မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ဥရောပလေ့ကျင့်ရေး ခရီးစဉ်ဖြစ်သည့် ပထမဆုံး ခြေစမ်းပွဲစဉ်တွင် တူရကီကလပ် Manavgat Belediyesporအသင်းကို အနိုင်ရရှိ
ဥရောပ လေ့ကျင့်ရေး ခရီးစဉ်အဖြစ် တူရကီနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် လေ့ကျင့်ရေး ခရီးစဉ်အတွင်း ပထမဆုံး ခြေစမ်းပွဲစဉ်အဖြစ် နိုဝင်ဘာ ၁ဝ ရက် မြန်မာစံတော်ချိန် ည ၆ နာရီက တူရကီအပျော်တမ်းလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် Manavgat Beledi-yespor အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြ အန်တွမ်နီဟေးက အဆိုပါခြေစမ်းပွဲစဉ် ပထမပိုင်းတွင် ဂိုးသမားအဖြစ် မျိုးမင်းလတ်၊ အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ မောင်မောင်ဝင်း၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ မျိုးကို ထွန်းနှင့် ဝင်းနိုင်ထွန်းတို့ကို အသုံးပြုခဲ့ပြီး ပွဲချိန် ၄၁ မိနစ်တွင် ဝင်းနိုင်ထွန်း၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သည်။
ဒုတိယပိုင်းတွင် နည်းပြအန်တွမ်နီဟေး က ဂိုးသမား စိုးအာကာ၊ ဒေးဗစ်ထန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင် စသည့် ကစားသမားတို့ကို အသုံးပြုခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် မောင်မောင်လွင်က အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
ထိုသို့ မြန်မာအသင်း ဦးဆောင်ဂိုး နှစ်ဂိုး ရရှိပြီးနောက်ပိုင်း Manavgat Beledi-yespor အသင်းက ပြန်လည် တိုက်စစ်ဆင် ဖိအားပေး ကစားခဲ့ရာမှ ပွဲချိန် ၇၅ မိနစ်တွင် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ နှစ်သင်းစလုံး ထပ်မံဂိုး သွင်းယူနိုင်ခြင်း မရှိတော့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင် အသင်းက Manavgat Belediyespor အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပ လေ့ကျင့်ရေး ခရီးစဉ်အတွင်း တူရကီနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် အာဖရိကကလပ် အသင်းတစ်သင်းဖြစ်သည့် ဘူရန်ဒီအသင်းနှင့် လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် လည်းကောင်း ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။