ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့်  တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြား

ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့်  တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ် ရန်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မာရဝိဇယ” ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိ စေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်မှု အား အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စကျင်ကျောက်တော်ကြီးအား Angelo Mining Co. Ltd. မှ ၂၀၁၃ ခုနှစ်တွင် Shwe Foundation သို့လှူဒါန်းခဲ့ပြီး Shwe Foundation ၏ လွှဲအပ်ချက်အရ တပ်မတော်ကစကျင်ရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်ရန် ဦးစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စကျင်ကျောက်တော်ကြီးအား အဆင့် ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအားအပိုင်းအလိုက် သယ်ယူနိုင်ရေးဆောင် ရွက်ခဲ့ရကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး များ၏ဩဝါဒခံယူ၍ ရတနာပုံခေတ်ဟန်ဖြင့် ထွင်းထုပူဇော်မည်ဖြစ်ပြီး ကျောက်တုံး တော်များအားပင့်ဆောင်ရာတွင် စကျင်တောင်မှနေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အဆင့်ဆင့် ပင့်ဆောင်ခဲ့ရကြောင်း၊ စကျင်တောင်မှ မြောင်မြစ်အထိ အကျယ်ထိပ်ဝ ၁၂၀ ပေ၊ အောက်ခြေ ၉၀ ပေ၊ တာပေါင်အမြင့် ၄၀ ပေရှိ တူးမြောင်းဖောက်လုပ်၍ ၎င်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံ မြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ပထမအဆင့် ပင့်ဆောင်ခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် မန္တလေး - ရန်ကုန် အမြန်လမ်းမကြီးအတိုင်း Modular Trailer များဖြင့် ယခုတည် ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်နေရာသို့ အဆင့်ဆင့် ပင့်ဆောင်ခဲ့ရကြောင်း၊ ကျောက်တုံးတော်ကြီးများ ပင့်ဆောင်ပြီးစီးချိန်တွင် ဖောက်လုပ်ခဲ့သည့် တူးမြောင်း နေရာအား မြေပြန်လည်ဖို့ခြင်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် တောင်သူများ စိုက်ပျိုး ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် အမြန်လမ်းမကြီး တစ်လျှောက်ရှိ ပြုပြင်ခဲ့သည့် By pass ၈၄ နေရာနှင့် အခြားနေရာများအား မူလအတိုင်း ပြန်လည်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊  ကျောက်တုံးတော်ကြီးများ ပင့်ဆောင်မှုသည့် ကမ္ဘာပေါ်တွင် ရေလမ်းခရီးအရလည်းကောင်း၊ ကုန်းလမ်းခရီးအရ လည်းကောင်း အဝေးဆုံးဖြစ်သကဲ့သို့၊ အလေးချိန်အရလည်း အများဆုံးဖြင့် စံချိန်တင်မှု အခြေအနေများနှင့် အခက်အခဲအမျိုးမျိုးများကြားမှ ပင့်ဆောင်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ “မာရဝိဇယ” ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မှုပြီးစီး ပါက ကမ္ဘာပေါ်ရှိကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ် လာမည်ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် နိုင်ငံတော်ဩ ဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီမြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ် ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော် ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ဆင်းတုတော်ကြီး တည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊  သုဓမ္မာ ဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် လက်ရာများ အတိုင်းထည့်သွင်း တည်ဆောက်၍ မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့် ဗိသုကာ လက်ရာမြောက်အောင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရတနာပုံခေတ်လက်ရာများကို အခြေပြုထားပြီး အတုမရှိကျောင်းတော်၊ ရွှေစည်းခုံတို့မှ ဗိသုကာ လက်ရာများအပြင် နိုင်ငံတကာမှ ကမ္ဘာ့အံ့ဖွယ်အဆောက်အဦတို့၏ နည်းပညာလက်ရာ များကို လေ့လာ၍ Conceptual Design များဖြင့် ဖော်ထုတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဂန္ဓကုဋိတိုက် အတွင်း ၌လည်း ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ ကိုနေရာ ချထားပြီးစီးပြီဖြစ်ကြောင်း၊ ရုပ်ပွားတော်ကြီး၏ ပင်မကိုယ်ထည်ပိုင်းကို အပိုင်း ၄ ပိုင်းဖြင့် ထုဆစ်ပူဇော်သွား မည်ဖြစ်ပြီး အပိုင်း ၁ နှင့်အပိုင်း ၄ တို့အား ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက်နေကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ရာသီဥတုနှင့် အခြားသဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိစေရေးအတွက် အလေး ချိန်တန်ချိန် ၂၀၀၀၀ ခံနိုင်သော Foundation ဖြင့် တည်ဆောက်ထားပြီး ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း၏ အပြင်းဆုံး လေတိုက်နှုန်း 120 Mph နှင့် မြန်မာနိုင်ငံတွင်အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် ငလျင်လှုပ်ခတ်နှုန်း Earthquake Magnitude 8.7, 8.8 အထိ ခံနိုင်ရည်ရှိစေရန်အတွက် Steel Rebars များထည့်သွင်း အားဖြည့်ထားကာ သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီနည်းလမ်းများပေါင်းစပ်၍ Composite နည်းပညာ အသုံးပြုတွဲဆက်ခြင်းများ ဆောင်ရွက်ထားကြောင်း၊ ရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော် အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ရှိမည်ဖြစ်ပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော် အလေးချိန် ၃၅၁၀ တန်၊ စုစုပေါင်း အလေးချိန် ၅၂၉၂ တန် ရှိမည် ဖြစ်ကြောင်း။
    
ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံကျမ်းစာမြတ်များကိုပါ တစ်ပါတည်း ဖူးမြော်နိုင်ရေးနှင့် ခေတ်အဆက် ဆက်မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ဩဝါဒါဆရာတော်ကြီးများမှ ဩဝါဒပေးပါ ကြောင်း၊ ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများသည် ယခင်ကမြန်မာ အက္ခရာဖြင့်သာရှိခဲ့သဖြင့် ကမ္ဘာ၌ပိုမိုတွင်ကျယ်စေရေး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင်သီလာ နန္ဒာဘိဝံသ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ်ကွပ်ကဲ၍ Romanize Language ဖြင့် ဖလှယ်ပြီး ပုံနှိပ်ထုတ်ဝေနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ကြောင်း၊ အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကျောက်စာရုံများ တည်ထားနိုင်ရေးဆောင်ရွက်ရာတွင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်တင်ထားသည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထား စံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ထားပုံအရ လည်း ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ်တော်များကို ဗုဒ္ဓ၏ မျက်နှာတော်ရှေ့တွင် ထားရှိ ဖူးမြော်နိုင်သော ပုံစံဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ဥယျာဉ်တော်ကြီးအတွင်း ရာသီမရွေး သာယာလှပစေရေးအတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ပြည်သူအများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စိတ်လက် ကြည်သာစွာဖြင့်ဖူးမြော်နိုင်ရေး နှင့် အေးချမ်းသာယာမှုရှိစေရေးတို့အတွက် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း  Powerpoint များ၊ 3D Animation များဖြင့် ရှင်းလင်းပြောကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားအား ရုပ်သိမ်းလိုက်သည်။
    
ယင်းနာက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတည်ထား ကိုးကွယ်မည့် ပုံစံအတိုင်းပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ် တော် အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော်ကြီးပုံစံငယ်များ၊ ပိဋကတ်ကျောက်စာရုံနှင့် ကျောက်စာ နမူနာများ၊ ရုပ်ပွားတော်မြတ်ကြီး၏ပုလ္လင်တော်အပိုင်း ၁ နှင့် ၂ တို့အားနေရာချထားမှုနှင့် ဆင်းတု တော်အပိုင်း ၁ နှင့် ၄ တို့အား CNC Machine များဖြင့် ထုဆစ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိ သည်။