောင်တွင် လျှပ်စစ်ကိုရအောင် ပြောင်းမည့်အကြောင်းနှင့် ပတ်သက်၍ ''ဒါ့ကြောင့်ကျွန်တော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် တွန်းအားပေးနေခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံး မြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်းအတိုင်း သွားမယ်။  မြို့ပေါ်တွေမှာသုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေ ဖြစ်ရမယ်။ ဒီမူဝါဒကို တွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ကြေညာပါ့မယ်'' ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လျှပ်စစ်စွမ်းအင်ပြည့်ဝစွာ အသုံးပြုနိုင်ရေး ကြိုးပမ်းလျက်ရှိသလို ပြည်သူများဘက်ကလည်း မိမိတို့တတ်စွမ်းသည့် ဘက်မှ ပါဝင်ကြရမည်ဖြစ်သည်။ အနိမ့်ဆုံးအဆင့် အိမ်တိုင်းအိမ်တိုင်း လျှပ်စစ်မီတာ တပ်ဆင်သုံးစွဲနိုင်ရေးကို လုပ်ဆောင်နေသလို လျှပ်စစ်မီတာ အသုံးပြုသူများကလည်းမိမိတို့အသုံးပြုသည့် လုပ်ငန်းများအလိုက် လျှပ်စစ်ဓာတ်အား ကျသင့်ငွေကို ပေးဆောင်ကြရမည်ဖြစ်သည်။ မိမိသုံး၍ မိမိပေးရခြင်းသည် တရားမျှတသည်။ အကယ်၍ မိမိကလျှပ်စစ်ဓာတ်အားခ မပေးလိုလျှင် လျှပ်စစ်ဓာတ်အားကို အသုံးမပြုဘဲ နေသင့်သည်။ ဤသည်မှာ နိုင်ငံကြီးသား ပီသသော စိတ်ထားဖြစ်သည်။ ယခုအခါ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အား အသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တော့မည် ဖြစ်ပေရာ လျှပ်စစ်စွမ်းအင် ပြည့်ဂုဏ်အင်ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏ ဂုဏ်အင်မြင့်မား လာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။