တိုင်းပြည်နှင့်လူမျိုး ချစ်သည်ဆိုပါလျှင်

တိုင်းပြည်နှင့်လူမျိုး ချစ်သည်ဆိုပါလျှင်

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်တွင် စာပေနှင့် ပတ်သက်သည့်ပုဂ္ဂိုလ်များ နှင့်အနုပညာနှင့် ပတ်သက်သည့်   ပုဂ္ဂိုလ်များက လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ရာ၌ လှုံ့ဆော်မှုများတွင် နိုင်ငံရေးအရပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးချိန်နောက်ပိုင်း တိုင်းပြည် ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်တိုက်တွန်း ဆောင်ရွက်ပေးခဲ့မှုများ ရှိခဲ့သည်။ နိုင်ငံ၏ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ချိန်တွင်လည်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့အစည်းများ အားလုံးသည် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသည်။ အနုပညာရှင်များ အားလုံးသည် ပြည်သူများအားလုံး၏ Motivation စိတ်ခံစားမှုများကို တက်ကြွအောင်ဆောင်ရွက်ပေးပြီး ခေတ်ရေစီးကြောင်းတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းများဖြစ်သည်။

တိုင်းပြည် တည်ဆောက်ရေးတွင် အနုပညာရှင်များ၏ အခန်းကဏ္ဍမှာ  အရေးကြီးလှသည်။  စာပေမှ တိုက်တွန်းချက်များ၊ လုပ်ဆောင်ချက်များ များစွာ ဆောင်ရွက်၍ရသည်။ စာဖတ်ခြင်းမှ သိရှိရသည့်အသိ ပညာများမှ ဖြန့်ဝေခံစား ဆောင်ရွက်ခြင်းဖြစ်သည်။ အလားတူ ဂီတကဏ္ဍသည်လည်း လူတစ်ဦး ကလေးငယ် မှစ၍ သားချော့တေးမှစတင်ပြီး   ကလေးငယ်၏ စိတ်ကိုဂီတဖြင့် ပြုပြင်သွားခြင်းပင်ဖြစ်သည်။ ရုပ်ရှင်ကဏ္ဍသည်လည်း လူများ၏ စိတ်ကိုပြောင်းလဲနိုင်သည်။ သဘင်ကဏ္ဍသည်  ယဉ်ကျေးမှုနှင့် ပတ်သက်၍ ထိန်းသိမ်းပေးသည့် ပညာရှင်များဖြစ်ကြသည်။

ထို့ကြောင့်အနုပညာ အဖွဲ့အစည်းများသည် နိုင်ငံအတွက် အရေးပါသည့် အဖွဲ့အစည်းများဖြစ်သည်။

ဖြစ်ပေါ်ခဲ့သည့်   နိုင်ငံရေး အပြောင်းအလဲတွင် အချို့က စိတ်ခံစားမှုနှင့် လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများ ရှိခဲ့သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ခွင့်လွှတ်ပေးပြီး အရေးယူထားသူများ ပြန်လွှတ်ပေးခဲ့သည်။ အနုပညာနှင့် ပတ်သက်၍ဆောင်ရွက်နေချိန်တွင် မိမိကိုယ်တိုင်ကောင်းရန်နှင့် ပတ်ဝန်းကျင်ကောင်းရန်အတွက် ရည်ရွယ်ဆောင်ရွက်ရန် လိုပေသည်။ နိုင်ငံကောင်းစေရန် အတွက် အနုပညာရှင်များ အနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်သည့် လုပ်ငန်းရပ်များဖြစ်ရန်လိုသည်။ နိုင်ငံအား ထိခိုက်မှုဖြစ်စေနိုင်သည့် လှုံ့ဆော်မှုမျိုး မဖြစ်ရန်လိုသည်။ မိမိတို့သက်ဆိုင်သည့် ကဏ္ဍအလိုက်  သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် လိုအပ်ပေသည်။

ဤသည်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်းဆိုင်ရာ ကဏ္ဍများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင် နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားချက်များကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲသည် နှုတ်ခွန်းဆက် အမှာစကား ပြောကြားအပြီးတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရန်ပုံငွေကျပ် သိန်း ၄ဝဝဝ၊ ဆန်အိတ် ၁ဝဝ၊ ဆီပိဿာ ၅ဝဝ နှင့် ပဲပိဿာ ၃ဝဝ တို့အား ပေးအပ်ခဲ့သည်။

စာပေနှင့်စာနယ်ဇင်း ကဏ္ဍမှ စာပေပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံ စာရေးဆရာ အသင်းအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်င ံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံသဘင် အစည်းအရုံး အမှုဆောင်နှင့် တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ မြန်မာနိုင်ငံဂီတပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူ တစ်ဦးတို့က လည်းကောင်း အသီးသီး လက်ခံရယူကြသည်။ ဤမြင်ကွင်းကို ရုပ်မြင်သံကြား တွင်ကြည့်လိုက်ရစဉ်မှာပင် စာပေနယ်သားတစ်ဦး အနေဖြင့် ဝမ်းသာပီတိဂွမ်းဆီ ထိသို့ဆိုရမည်ပင်ဖြစ်သည်။ အများပြည်သူတို့၏ နှလုံးသားမှာလည်း မုဒိတာပွားနေမည်မှာ သေချာလှပါသည်။

စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍအသီးသီးမှ အနုပညာရှင်များ ကိုယ်စား   မြန်မာနိုင်ငံရုပ်ရှင်  အစည်းအရုံး နာယကနှင့်ယာယီဦးစီး ကော်မတီဥက္ကဋ္ဌ အကယ်ဒမီဒါရိုက်တာ  စည်သူဦးကြည်စိုးထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယခုကဲ့သို့  အနုပညာရပ်ဝန်း အသီးသီးမှ အနုပညာရှင်များအားတွေ့ဆုံ၍   စားသောက်ဖွယ်ရာများနှင့် ရန်ပုံငွေများ ပေးအပ်သည့်အတွက်   နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုကြောင့် မိမိတို့အနုပညာရပ်ဝန်း အသီးသီးတွင် အခက်အခဲများ များစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ မိမိတို့ အနုပညာရှင်များ အနေဖြင့် မိမိတို့ တတ်မြောက်ထားသည့် အနုပညာရပ်များဖြင့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးများကို တတ်စွမ်းသရွေ့ ဆက်လက်သယ်ပိုး ထမ်းရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

အနုပညာရှင်(ဝါဂီနစ်)များသည် နိုင်ငံ၏ အကျိုးကို ဆောင်ခဲ့ကြသူများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် ထင်ရှားစွာတွေ့မြင်နိုင်သည်။ ခေတ်အလိုက်ခေတ်၏ လိုအပ်ချက်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပညာရှင်တို့၏ လွတ်လပ်ရေးတိုက်ပွဲတွင် ဉာဏအစွမ်းဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သီချင်းတစ်ပုဒ်၊ တိတိကျကျဆိုရလျှင် ၁၉၃၉ ခုနှစ် အောက်တိုဘာလတွင် ပေါ်ပေါက်ခဲ့သော သီချင်းတစ်ပုဒ်က ယနေ့တိုင်မြန်မာတို့၏ နားဝယ်စွဲလျက် ရှိသည်။ အတိတ်ကောင်းနိမိတ်ကောင်းနှင့် ရေးဖွဲ့ထားသည့်အပြင် သီချင်းစာသားများ၏ အဓိပ္ပာယ်ကလည်း လေးနက်ပြည့်ဝသည်။ ဗုဒ္ဓဘာသာမြန်မာပြည်တွင် ဘေးဘယာမသန်း အေးချမ်းနေသည်မှာ ဘုရားရတနာ၊  တရားရတနာ၊  သံဃာရတနာကို လက်စုံမိုး၍  ရှိခိုးပူဇော်၍ဖြစ်ကြောင်း၊  လက်ယာတောင်ကျွန်းတွင် သာသနာ ထွန်းလင်းနေသည့်အတွက် သာယာနေပါကြောင်း၊ စိန်၊ ကြောင်၊ နီလာ၊ ဂေါ်မုတ်၊ ဥဿဖရား၊ ပတ္တမြား၊ မြဣန္ဒနီရတနာ ခုနစ်ပါးပေါကြွယ်ကာ သုံးမကုန်နိုင်ကြောင်း ရေးဖွဲ့ထားသည်။ သံပြိုင် Choruses သီဆိုရသောအပိုဒ်တွင် ''ရတနာခုနစ်ပါးတည် သာယာစည်ကားသည် ဘုရားရှိတဲ့အမိ မြန်မာပြည်၊ အန္တရာယ်ကင်းရှင်းပေသည်၊  တရားအကျိုး မျှော်သလောက် တန်ခိုးတော်ကြောင့် ပျိုကြည်အောင် ထင်သည်၊ အဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးပါး ထင်ရှားတည်လေသည်'' အသံသာယာ အဓိပ္ပာယ် ပြည့်ဝလှသည့်အတွက် ရှေးခေတ်တေးသီချင်းများကား ယနေ့တိုင်မြဲခိုင်လျက်ရှိသည်။

လွတ်လပ်ရေး မရခင်ကတည်းက မြန်မာတို့သည် မျိုးချစ်စိတ်ဓာတ်  ရှင်သန်ထက်မြက်ရေး အလေး ပေးရေးသားခဲ့ကြသည်။ မြန်မာတွေသည် ကျွန်တွေမဟုတ်၊ ဒါသည်တို့နိုင်ငံ၊ တို့သည် သခင်များဖြစ်သည်။ မြန်မာတွေသူ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် အမျိုးကိုချစ်တတ်ဖို့၊ ဘာသာသာသနာကို ချစ်မြတ်နိုးဖို့၊ ဇာတိသွေး ဇာတိမာန်ထက်သန်ကြဖို့ ဆရာရွှေတိုင်ညွန့်က ဇာတိမာန်ခေါင်းစဉ်ဖြင့် သီချင်းတစ်ပုဒ် ရေးသားခဲ့သည်။ ထိုသီချင်းသည်လည်း ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပေါ်ပေါက်ခဲ့သော သီချင်းဖြစ်သည်။

ယနေ့တိုင် လူငယ်မောင်မယ်တို့ တက်တက်ကြွကြွ သီဆိုနေကြဆဲဖြစ်သည်။ ထိုသီချင်းသံကြားမိလေတိုင်း ဇာတိသွေးဇာတိမာန်တို့ ပိုမိုတက်ကြွလာသလို ခံစားကြရသည်။ ကိုလိုနီခေတ် မလွတ်လပ်သော အ နေအထားတွင် ရေးသားနိုင်ခဲ့သည်မှာ ပြင်းထန်လွန်းသော မျိုးချစ်စိတ်ကြောင့်ပင်ဖြစ်ပေလိမ့်မည်။ တိုင်းပြည်နှင့်လူမျိုးကိုချစ်သူတိုင်း  ဤသီချင်းကိုဆိုကြသည်။

တိတိပပသီချင်းတစ်ပုဒ်လုံးကို မရသော်မှ Chorusesဟူသော သံပြိုင်သီဆိုရသည့်အပိုဒ်တွင် မိုးယံကကြားလောက်အောင် အားနှင့်မာန်နှင့် သီဆိုကြသည်။ စစ်ကြိုခေတ်ဟု သုံးနှုန်းလေ့ရှိသော လွတ်လပ်ရေး မရမီခေတ်ကာလက လွတ်လပ်ရေး ရရှိရေးအတွက် အနုပညာရှင်တို့ ကြိုးစားခဲ့ကြသည်။  မျိုးချစ်စိတ်ဓာတ်၊  ဝံသာနုစိတ်ဓာတ်၊  ဇာတိမာန်စိတ်ဓာတ်တို့ တဖိတ်ဖိတ် တောက်ပလာသောကြောင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင်  မြန်မာတို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဇာတိမာန်သီချင်း အစပိုဒ်တွင် ''(ဒါတို့တိုင်း တို့ပြည် တို့မြန်မာတွေ)၂ (မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ  ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ)၂ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြေ၊ ရာဇဝင်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ၊ ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင်တို့အမွေ တို့ပြေတို့မြေ..ဟူ၍ ဇာတိမာန်ကို ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ဖော်ပြထားသည်။ သြော်..ဒါ့ကြောင့်လည်း ဇာတိမာန်သီချင်းကို ကြောက်ရွံ့နေသူတွေ ရှိခဲ့တာကိုး..ဟူ၍စာရေးသူ တွေးလိုက်မိသည်။

ဆက်လက်၍ ထိုသီချင်း၏ Choruses အပိုဒ်ကိုဖော်ပြချင်ပါသေးသည်။ ရိုးရာအခြေ မညှိုးပါသလေ မျိုးသာကီနွယ်ဆင်းသက်ပေ၊ ဒါတို့ရွှေထီး၊ ဒါတို့မြေကြီး၊ စည်ထီးခရိုင်၊ ကိုယ်ပိုင်မြန်မာပြည်၊ တက်လူတွေ တက်လူတွေ၊ လုံ့လဝီရိယရှိကြစေ၊ မျိုးဂုဏ်တက်အောင် ရွက်ဆောင်လေ၊  တို့တာဝန်မှန်ပေ၊  အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြေ၊ ရာဇဝင်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ၊ ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေတို့ပြေ တို့မြေ..ဟူ၍ တက်လူတွေ အတွက် မှာကြားချက်ဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ပေါ်ပေါက်ခဲ့ပြီး ယနေ့တိုင် ခိုင်ခိုင်ခံ့ခံ့ရှိနေသော သီချင်းတစ်ပုဒ် အကြောင်းကို ဆက်လက် တင်ပြချင်သေးသည်။ ထိုသီချင်းမှာ နဂါးနီဖြစ်သည်။ ထိုသီချင်းကို ဆရာရွှေတိုင်ညွန့်ကပင် ရေးဖွဲ့ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ယနေ့တိုင်တက်တက်ကြွကြွ  သီဆိုမှုပြုနေကြဆဲဖြစ်သည်။

(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်၊  လူမွဲတွေကမနှေးခေတ်မီ  သူဌေးဖြစ်တော့မည်)၂၊ တို့နဂါးနီ၊ သိဒ္ဓိတန်ခိုးနဲ့ဆင်းရဲသားတို့မညှိုးပြီ၊ အကျိုးထူး ပေးတော့မယ်တဲ့ဗျ၊ တို့နဂါးနီ၊ သိဒ္ဓိတန်ခိုးနဲ့ဆင်းရဲသားတို့မညှိုးပြီ၊ အကျိုးထူးပေးတော့မည်၊ ခေတ်သစ် ထူထောင်မည်၊ အေးချမ်းသာယာစည် နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည် ဟူသော သံပြိုင်သီဆိုမှုသည်လည်း လူသားတို့အတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်သည်။ စစ်ကြိုခေတ်က ပေါ်ပေါက်ခဲ့ပြီး ယနေ့တိုင် ပြည်သူလူထုစိတ်နှလုံးကို ဆွဲဆောင်စည်းရုံးနေသော သီချင်းများကား ဖော်ပြ၍မကုန်နိုင်အောင်ဖြစ်သည်။ မြို့မငြိမ်း၏ နတ်သျှင်နောင်သီချင်းမှာလည်း ၁၉၄၁ ခုနှစ်က သီချင်းဖြစ်သည်။ ယနေ့တိုင် တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ဟုဆိုလိုက်သည်နှင့် နတ်သျှင် နောင်သီချင်းဟု လူတိုင်းသိကြသည်။

စာပေနယ်တွင်လည်း ရှေးကစာပေပညာရှင်တို့သည် နိုင်ငံနှင့်လူမျိုး တိုးတက်ရေးအတွက်တစ်ဖက် တစ်လမ်းမှ ထမ်းဆောင်ခဲ့ကြသည်။ ကဗျာလောကတွင်အားလုံးလေးစားရသော ဆရာဇော်ဂျီ၏တို့တိုင်းပြည် အမည်ရှိကဗျာသည် ယနေ့တိုင် မြန်မာတို့ကို နည်းပေးလမ်းပြနေဆဲဖြစ်သည်။ ထိုကဗျာကို ဆရာသည် ၁၉၃၅ ခုနှစ် သြဂုတ်လထုတ်ကြီးပွားရေး မဂ္ဂဇင်းတွင် ရေးခဲ့ခြင်းဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံအတွင်းပြည်ပနိုင်ငံသားများ ကျူးကျော်နေထိုင်မှု များပြားခဲ့သည်။ ထိုသူများက ချမ်းသာပြီး မြန်မာတိုင်းရင်း သားတို့က ဆင်းရဲနေသည်။   ထိုအခြေအနေကိုစာရေးဆရာမြင်တွေ့သောအခါ မြန်မာတွေညံ့လွန်းနေရင်တော့ သေရင်တောင် တောကပြိတ္တာဖြစ်လိမ့်မယ်။ ပြိတ္တာချင်း တူလျှင်သော်မှ တောကပြိတ္တာက ပိုမို၍ အငတ်ဘေးကြုံပေလိမ့်မည်။ ကဗျာ၏ နောက်ဆုံးအပိုဒ်တွင် ထလော့မြန်မာ၊ မြန်မာထလော့၊ အားမပျော့နှင့်၊ မလျှော့လုံ့လ၊ သူကစ၍၊ ငါကအားလုံး၊ လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊ စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊ ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊ ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊ ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊ ဉာဏ်ရှေ့ပန်း၍၊ တစ်ဝမ်းတစ်စိတ် ညီစေသတည်း ဟူ၍ တိုက်တွန်းထားသည်။

မြန်မာ့တပ်မတော်ကို ၁၉၄၁ ခုနှစ်  ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းသည်။ ဘီအိုင်အေ၊ဘီဒီအေ စသည်ဖြင့် အမည်အမျိုးမျိုး ပြောင်းခဲ့သော်လည်း အနှစ်သာရမှာ တိုင်းပြည်နှင့် လူမျိုးအတွက်သာ ဖြစ်သည်။

တပ်မတော်အင်အား ရှိဖို့လိုသည်၊ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိနိုင်မည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆကို ဆရာရွှေတိုင်ညွန့်က သီချင်းအဖြစ် ရေးပေးလိုက်သည်။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည် သီချင်းသည်ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲဖြစ်သည်။

နိုင်ငံတော် ကာကွယ်ရေးအတွက် မီးမောင်းထိုးပြလျက်ရှိသည်။

လွတ်လပ်ရေးရပြီးစမှာပင် နိုင်ငံအတွင်းရောင်စုံသောင်းကျန်းသူများ ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က တပ်မတော်အင်အားမှာ သောင်းကျန်းသူ အင်အားထက် သုံးဆခန့်နည်းပါးသည်။ အင်အားနည်းပါးလှသော်လည်း  ငါ့နိုင်ငံတော်အတွက် ဟူသောစိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ ပြန်လည် ဆုံးရှုံးတော့မည့် လွတ်လပ်ရေးကို ကာကွယ်နိုင်ခဲ့သည်။ ထိုသို့သော မျိုးချစ်စိတ်ဓာတ် အပြည့်အဝရှိသည့်တပ်မတော်သားအပေါင်းကိုလည်း ပြည်သူတို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ကြသည်။ အနုပညာရှင်များကလည်း ရှေ့တန်းစခန်းများအထိ သွားရောက်ဖျော်ဖြေပေးကြသည်။ ဂီတစာဆိုများကလည်း သီချင်းများ ရေးသားပေးကြသည်။ စစ်ချီတေး၊ စစ်သည်တေးသံတို့ လွင့်ပျံ့မဆဲရှိခဲ့သည်။ ထိုစဉ်ကသီချင်းများစွာထဲက ကောက်နုတ်ဖော်ပြရလျှင် တင်တင်မြ၏ ပေဖူးလွှာ၊ တောင်တန်းပြာနဲ့ကျောပိုးအိတ်၊ မာမာအေး၏ မှာချွေစကားတို့ ကျော်ကြားလှသည်။ ထို့အတူ ရုပ်ရှင်ဇာတ်လမ်းများဖြင့်လည်း ဂုဏ်ပြုခဲ့ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်လည်း ဆည်ကြီးတစ်ခု တည်ဆောက်ပြီးစီးလေတိုင်း၊  တံတားကြီးတစ်ခု ပြီးမြောက်လေတိုင်း အနုပညာရှင်တို့၏ ဆိုဟန်ကဟန်များကား လွန်စွာကြည်နူးဖွယ် ကောင်းလှသည်။ တိုင်းပြည်သာယာ ဝပြောရေးအတွက် အနုပညာရှင်တို့၏ ပါဝင်စွမ်းဆောင်မှုမှာ များပြားလှပါသည်။ ဂုဏ်ပြုရုပ်ရှင် ဇာတ်ကားများမှာလည်း အဆင့်အတန်းမြင့်မားလှသည်။

ငွေကြေးအကုန်အကျများစွာ ခံပြီး လှလှပပ ခံ့ခံ့ညားညား တင်ဆက်သောအခါ လူကြိုက်များလှသည်။

အစိုးရဘာလုပ်လုပ် အကောင်းမမြင်နိုင်သူ လူတစ်စုတစ်ဖွဲ့ကလွဲလျှင် အားလုံးက ကောင်းချီးသြဘာ ပေးကြသည်။

၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ထင်ထင်ရှားရှား ပြသနိုင်သော တိုးတက်မှုပေါင်း များစွာဖြစ်ပေါ်ခဲ့သည်။ ထိုတိုးတက်မှု အသီးအပွင့်များကို ယနေ့ပြည်သူတို့ ခံစားနေကြရသည်။

စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတစသည်ဖြင့် ခွဲခြားထားသော်လည်း အားလုံးသည် အနုပညာရပ်ဝန်း နယ်ပယ်တွင် ကျင်လည်နေသူများသာဖြစ်သည်။ ထိုသူတို့သည် ပြည်သူတို့၏စိတ်ကို ဖမ်းစားထားသူများဖြစ်သည်။ ချစ်ခင်မှု၊ ရယ်ရွှင်မှု၊ ကြင်နာမှု၊ ရက်စက်မှု၊ စွန့်စားမှု၊ ကြောက်ရွံ့မှု၊ မုန်းတီးမှု၊ အံ့သြမှု၊ တင်းတိမ်ရောင့်ရဲမှုဟူသော ရသကိုးပါးကို ပေးစွမ်းနိုင်ကြသည်။ လူငယ်လူရွယ်များအား လမ်းမှန်သို့ ရောက်အောင် ပို့ဆောင်နိုင်သလို လမ်းမှားသို့ရောက်အောင် ပို့ဆောင်နိုင်သူများမှာလည်း အနုပညာရပ်ဝန်းမှ လူသားများဖြစ်သည်။

လူသတ်ခြင်း၊ ဓားပြတိုက်ခြင်း  စသည်ဖြင့် ဆိုးခိုးတိုက်ခိုက်နေသူများသည် လမ်းမှားသို့ ရောက်နေသူများဖြစ်သည်။

လမ်းမှန်ခြင်း၊   လမ်းမှားခြင်းကို အလွယ်တကူ ဆန်းစစ်နိုင်သော အချက်မှာ  မိမိကသူတစ်ပါးကို လုပ်ဆောင်သလိုမျိုး သူတစ်ပါးက မိမိကိုပြန်လုပ်ဆောင်မည် ဆိုလျှင် မိမိခံနိုင်မလား။ ဥပမာ- လူတစ် ယောက်ကို သတ်လိုက်သည်။ ထိုသူကို သတ်သလိုမျိုးအခြားသူတစ်ဦးက မိမိကိုလာသတ်လျှင်မိမိခံနိုင်မလား။

လုံးဝခံနိုင်မည်မဟုတ်ပေ။ မိမိမခံနိုင်သောလုပ်ရပ်မျိုး သူတစ်ပါးကို ပြုမူနေခြင်းသည် လမ်းမှားပင်ဖြစ်သည်။ နိဂုံးချုပ်ဆိုရသော် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရပ်ဝန်းမှ ပညာရှင်အပေါင်းတို့သည် ယနေ့လူငယ်မောင်မယ်များ  လမ်းမှားသို့ မရောက်ရှိရေးအသိပညာပေးကြစေချင်သည်။ သာယာဝပြောသော နိုင်ငံတော်ဖြစ်အောင် တက်ညီလက်ညီ ကြိုးပမ်းစေချင်သည်။ အစိုးရတစ်ရပ်ကို မျက်စိစုံမှိတ်ထောက်ခံ ရမည်ဟုမဆိုလိုသော်လည်း ကောင်းတာလုပ်လျှင် ကောင်းသည့်အတိုင်း မြင်စေချင်သည်မှာတော့ စာရေးသူ၏ ဆန္ဒအစစ်အမှန် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။    ။

အာကာမောင်မောင်