အယ်ဒီတာ့အာဘော်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်)
စားသုံးမှုပုံစံပြောင်းလဲရေး
မြန်မာနိုင်ငံရှိလူသားတို့၏မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက် ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် ၆၇ ဒသမ ၄၂ နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကုလသမဂ္ဂလူဦးရေဌာနမှတွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်းသိရှိရသည်။ အသက်ရှည်စွာနေထိုင်ရေးမှာ ရောဂါကင်းစင်ဖို့လိုသည်။ ရောဂါ ကင်းစင်ရေးမှာလည်း စားသုံးမှုပုံစံပြောင်းလဲရန်လိုပါသည်။ သုတေသနပြုချက်များအရ နေ့စဉ်ကယ်လိုရီ စားသုံးမှုကို ၁၂ ရာခိုင်နှုန်းလျှော့ချခြင်းဖြင့် နှစ်နှစ်အတွင်း နှလုံးသွေးကြောရောဂါ အန္တရာယ်များလျော့ကျသွားနိုင်သည်။ ကိုယ်အလေးချိန်လျှော့ချလိုက်ခြင်းဖြင့် အဝလွန် လူနာများမှာ ရင်ကျပ်၊ ပန်းနာရောဂါ သက်သာစေသည်။ ရောဂါသက်သာခြင်းနှင့်အတူ အဆုတ်လေပြွန်အတွင်းရှိ ရောင်ရမ်းမှုများပါကျဆင်းသွားသည်။ ထမင်း၊ အာလူး၊ အချိုရည်နှင့်အသင့်စားအစားအသောက်များမှာ ကယ်လိုရီများသည့် အစားအစာများ ဖြစ်၍ လျှော့၍စားသုံးသင့်သည်။
လူသားတိုင်းသည် အသက်ရှည်ရှည်ရောဂါကင်းကင်းနေထိုင်လိုကြသည်။ အသက်ရှည် ၍ ရောဂါကင်းလိုသည်နှင့်အမျှ လူတို့၏နေထိုင်စားသောက်မှုပုံစံများလည်း ပြောင်းလဲ လာကြသည်။ နည်းပညာ တိုးတက်သောခေတ်ကာလတွင် ပညာရှင်တို့သည် စမ်းသပ်မှု အမျိုးမျိုးပြုလုပ်ကာ လူ့ဘောင်ကောင်းကျိုးကို ပံ့ပိုးပေးလျက်ရှိသည်။ စမ်းသပ်သုတေ သနပြုမှုများတွင် လူသားတို့နေ့စဉ်စားသုံးမှုပုံစံပြောင်းလဲရေးကိစ္စရပ် လည်းပါဝင် သည်။ ထို့ကြောင့်လည်း ကမ္ဘာတွင်သက်ကြီးရွယ်အိုများ များပြားလာပြီးအသက်ရာ ကျော်နေနိုင် သူများလည်း ပေါ်ပေါက်လာနေပြီဖြစ်သည်။
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းသားများသည် သူတို့၏စားသောက်မှုဓလေ့စရိုက်ကြောင့် အသက်ရှည်ကြသည်။ သူတို့က ကယ်လိုရီနည်းနည်းသာစားသည်။ အသီးအရွက်နှင့် ပဲမျိုးစုံကိုပိုမိုစားသည်။ အစား အသောက်စားသည့်အခါမှာလည်း ဗိုက်ပြည့်ခါနီး ၈၀ ရာခိုင်နှုန်းမှာ အစားကိုရပ်လိုက်ကြသည်။ သူတို့က တော့ ၈၀/၂၀ စည်းမျဉ်းဟုခေါ် သည်။ ၈၀ ရာခိုင်နှုန်းပဲ ဗိုက်ပြည့်အောင်စားသည့်သဘောဖြစ်သည်။
၂၀ ရာခိုင်နှုန်းက အစာအိမ်ကိုနေရာချန်စားကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အိုကီနာဝါကျွန်းသားများ၏ ပျမ်းမျှသက်တမ်းမှာ အမျိုးသမီးများအဖို့ အသက် ၉၀ ဖြစ်ပြီး အမျိုးသားများမှာ အသက် ၈၄ နှစ်ဖြစ်သည်။ သွေးတိုး၊ ဆီးချိုနှင့်အဝလွန်ရောဂါဖြစ်ပွားမှုနှုန်းလည်း အလွန်နည်းပါး သည်ကို တွေ့ကြရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စားရေရိက္ခာမှာ ဖူလုံမှုရှိပြီးဖြစ်သည်။ နေ့စဉ်ဆန်ကိုစားသုံးရာတွင် ဗိုက်ပြည့်သည်အထိ စားသုံးနေကြသည်။ မြန်မာတို့စားသုံးနေသောဆန်တွင် ကာဗွန်ဟိုက်ဒရိတ်များ များပြားစွာပါဝင်သည်။ အဆီနှင့်အချိုဓာတ်များပါဝင်သည်။
ထို့ကြောင့် အလွန်အကျွံစားသုံးပါကကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ၂၀၂၀ ပြည့်နှစ် မျှော်မှန်းသက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၅၁ တွင်ရှိပြီး အိမ်နီးချင်း နိုင်ငံများတွင် နံပါတ် ၆ အဆင့်နှင့်အာဆီယံနိုင်ငံများတွင် နံပါတ် ၁၀ ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် မြန်မာတို့အသက်ရှည်ကျန်းမာကြရန်လိုအပ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော် နောက်တစ်ချက်ပြည်သူများကို တိုက်တွန်းလိုတာ တစ်ခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်တို့ စားသုံးမှုပုံစံပြောင်းလဲရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက မိရိုးဖလာအားဖြင့်တော့ ဆန်ကိုအဓိကထားပြီးစား တာဖြစ်ပါတယ်။ အချို့နှစ်နပ်စားတာရှိတယ်။ အချို့သုံးနပ်စားတာရှိပါတယ်။ အဲ့ဒီတော့ ဆန်ကိုအဓိကထားပြီးစားတဲ့အတွက်ကြောင့် ဆန်ကနေရတဲ့အာဟာရ ကတော့ပိုပြီးရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ဗိုက်ဝဖို့ကိုအဓိကဆိုပြီး စားတဲ့အတွက်ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရကို ပြည့်ပြည့်၀၀မရတာတွေ ရှိပါတယ်။ ဒါကြောင့် ဆန်စားသုံးမှုကို အနည်းငယ်လျှော့ချပြီး တော့မှ အခြားလိုအပ်တဲ့ အသားတို့၊ ငါးတို့ ဟင်းသီးဟင်းရွက်တို့ ဒါတွေကိုထိုက်သင့် သလိုရရှိအောင် ဖြည့်ဆည်းဆောင်ရွက်စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူရမယ်လို့ကျွန်တော်တွေ့မိပါ တယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
ဆန်စားသုံးမှုလျှော့ချခြင်းဖြင့် ပထမဆုံးကောင်းကျိုးဖြစ်ထွန်းသည်မှာ လျှော့ချသူ ကိုယ်တိုင်ဖြစ်သည်။ ကိုယ်ခန္ဓာပေါ့ပါးသွက်လက်၍ အသက်ရှည်ရှည် နေနိုင်ပါလိမ့် မည်။ ဒုတိယအကျိုးရလဒ်မှာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန် စပါးပိုမို တင်ပို့နိုင် ပေမည်။ လူတစ်ဦးချင်းစီ၏စီးပွားရေး၊ ကျန်းမာရေးကောင်း မွန်လာမည်ဖြစ်သလို နိုင်ငံ၏စီးပွားရေးနှင့် နိုင်ငံသားတို့၏သက်တမ်းပိုမိုရှည်ကြာလာမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် နိုင်ငံတော်အကြီးအကဲက စားသုံးမှုပုံစံပြောင်းလဲခြင်း ၏ကောင်းကျိုး များကို စနစ်တကျ လေ့လာသုတေသနပြုထားပြီးမှ ပြည်သူလူထုကို တိုက်တွန်း ပြောကြားခြင်းဖြစ်ပေရာ မိဘပြည်သူများအနေဖြင့် ကျန်းကျန်းမာမာချမ်းချမ်း သာသာ အသက်ရှည်ရှည်နေလိုပါက လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။