တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကျင်းပခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(၂)သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထပ်မံရောက်ရှိ
နေပြည်တော် နိုဝင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်း အနားကို Video Conference စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. CHEN HAI နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြား၍ နယ်စပ် ကုန်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသတစ်လျှောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်း၊ အသွားအလာစောင့်ကြည့်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်စေလွှတ်ခြင်းဖြင့် အချိန်နှင့် တစ်ပြေးညီ ကုသမှုများရရှိနိုင်ရေး အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပံ့ပိုး လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center of Disease Control) နှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက် လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရေး အစရှိသည့် ကိစ္စရပ်များ အား အပြန်အလှန်ဆွေးနွေး၍ အခမ်းအနားအား ညနေ ၄ နာရီခွဲတွင်ရုပ်သိမ်းကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကာကွယ်ဆေး (၁)သန်း doses နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံဝယ်ယူထားသည့် Sinovac အမှတ် တံဆိပ် ကာကွယ်ဆေး(၁)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၂-၁၁-၂၀၂၁)ရက်နေ့ ညနေ ၄ နာရီတွင်ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ သည်။
ယခုထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အခြားသတ်မှတ် လူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပြတ် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၁-၁၁-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၄.၄)သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၉.၃)သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ(၅.၁)သန်းရှိပြီဖြစ်သည်။
သို့ဖြစ်ပါ၍ (၁၁-၁၁-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း(၂၃.၇) သန်းထိုးနှံ ပြီးဖြစ်သည်။ မိဘပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှု ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနမှတိုက် တွန်းနှိုးဆော်ထားကြောင်းသိရသည်။
(၁၀၀)