ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်အား စစ်တရားရုံးဖြင့် စစ်ဆေး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်

ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်အား စစ်တရားရုံးဖြင့် စစ်ဆေး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်

နေပြည်တော်  နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊  ဖာခတ်ကျေးရွာရှိ  အမျိုးသမီး တစ်ဦးအား စစ်သည်တစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သဖြင့် ၎င်းစစ်သည်အား ဖော်ထုတ်၍ တရားဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း     ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြားလာခဲ့သည်။

တိုင်ကြားသော ကိစ္စရပ်သည်  ပြည်သူလူထုနှင့် ပတ်သက်၍သော် လည်းကောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာပိုင်း အရသော် လည်းကောင်း ကြီးလေးသည့် ရာဇဝတ်မှုမျိုးဖြစ်သည့်အတွက် သတင်းရရှိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူများအား စေလွှတ်၍ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

စိစစ်ဖော်ထုတ်ချက်အရ ကွတ်ခိုင်မြို့နယ် အတွင်း   လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်   နယ်မြေလုံခြုံရေး လုပ်ငန်းများ     ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များ ဆောင် ရွက်ရန်အတွက် တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနှင့်    မိုးဝင်းတို့ သုံးဦးသည် အခြေပြုနေရာမှ သောက်သုံးရေ သွားရောက် ခပ်ယူစဉ် ရေဆိပ်အနီးရှိ   တောင်ယာတဲ

အတွင်းမှ ခြံစောင့်ဖြစ်သူ အမျိုးသမီးတစ်ဦးအား  တပ်သားမင်းမင်းစိုးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦးဖော်ထုတ် သိရှိခဲ့ရသဖြင့် အဆိုပါစစ်သည် သုံးဦးအား သီးခြားစီခွဲ၍ ထပ်မံစစ်ဆေးခဲ့ရာ တပ်သား မင်းမင်းစိုးမှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိခဲ့ရသည်။

အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သည်အား စစ်စည်းကမ်းအရ အရေးယူနိုင်ရေးအတွက်   အများပြည်သူရှေ့မှောက်တွင် တရားစီရင်မှု (Open Court) စစ်တရားရုံးဖြင့် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးသွားမည်ဖြစ်ပြီး ယင်းဖြစ်ရပ်မျိုးအတွက် လုံးဝသည်းခံခွင့်လွှတ်ခြင်း မရှိခဲ့သည့် အစဉ်အလာအတိုင်း ပြစ်မှုကျူးလွန်သူအား  ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။