နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ဆီမီးခုံဆိပ်ကမ်းတွင် ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ ကြိုဆိုပူဇော်
နေပြည်တော်၊ စက်တင်ဘာ - ၁၅
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၈ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သီတဂူဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့၏ ဩဝါဒအားအနီးကပ်ခံယူကာ စကျင်ကျေးရွာဆိပ်ကမ်းမှ စတင်ပင့်ဆောင်ပူဇော်ခဲ့သော ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)ကို စက်တင်ဘာ ၁၁ ရက်ညနေ ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ ဆီမီးခုံဆိပ်ကမ်း၌ ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ ကြိုဆိုပူဇော်ခြင်းအခမ်းအနားကိုပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ပင့်ဆောင်ခဲ့သည့် ပြည်ကြီးမွန်ရတနာရွှေဖောင်တော်အား မေတ္တာပို့ဖြင့်ပူဇော်ကြိုဆိုကြပြီး ဆင်းတုတော်အပိုင်း(၁)အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ကြသည်။
ထို့နောက် ၃၁ ဘုံသားများနှင့် နတ်ဒေဝါများကိုအမျှပေးဝေပြီး ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ထက်မှ Modular Trailer ယာဉ်များဖြင့် ခေတ္တထားရှိမည့် ဆီမီးခုံကျေးရွာလမ်းဆုံအနီးမင်္ဂလာနေရာသို့ ပင့်ဆောင်ပူဇော်ကြသည်။
အဆိုပါဆင်းတုတော်အပိုင်း(၁)သည် တန်ချိန် ၉၇၀ တန်ရှိပြီး အပိုတန်ချိန်အပါတန် ၁၁၀၀ ကျော်ရှိကာ ဆင်းတုတော်အပိုင်း(၄)ပိုင်းနှင့်ပလ္လင်တော်အပိုင်း(၅)ပိုင်းတို့တွင် အကြီးမားဆုံးအပိုင်းဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရာတွင် စကျင်တောင်မှမြောင်မြစ်အတွင်းသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် ဧရာ၀တီမြစ်ကြောင်းအတိုင်းစုံဆင်း၍ ဆီမီးခုံဆိပ်ကမ်းအထိ ၈၈ ဒသမ ၅ မိုင်အား ရေလမ်းကြောင်းဖြင့်လည်းကောင်း လုံ့လ၊ဝိရိယကြီးမားစွာဖြင့် ပင့်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဆီမီးခုံကျေးရွာလမ်းဆုံအနီး မင်္ဂလာနေရာသို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။