COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သည် အမျိုးသားရေးကိစ္စဖြစ်ပြီး အသိပညာပေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လိုအပ်ချက်မှန်သမျှကို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သည် အမျိုးသားရေးကိစ္စဖြစ်ပြီး အသိပညာပေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လိုအပ်ချက်မှန်သမျှကို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ - ၁၅

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လအစောပိုင်းအထိ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများပြားခဲ့ခြင်းမရှိကြောင်း၊ ဩဂုတ်လ ၃၁ ရက်အထိ ရောဂါပိုးကူးစက်ခံရသူ ၈၀၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာ ၁၄ ရက်တွင် ၃၀၀၀ ကျော်အထိရှိလာသဖြင့် နှစ်ပတ်အတွင်း လူဦးရေ ၂၀၀၀ ကျော်ကူးစက်ခဲ့ပြီး ကူးစက်မှုနှုန်းမြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ တပ်မတော်အနေဖြင့် ဝူဟန်မြို့၌ရောဂါစတင်ဖြစ်ပွားချိန်ကတည်းကပင် မျက်ခြည်မပြတ်စောင့်ကြည့်၍ လိုအပ်သည်များဆွေးနွေးညှိနှိုင်းပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး Social Distancing အရ သွားလာနေထိုင်ရန်၊ စက်ရုံ၊အလုပ်ရုံများတွင် အနည်းဆုံးသောလုပ်အားဖြင့်ဆောင်ရွက်ရန်၊ မဖြစ်မနေသွားလာရမည့်အရေးကြီးလုပ်ငန်းကိစ္စရပ်များမှအပ အခြားအရပ်ဒေသများသို့ ယာယီတာဝန်များမသွားရောက်ရန်နှင့် အခြားလိုအပ်သည်များကိုမှာကြား ဆောင်ရွက်စေခဲ့ကြောင်း၊ အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ဆ၍ တပ်မတော်အတွက် လွန်စွာအရေးကြီးသော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုပင် ရွှေ့ဆိုင်းထားခဲ့ကြောင်း။

မိမိတို့နိုင်ငံ၌ ရောဂါစတင်ဖြစ်ပွားချိန်တွင် ထိုက်သင့်သောသတိပြုမှုများရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ကူးစက်မှုနှုန်းသိသာများပြားလာခြင်းမရှိသဖြင့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် သတိပြုမှုလျော့နည်းလာပြီး ပေါ့ဆစွာသွားလာလှုပ်ရှားမှုများရှိနေခဲ့ကြောင်း၊ ယင်းအချိန်တွင် အိမ်နီးချင်းနိုင်ငံအချို့၌ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ အလွန်မြင့်တက်လျက်ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ ဩဂုတ်လနောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ်၌ ရောဂါဖြစ်ပွားမှုနှုန်း ရုတ်တရက်မြင့်တက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယနေ့နံနက် ၈ နာရီအထိ COVID-19 ရောဂါအတည်ပြုလူနာ ၃၂၉၉ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၇၉၀ ဦးနှင့် သေဆုံးသူ ၃၂ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈၄၇ ဦးဖြင့်အများဆုံးကူးစက်ခံရပြီး ရခိုင်ပြည်နယ်တွင် ၇၄၀ ဦးဖြင့် ဒုတိယအများဆုံး ကူးစက်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် အလုပ်အကိုင်ထိခိုက်မှုရှိပြီး ပုံမှန်ဝင်ငွေရှိသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိသာမှုမရှိသော်လည်း သာမန်အခြေခံလူတန်းစားများတွင် စားဝတ်နေရေးအတွက် ထိခိုက်မှုများရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစားများ၊ သဘင်၊ ဂီတ၊ ပန်းချီ စသည့် အနုပညာရှင်များ၊ မီဒီယာအဖွဲ့အစည်းများ၊ အားကစားသမားများနှင့်အခြားပုံမှန်ဝင်ငွေမရှိနိုင်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးကို တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကိုလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထို့ပြင် COVID-19  ရောဂါ ဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုများရပ်ဆိုင်းပြီး ဒေသထွက်ကုန်များ ရောင်းချရခြင်းမရှိသည့်တောင်သူများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းများပျက်စီးပြီး အခက်အခဲဖြစ်ပေါ်နေသည့်တောင်သူများကိုလည်း တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ ခရိုင်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့်ကျေးလက်ကျန်းမာရေးဌာနများသို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းပေးလျက်ရှိကြောင်း၊ ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည့်အပြင် စားသောက်ရေးကိစ္စများတွင် အဆင်ပြေစွာအခက်အခဲမရှိစေရေးအတွက် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်၊ ကြေညာချက်များကို တစ်ဦးချင်းလိုက်နာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နေပြီဟုဆိုသော်လည်း  ၂၀၁၉ ခုနှစ်တွင်စတင် ဖြစ်ပေါ်ခဲ့သည့် ရောဂါပိုးဗီဇနှင့် ယခုဖြစ်ပေါ်နေသည့် ရောဂါပိုးမျိုးရိုးဗီဇတို့ တူညီနိုင်ခြင်းမရှိဟုလည်းသိရှိရ၍ ကာကွယ်ကုသဆေးနှင့်ပတ်သက်၍ တိတိကျကျအာမခံနိုင်မှု မရှိသေးကြောင်း။
 ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် အခြေခံအကျဆုံးမှာ စည်းကမ်းလိုက်နာမှု၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဖြစ်ကြောင်း၊ ထို့ကြောင့်လူတိုင်းသည် သန့်ရှင်းသပ်ရပ်စွာနေထိုင်ရမည်၊ အလင်းရောင်နှင့်လေကောင်း လေသန့်ရရှိအောင်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ သတ္တဝါတိုင်းသည် သွေးနှင့်သားနှင့် တည်ဆောက်ထားခြင်းဖြစ်သဖြင့် မိမိကိုယ်ကို အသိတရားဖြင့် ထိန်းသိမ်းဂရုစိုက်မှသာလျှင် ကျန်းမာရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ မိမိသာမက မိမိ မိသားစုဝင်များနှင့်ပြည်သူများကိုလည်း တစ်ဦးချင်းအသိတရားဖြင့်ထိန်းသိမ်းဂရုစိုက်မှုရှိအောင် အသိပညာပေးရမည်ဖြစ်ကြောင်း။
ကုသရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်တွင် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူဖြည့်တင်းခဲ့မှုများရှိကြောင်း၊ တပ်မတော်အတွင်း HIV ရောဂါပိုး၊ အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုး စသည့်ရောဂါပိုးများကို စမ်းသပ်စစ်ဆေးရာတွင် အသုံးပြုသည့် COBAS 6800 စက်များသည် COVID-19 ရောဂါပိုးအား စစ်ဆေးဖော်ထုတ်ပေးနိုင်ကြောင်းသိရှိရသဖြင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရန် အသိပေးကြေညာခဲ့တွင်လည်း တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများအပြင် တိုင်းစစ်ဌာနချုပ်များအလိုက်လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုသရေးအတွက် တပ်မတော်အသည်းရောဂါကုဆေးရုံကြီးတွင် ပြင်ဆင်ဆောင်ရွက်ပေးထားပြီး လူ့အသက်ထက်အရေးကြီးသည်မှာမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ကျန်းမာရေးကို ဂရုတစိုက်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ယမန်နေ့ညတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ဆောင်ရွက်စေရန်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆင်ရေး၊ ကာကွယ်ရေးနှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများကို မထိခိုက်စေဘဲ ရောဂါဖြစ်ပွားမှုသည် အရေးကြီးသည့်အခြေအနေသို့ရောက်ရှိနေသဖြင့် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ချက်ချင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပဏာမပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများမှတစ်ဆင့် အသိပညာပေးမှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ယနေ့နံနက်အထိ ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု၊ ပြန်လည်ကောင်းမွန်မှုအခြေအနေများ၊  တပ်မတော်အတွင်း ရောဂါကူးစက်မှုအနေဖြင့် ပြည်ပမှကူးစက်မှု ၁၈ ဦး၊ ပြည်တွင်းကူးစက်မှု ၂၈ ဦး၊ စုစုပေါင်း ၄၆ ဦးရှိသည့်အခြေအနေများ၊ RT ၊ PCR ၊ COBAS 6800 နည်းတို့ဖြင့် စစ်ဆေးပေးနိုင်မှုအခြေအနေများနှင့် စက်များကို ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနှင့်စစ်တွေမြို့တို့တွင် ဖြန့်ခွဲတပ်ဆင်၍ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ စက်များထပ်မံဝယ်ယူ၍ ပြင်ဦးလွင်၊ အောင်ပန်း၊ မော်လမြိုင်၊ မုံရွာနှင့်အခြားလိုအပ်လျက်ရှိသည့်နေရာများသို့ ဖြန့်ခွဲတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေသည့်အခြေအနေများနှင့်   လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်မှုအနေဖြင့် ၃၂၉၉ ဦးရှိပြီဖြစ်ပြီး လက်ရှိကူးစက်ဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လက်ရှိဖြစ်ပွားနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားနေပါက စက်တင်ဘာလကုန်တွင် ရောဂါကူးစက်ခံရသူ ၁၆၁၅၁ ဦးခန့်နှင့် တပ်မတော်အတွင်း၌ ၂၄၀ ဦးခန့်အထိ ရှိလာနိုင်သည်ကိုသုံးသပ်တွေ့ရှိရသည့်အခြေအနေများ။

တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်၊ ကြေညာချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စက်တင်ဘာ ၁၄ ရက်တွင်ရရှိသောအချက်အလက်များအရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာများတွင် ရောဂါပိုးတွေ့ရှိနှုန်း ၇ ဒသမ ၈၄ ရာခိုင်နှုန်း၊ အသွားအလာကန့်သတ်ထားရှိသူများတွင် ရောဂါပိုးတွေ့ရှိနှုန်း ၀ ဒသမ ၃၆ ရာခိုင်နှုန်း၊ ပိုးတွေ့လူနာနှင့်အနီးကပ်ထိတွေ့သူများမှ ရောဂါပိုးတွေ့ရှိနှုန်း ၁၄ ဒသမ ၇ ရာခိုင်နှုန်းရှိသည့် အခြေအနေများနှင့်တစ်နိုင်ငံလုံးပိုးတွေ့ရာခိုင်နှုန်းအနေဖြင့် ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း ၁၉၇၇၉၄ ဦးရှိသည့်အနက် ၃၂၉၉ ဦးတွေ့ရှိခဲ့သဖြင့် ၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦးမှ ပြည်တွင်းကူးစက်မှု စတင်ခဲ့သည့်ဩဂုတ်လ ၁၆ ရက်မတိုင်မီ မြန်မာနိုင်ငံတွင် စုစုပေါင်း ၁၃၆၁၅၃ ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိသူ ၃၇၅ ဦး၊ သေဆုံးသူ ၆ ဦးရှိသဖြင့် ပိုးတွေ့ရှိမှု ၀ ဒသမ ၂၇ ရာခိုင်နှုန်းရှိသည့်အခြေအနေများ၊ ဩဂုတ် ၁၆ ရက်နောက်ပိုင်းစစ်ဆေးခဲ့သူ ၆၁၆၄၁ ဦးရှိပြီး ရောဂါပိုးတွေ့ရှိခဲ့သူ ၂၉၂၄ ဦးရှိသဖြင့် ပိုးတွေ့ရှိမှု ၄ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်ကိုတွေ့ရှိရသည့်အခြေအနေများ၊ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၅၅ မြို့နယ်တွင် ကူးစက်ခံထားရပြီး စစ်တွေမြို့နယ်သည် ကူးစက်ခံရသူ ၄၀၁ ဦးဖြင့် အများဆုံး ကူးစက်ခံထားရကာ သင်္ဃန်းကျွန်းမြို့နယ်သည် ၂၇၄ ဦးဖြင့်ဒုတိယကူးစက်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရသည့်အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများ၏ ကူးစက်ခံရမှုအနေဖြင့် အမေရိကန်နိုင်ငံတွင် တစ်ရက်ပျှမ်းမျှ ၂၅၉၆၂ ဦးနှုန်းဖြင့်ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသည် တစ်ရက်ပျှမ်းမျှ ၂၀၇၆၁ ဦးနှုန်းဖြင့် ဒုတိယကူးစက်ခံရမှုအများဆုံးဖြစ်သည့် အခြေအနေများ၊ အာဆီယံနိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံသည် တစ်ရက်ပျှမ်းမျှ ၁၁၄၀ ဦးနှုန်းခန့်ဖြင့် ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် တစ်ရက်ပျှမ်းမျှ ၁၁၀၈ ဦးနှုန်းဖြင့် ဒုတိယကူးစက်ခံရမှုအများဆုံးဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင်ရောဂါ ကူးစက်မှုပထမလှိုင်းဟုပြောဆိုနိုင်သည့် မတ်လ ၂၃ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ ၅ လခန့်ကာလအတွင်း ကူးစက်ခံရမှု ၃၇၅ ဦးသာရှိပြီး ဒုတိယလှိုင်းကူးစက်မှုဟုသတ်မှတ် နိုင်သည့်ဩဂုတ်လ ၁၆ ရက်မှ ယနေ့အထိ ၁လခန့်ကာလအတွင်း ၂၉၂၄ ဦးရှိသဖြင့် တစ်ရက်ပျှမ်းမျှကူးစက်ခံရသူ ၉၇ ဦးနှုန်းခန့်မြင့်တက်လာသည်ကို တွေ့ရှိရသည့်အခြေအနေ များ၊ ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုသည်အဓိကကျပြီး ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုများပြားလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲမသွားစေရန် အထူးသတိပြုရန်လိုအပ်သည့်အခြေအနေများ။

တပ်မတော်ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင် Intensive Care Unit (ICU) ခန်းများ ထားရှိနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှ PPE ဝတ်စုံများ၊ Mask များ၊ ကလေးများအတွက် Face Shield များကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများ၊ တပ်မတော်တစ်ရပ်လုံးတွင် အရပ်ဘက်ပြည်သူများ Quarantine ထားရှိနိုင်ရေးအတွက် ၉၅၅၀ ဦးစာပြင်ဆင်ထားရှိပြီး ၆၄၅၁ ဦးကို ထားရှိနိုင်ခဲ့ကာ လက်ရှိအချိန်တွင် ၅၂၄ ဦးကို လက်ခံထားရှိပေးလျက်ရှိသည့်အခြေအနေများ၊ အထက်မြန်မာပြည်တွင် COVID-19 လူနာများကုသနိုင်ရေးအတွက် မိတ္ထီလာရှိ တပ်မတော်ဆေးရုံကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မတ်လ ၂၃ ရက်မှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ခရီးစဉ်များတွင် မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများသို့ COVID-19 ရောဂါကာကွယ် ရေးဆေးပစ္စည်းများ ထောက်ပံ့မှုများအနေဖြင့် ငွေကျပ်သိန်း ၃၉၀၀ ကျော်၊ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းမှုအနေဖြင့် တိုင်းရင်းသားအဖွဲ့နယ်မြေများသို့ ငွေကျပ်သိန်း ၄၃၀၀ ကျော်၊ လူမှုအဖွဲ့အစည်းများသို့ ငွေကျပ်သိန်း ၆၀၀ ကျော်၊ ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ်သိန်း ၁၇၀၀ ကျော်၊ စစ်မှုထမ်းဟောင်း၊ရဲမှုထမ်းဟောင်းအဖွဲ့များသို့ ငွေကျပ်သန်း ၇၄၀၀ ကျော်ကို ထောက်ပံ့ ပေးနိုင်ခဲ့သည့်အခြေအနေများ၊  တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများ၏ လစာတစ်လစာ၊ တစ်ရက်စာအလှူငွေရရှိမှု ၄ ဒသမ ၅ ဘီလီယံကျော်ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ၄ ဒသမ ၂ ဘီလီယံကျော်သုံးစွဲကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်ကျန်ရှိသည့်အခြေအနေများနှင့် လိုအပ်သည့်နေရာများတွင်စနစ်တကျစီမံ ခန့်ခွဲ၍သုံးစွဲသွားမည့်အခြေအနေများ။

 မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများမှ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများထုတ်လုပ်ဖြန့်ဝေရောင်းချပေးနိုင်မှုအခြေအနေများနှင့် သတ်မှတ်ချက်များနှင့် အညီလုပ်ငန်းလည်ပတ်လျက်ရှိသည့်အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသောကျေးရွာသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ဆေးနှင့်ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့်ဟင်းသီးဟင်းရွက်တို့ကို မိသားစုဝင်များအပြင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့သည့်အခြေအနေများနှင့် ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့်အခြေအနေများနှင့် တပ်မတော်ရေယာဉ်များနှင့် ဆေးရုံသင်္ဘောများအား အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့်အခြေအနေများ၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံ များ၌ လိုအပ်သည့်လုံခြုံရေးစီမံချက်များ ဆောင်ရွက်ထားရှိရမည့်အခြေအနေများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် မဖြစ်မနေကိစ္စရပ်များမှအပ တပ်ပြင်သို့ သွားလာခြင်းမရှိစေရန်နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးအလိုက် ညွှန်ကြားချက် များ ထုတ်ပြန်ထားရှိရန် လိုအပ်သည့်အခြေအနေများအား တင်ပြဆွေးနွေးကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် COVID-19 ရောဂါသည် ဩဂုတ်လနှင့်စက်တင်ဘာလတွင် ပိုမိုဖြစ်ပွားမှုများပြားလာသည်ကိုတွေ့ရှိရသဖြင့် ရာသီဥတုစွတ်စိုချိန်နှင့်အေးသည့်အချိန်တွင် ရောဂါပိုး၏ရှင်သန်နိုင်မှု သည် ပိုမိုများပြားလာသည်ဟု ယူဆရကြောင်းနှင့် ဆောင်းရာသီသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ပိုမိုဂရုစိုက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းအလိုက်တွင် ဒေသထုတ်ကုန် များရှိပြီး ရာသီထုတ်ကုန်များ ကုန်စည်စီးဆင်းမှု နှောင့်နှေးရပ်တန့်ခြင်းကြောင့် ပြည်သူလူထု စီးပွားမပျက်ရအောင် အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသ ထွက်ကုန်များတင်ပို့ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပါက နယ်မြေခံတပ်ဌာနချုပ်များမှ တာဝန်ရှိသူများက သိရှိအောင်ဆောင်ရွက်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် တင်ပြကြရန်လိုကြောင်း။

 Polymerase Chain Reaction(PCR) စက်များသည် ရောဂါရှာဖွေရာ၌ အဓိက ကျသဖြင့် စနစ်တကျထိန်းသိမ်းကြရမည်ဖြစ်ပြီး စက်ကိုကိုင်တွယ်အသုံးပြုသူများသည်လည်း ကျန်းမာရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ PCR စက်များဖြင့်  ရောဂါရှာဖွေရေးအတွက် လိုအပ်သည့် Reagent များကိုလည်း ဆက်လက်ဝယ်ယူဖြည့်တင်းထားရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးတွင် အခြေခံကာကွယ်မှုဖြစ်သည့် Mask များအသုံးပြုရာ တွင်လည်း အရည်အသွေးရှိပြီး အမှန်တကယ်ကာကွယ်နိုင်သော Safety ဖြစ်သည့် Mask များကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်သူများသို့ဖြန့်ဝေရာတွင်လည်း ဈေးနှုန်းနည်းပြီး ကာကွယ် မှုနည်းပါးသည့် Mask များအစား အမှန်တကယ်ကာကွယ်မှုပေးနိုင်သည့် အလွှာ ၃ ထပ် ပါသည့် Mask များကိုသာ ဖြန့်ဝေပေးကြရမည်ဖြစ်ကြောင်း၊ ပြန်လည်အသုံးပြု၍ ရသည့် Mask များကိုဖြန့်ဝေပါက အကျိုးရှိရှိအသုံးပြုနိုင်ရေး စနစ်တကျအသုံးပြုနည်းကို အသိပညာပေးပြသရန်လိုကြောင်း၊ Mask ကို မိမိသွားလေရာသယ်ဆောင်တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပတ်ဝန်းကျင်နှင့်ထိတွေ့ရမည်ဆိုပါက Mask တပ်ဆင်ထားခြင်းသည်အကောင်းဆုံးဖြစ်ပါကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ ခံစစ်စည်းဖြစ်သဖြင့် တပ်မတော်သားတိုင်း၊ မိသားစု ဝင်တိုင်း ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ Real Time တိတိကျကျဆောင်ရွက်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အား မည်သို့ပင် သဘောထားမှုများရှိစေကာမူ ပြည်သူလူထု ၏အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့်အတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ လိုအပ်သည့်အကူအညီများကို အောက်ခြေတပ်မှူးများအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားပြီးဖြစ်သဖြင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။