မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်

မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်

တန်ဆောင်မုန်းလသည် မြန်မာလများတွင် ရှစ်လမြောက်ဖြစ်သည်။ တန်ဆောင်မုန်းလ၏ ပထမလဝက်သည် မိုးရာသီတွင် ကျရောက်၍ဒုတိယလဝက်သည် ဆောင်းရာသီတွင် ကျရောက်သဖြင့် မိုးနှောင်းဆောင်းဦးသာယာ ကြည်နူးဖွယ်ကောင်းသော လရာသီဖြစ်သည်။ မိုးဒေဝါသည် ဤတန်ဆောင်မုန်းလသို့ရောက်သောအခါ ဆီးနှင်းများကြားဝင်လာသည်။ ထိုအခါ မိုးရွာလိုက် နှင်းကျလိုက်ဖြစ်လာသည်။ သို့ဖြစ်၍ ရှေးတောင်သူကြီးများက “တန်ဆောင်မုန်းတွင် ဆီးနှင်းတစ်ပြိုက်မိုးတစ်လိုက်” ဟုဆိုခဲ့ ကြသည်။ ဤတန်ဆောင်မုန်းလတွင် တဖြည်းဖြည်းမိုးအားနည်းလာခဲ့ရာ “မီးပန်းပွင့်တုန်း တန်ဆောင်မုန်း ထစ်အုန်းမိုးမဖွဲ” ဟူသော လင်္ကာအရ မိုးအရှိန်တန့်သွားပြီး မိုးချုန်းသံမျှကိုပင်မကြားရသလို မိုးရွာနိမိတ်မိုးသားတိမ်လိပ်များကိုလည်းမမြင်ရတော့ဘဲ ကောင်းကင် ပြာတစ်ခွင်တွင် ကြည်လင်၍နေပေသည်။

တန်ဆောင်မုန်းလတွင် ဆောင်းဟေမာန်၏ တမန်တော်မြောက်လေအေးတို့ ဖြည်းညင်းစွာတိုက်ခတ်စပြုလာသည်။ နံနက်အခါ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဆီးနှင်းများ တစ်ပြိုက်ပြိုက်ကျဆင်းနေသည်။ သို့ဖြစ်၍ရှုမြင်လိုက်သည့်နေရာတိုင်းလိုပင် နုပျိုလန်းဆန်း နေသည်။ တောင်သူဦးကြီးများ၏ ရွှေဝါရောင်လယ်ကွင်းပြင်များတွင် စပါးနှံများသည် သီးကင်းအဖြစ်ကိုလွန်၍ အနှစ်အခဲဝတ်ဆံ ကလေးများ တင်းမာဖုလုံး၍လာချိန်ဖြစ်ရာ “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း” ဟု ပြောဆိုကြခြင်းဖြစ်ပေသည်။ မိုးကောင်းကင်တွင် ကြယ်ကြက်တစ်ဝပ်စာမျှမရှိဘဲ ကြည်လင်သာယာနေခြင်း၊ ဆောင်းမဝင်သေး၍ နှင်းထူထပ်စွာမကျသေးခြင်း၊ နွေမဟုတ်သေး၍ မြူမှုန်မထမင်းလွင်မသန်းခြင်းတို့သည် တန်ဆောင်မုန်းလ၏ ထူးခြားချက်များပင်ဖြစ်သည်။

တန်ဆောင်မုန်းလသည် မြန်မာမှုအရ ဗြိစ္ဆာရာသီ စန်းယှဉ်နက္ခတ်ဖြစ်ပြီး ထိုလတွင် စန်းဟုခေါ်သောလမင်းသည် ကြတ္တိကာ နက္ခတ်နှင့်ယှဉ်ပြိုင်ထွန်းပသည်။ ရာသီရုပ်မှာကင်းမြီးကောက်ဖြစ်သည်။ ရာသီပန်းကား ခဝဲပန်းဖြစ်ပြီး ရာသီပွဲတော်ကား ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် အခြားရိုးရာ ဓလေ့ထုံးစံပွဲတော်များရှိပေသည်။ တန်ဆောင်မုန်းလပွဲတော်သည် ကထိန်အလှူ ပွဲတော်ဖြစ်သည်။ ကထိန်သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရအဖြစ်သုံးစွဲနေကြသည်။ ကထိန် အလှူသည် ရှေးဘုရားရှင်တို့၏ လက်ထက်တော်အခါကပင်ရှိခဲ့ဖူးသည်။ ပဒုမဘုရား၊ ပဒုမုတ္တဘုရားရှင်တို့လက်ထက်တွင် ကထိန် အလှူရှိခဲ့ဖူးကြောင်းလေ့လာသိရှိရသည်။ ဂေါတမဘုရားလက်ထက်တော်တွင်ကား ဘဒ္ဒဝဂ္ဂီရဟန်းတို့ကိုအကြောင်းပြု၍ ကထိန်ခင်း ခြင်းပေါ်ပေါက်ခဲ့ကြောင်းသိရပေသည်။

တန်ဆောင်မုန်းလနှင့်စပ်လျဉ်း၍  စာဆိုတော် ရှင်မဟာသီလဝံသ၊ စာဆိုတော်ဦးကြော့၊ စာဆိုတော်ရှင်ထွေးညို၊ မုံရွေးဆရာတော်၊ စာဆိုတော်နဝဒေး၊ မဟာအတုလမင်းကြီး အစရှိသည့်စာဆိုတော်များသည် တန်ဆောင်မုန်းလ၏အလှမျိုးစုံကို ပုံစံမျိုးစုံဖြင့်  စာပန်းချီခြယ်မှုန်းခဲ့သည်ကို ဖတ်ရှုမှတ်သားရသည်။

“မြောက်လေငယ်သွင်းပါလို့၊မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပျိုသည်၊ ရွှေကျီးညိုတာရာနှင့် ကြတ္တိကာထွန်းတဲ့လကိုလေး”၊ “တန်ဆောင် ငယ်မာသ၊ ဆယ့်နှစ်လတွင်၊ ချမ်းမြဧရင်၊ ဗြိစ္ဆာခွင်သို့၊ ရက်ငင်ပြောင်းခွာ၊ ခဝဲညှာလဲ၊ ခိုင်လွှာဝတ်မှုန်၊ ရနံ့သာ ထုံတော့ တယ်၊ ဖုန်းဂုဏ်ကြော့သမ္ဘိန်မှာ၊ လှူကထိန်သဘင်ခင်းလို့၊ ကျင်းကြတယ်လေး” ဟု တန်ဆောင်မုန်းလဖွဲ့သီချင်းကို မဟာအတုလ မင်းကြီး ကစပ်ဆိုခဲ့ပေသည်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ဤတန်ဆောင်မုန်းလတွင် ကထိန်ပွဲတော်ကို အစဉ်အလာမပျက်ကျင်းပလာခဲ့ကြသည်။ ယင်းပွဲတော်သည် လောကကြောင်းနွှယ်သော ပျော်ပွဲရွှင်ပွဲမျိုးမဟုတ်။ သီတင်းကျွတ်မီးထွန်းပွဲများပမာ ဗုဒ္ဓဘာသာမှ မီးရှူးသန့် စင်ဖွားမြင်ပေးလိုက်သော ဘာသာရေးပွဲတော်ကြီးတစ်ခုဖြစ်သည်။ ကထိနသဒ္ဒါ၏ ဟောနက်အတိုင်း အကျိုးငါးချက်ကို တစ်ပြိုင်နက် တည်းပေါင်းစု၍ရရှိစေနိုင်သောအလုပ်၊အကျိုးပေးမြဲမြံခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က “ကောင်း၏၊ ကောင်း၏” ဟုချီးကျူးသြဘာထောမနာပြုရသောအလုပ်မျိုးကို ကထိန်ဟုခေါ်သည်။ တစ်နည်းဆိုရသော် ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသောကထိန်မှုနှင့်စပ်သမျှအရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရ ပင်ဖြစ်သည်။

ကထိန်သင်္ကန်းအလှူသည် ထူးခြားလှသည်။ ယင်းအလှူကား အခြားသောအလှူများကဲ့သို့ အချိန်မရွေးလှူနိုင်သော အလှူမျိုး မဟုတ်။ တစ်နှစ်တွင်တစ်လ၊ တစ်လတွင်တစ်ကြိမ်သာ အချိန်အခါနှင့်လုပ်ရသောကာလဒါနမျိုးဖြစ်သည့်အပြင် ထူးခြား သောဝိနည်း ကံနှင့်အညီ လှူဒါန်းရသောကြောင့် ထူးသည်ဟုဆိုပါသည်။ ကထိန်သင်္ကန်းကပ်လှူပွဲခွင့်ပြုသောကာလမှာ “မိုးနောက်ဆုံးလ ကထိန်ကျ၊ ခင်းရထိုအခါ” ဆိုသည့်အတိုင်း သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။ ထိုတစ်လသည် မိုးရာသီနောက်ဆုံးလဖြစ်၍ အလွန်ကြည်လင်သာယာသောရာသီသို့ ဝင်စကာလဖြစ်သည်။ သာယာ သောရာသီတွင် ထူးခြားသည့်ကထိန်အလှူပွဲကို တစ်ကျောင်းနှင့်တစ်ကျောင်း၊ တစ်သင်းနှင့်တစ်သင်း၊ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် စေတနာချင်းပြိုင်၊ သဒ္ဓါချင်းပြိုင်ကြသည်မှာ မြူးကြွစရာကောင်းလှသည်။

တန်ဆောင်မုန်းလဘုံကထိန်ပွဲတော်မှာ ဆိုင်းသံ၊ ဗုံသံတညံညံဖြင့် စည်ကားစိုပြည်သော ပျော်ပွဲရွှင်ပွဲကြီး တစ်ခုအသွင်ကို ဆောင်နေ ပေသည်။  ထီး၊  ဖိနပ်၊ သင်္ကန်း စသောလှူဒါန်းဖွယ်ရာပစ္စည်းအဖြာဖြာတို့ဖြင့်အဆို၊ အက၊ အတီး၊ အမှုတ် မျိုးစုံတို့နှင့်တက်ကြွ ရွှင်မြူးစရာ ကောင်းလှသည်။ “ကုသိုလ်ရေးမို့ကြိုးစားပါ၊ ကျုပ်တို့ကိုယ်မှာ ချွေးတလုံးလုံး” အစရှိသည့်သံချပ်များ ကိုထိုးကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်သင်းနှင့်တစ်သင်း၊ တစ်ရပ်ကွက်နှင့်တစ်ရပ်ကွက် အလှချင်းပြိုင်၊ အကချင်းပြိုင်ကြသည်မှာလည်း မြိုင်မြိုင် ဆိုင်ဆိုင်ရှိလှသည်။

ပျော်ရွှင်မှုကိုနှစ်သက်အလေးထားလေ့ရှိသော မြန်မာလူမျိုးတို့၏ မိရိုးဖလာစိတ်ဓာတ်သည် တန်ဆောင်မုန်းလကထိန်ပွဲတော်တွင် ထင်ဟပ်ပေါ်လွင်နေပေသည်။ တန်ဆောင်မုန်းလတွင် ကျီးမနိုးပွဲပြုလုပ်ခြင်းသည် သူခိုးနက္ခတ်ထွန်းလင်းသည်ဟုယူဆပြီး  အပြောင် အပြက်သဘောဖြင့် လူနေအိမ်အဆောက်အအုံများမှ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော ပစ္စည်းများ၊ ဆိုင်းဘုတ်များ စသည် တို့အား ညအချိန်တိတ်တဆိတ်သယ်ယူ၍ ရွှေ့ပြောင်းနေရာချထားခြင်းများကို ရယ်မောပျော်ရွှင်ဖွယ်ရာအဖြစ် နောက်ပြောင် ကျီစယ် သည့်ပွဲဖြစ်သည်။

ဤတန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူတော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်မှုပွဲတော်၊ ကျီးမနိုးပွဲတော်၊ မဲဇလီဖူးသုပ်ဝေငှပွဲတော်၊ သာမညဖလအခါတော်နေ့နှင့် နက္ခတ်သဘင်ပွဲတော်များဖြင့် မြန်မာနိုင်ငံ တစ်ဝန်း စည်ကားသာယာသောလအဖြစ်ထင်ရှားနေပေရာ “မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်” ဟုတင်စားရမည်ဖြစ်ပေသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလူမျိုးတိုင်းအတွက် သက်ဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များရှိကြသည်။ ဘာသာစကား၊ စာပေ၊ ဂီတ၊ အနုပညာ၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုစသည်တို့သည် ယဉ်ကျေးမှုတွင် ပါဝင်သည်ဟုဆိုရပေမည်။ တန်ဆောင်မုန်းလတွင် ကျင်းပသော ပွဲတော်များသည် ယေဘုယျအားဖြင့် ပကာသနမဖက်ဖြူစင်သော အရိုးခံစေတနာသက်သက်ဖြင့်ဆင်နွှဲသော ပွဲတော်များ ဖြစ်ကြသည်။ သို့ပါ၍ ကုသိုလ်ရေး၊လူမှုရေးနှင့်ယဉ်ကျေးမှုအကျိုးအမြတ်မြောက်မြားစွာရရှိသည့် တန်ဆောင်မုန်းလ ပွဲတော်များကို ပို၍ပို၍ထွန်းကားလာစေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။    ။

အောင်ခန့်ဖြိုးဝေ(တောင်ငူ)