ကထိန်အလှူပွဲ ခြိမ့်သဲကျင်းပ မြတ်ဒါန

ကထိန်အလှူပွဲ ခြိမ့်သဲကျင်းပ မြတ်ဒါန

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၄ ရက်)

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော အလှူမင်္ဂလာ ကုသိုလ်တော်ပွဲများကား များပြားလှသည်။ မြန်မာလူမျိုးတို့သည် အလှူအတန်း ရက်ရောကြသည်။ ပေးချင်၊ ကမ်းချင်၊ လှူချင်၊ တန်းချင်စိတ် အပြည့်အဝရှိသည်။ မရှိလို့မလှူ၊ မလှူလို့မရှိအဖြစ်မျိုးမှ ကင်းဝေးကြသည်။ မိမိတို့သဒ္ဓါ တတ်အားနည်းများမဆို ကုသိုလ်ပြုလေ့ရှိသည်။ မရှိဆင်းရဲသားပင်ဖြစ်သော်လည်း မိမိတို့နေ့စဉ်ချက်ပြုတ် စားသောက်နေသော ဆန်ထဲမှ နေ့စဉ် လက်တစ်ဆုပ်စာ အလှူအတွက် ချန်ထားလေ့ရှိကြသည်။ တစ်ဆုပ်ဆွမ်း ဆန်ပေါင်းများလာသောအခါ ဆန်တစ်အိတ်ဖြစ်လာပေမည်။ ထိုဆန်တစ်အိတ်ကို လှူဒါန်းရခြင်း ပီတိမျိုးသည်လည်း ဂွမ်းဆီထိသည့်ပမာခံစားကြရသည်။

ယခုလသည် မြန်မာလအားဖြင့် တန်ဆောင်မုန်းလဖြစ်သည်။ တန်ဆောင်မုန်းလတွင် သူ့ထက်ငါ လှူဒါန်းနေကြသည်မှာ ကထိန်သင်္ကန်းဖြစ်သည်။ ကထိန်သင်္ကန်းကို တစ်ဦးချင်းမှသည် လူအများစုပေါင်း၍လည်း လှူကြသည်။ အဖွဲ့အစည်းတစ်ခုမှသည် အဖွဲ့အစည်းပေါင်းများ မြောက်မြားစွာ စုပေါင်း၍လည်း လှူဒါန်းကြသည်။ ကထိန်သင်္ကန်း လှူဒါန်းခြင်းနှင့်အတူ ဆရာတော် သံဃာတော်တို့ ဆွမ်းဆန်တော်များနှင့် အခြားသော လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် နဝကမ္မဝတ္ထုငွေများလည်း ဆက်ကပ်လှူဒါန်းကြသည်။ ပဒေသာပင်တွင် ထီး၊ ဖိနပ်၊ ယပ်၊ သင်္ကန်းမှ အခြားသော အသုံးအဆောင်များကိုလည်း ချိတ်ဆွဲလှူဒါန်းမှုပြုကြသည်မှာ ပျော်ရွှင်ကြည်နူး ချမ်းမြေ့ဖွယ်ဖြစ်ပါသည်။

ကထိန်သင်္ကန်းလှူသော အလှူရှင်များမှာလည်း သဒိသံပါကံဇနေတိ (တူသောအကျိုးကိုဖြစ်စေ၏) ဆိုသကဲ့သို့ ကထိန်ခင်းသော သံဃာတော်များအလား အကျိုးတရားများကို သွယ်ဝိုက်သော နည်းအားဖြင့် ခံစားခွင့်ရှိကြသည်။ ထိုအကျိုးများမှာ သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားရခြင်း။

မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအစာအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်းမဆုံးပါးနိုင်ခြင်း။ ပစ္စည်းရှာရာတွင် သူတကာထက်ထူးပြီး ထီပေါက်သကဲ့သို့ အစုလိုက် အပြုံလိုက်ရခြင်း။

ကိုယ်ခန္ဓာအချိုးအဆစ် လှပပြေပြစ်၍ ချောမောလှပခြင်း စသည်တို့သည် အလှူရှင်များ ရနိုင်ခွင့်ရှိသော အကျိုးတရားဖြစ်ပေသည်။

ကထိန်သင်္ကန်း လှူဒါန်းရသည်မှာလည်း တစ်နှစ်တွင် အချိန်ကာလအားဖြင့် တစ်လအတွင်းသာ လှူဒါန်းခွင့်ရှိသည်။ သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ သတ်မှတ်ထားပေရာ ထိုရက်များအတွင်း အပြိုင်အဆိုင် လှူဒါန်းကြသည်ဆိုသော်လည်း ကထိန်ခင်းရသည်မှာ ဘုန်းတော်ကြီး တစ်ကျောင်းတွင်တစ်ကြိမ်သာ ခင်းခွင့်ရှိကြသည်မှာ ဗုဒ္ဓဘာသာသာသနာ၏ စည်းမျဉ်းစည်းကမ်းဖြစ်သည်။ ကထိန်သည် ကထိနဟူသောပါဠိစကားမှ ဆင်းသက်၍ ခိုင်ခံ့မြဲမြံသောကြောင့် ကထိန်ဟုခေါ်ကြောင်း ဖွင့်ဆိုထားသည်။

ကထိန်သင်္ကန်း ကပ်လှူရာတွင် ရဟန်း ပုဂ္ဂိုလ်တစ်ပါးပါးကို ရည်စူးခြင်း မဟုတ်ဘဲ သံဃာဟူသော အစုအပေါင်းကို ရည်စူးလှူဒါန်းရသည်။ ကထိန်သင်္ကန်း ကပ်လှူသည်ကို ကထိန်ခင်းသည် ဟု သုံးသည်။ သံဃာအား လှူဒါန်းသော ကထိန်သင်္ကန်းကို သင်္ကန်းမရှိသည့် ရဟန်းအား ဦးစားပေး ရွေးချယ်၍ပေးရသည်။ ရဟန်းအားလုံး သင်္ကန်းပြည့်စုံလျှင် ဝါအကြီးဆုံး မထေရ်ကိုပေးရသည်။ သိမ်ဝင်၍ ဉတ်ကမ္မဝါဖတ်ပြီး ကထိန်ခံထိုက်သော ရဟန်းကိုပေးရသည့်အတွက် ကထိန်သင်္ကန်းကို  ဉတ်သင်္ကန်းဟု ခေါ်ပါသည်။

ကထိန်ခင်းသည့် အစဉ်အလာသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ရှိခဲ့သော အစဉ်အလာ တစ်ရပ်ဖြစ်သည်။ ထိုခေတ်ထိုအခါက မြန်မာတို့သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းမှုပြုခဲ့ကြမည်သာဖြစ်သည်။ မြန်မာတို့သည် ကိုယ်ပိုင်ထီးနန်းမ ှဝေးကွာခဲ့ရသော အချိန်တွင်လည်း ဘာသာသာသနာကို စောင့်ရှောက်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသလို မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးကိုလည်း တိုးပွားအောင် ဆောင်ရွက်ခဲ့ကြသည်။ ထိုမျိုးချစ်စိတ်ဓာတ်ကြောင့်မြန်မာတို့လွတ်လပ်ရေး ကြိုးပမ်းမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပေမည်။

လွတ်လပ်ရေးရပြီး ကာလတွင်လည်း မြန်မာတို့၏ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်မှုမှာ စံတင်ထိုက်သည်။ သာသနာတော်နှစ် နှစ်ထောင့်ငါးရာပြည့်ကို ရည်ရွယ်လျက် ဆဋ္ဌသင်္ဂါယနာ တင်ခဲ့ကြသည်။

ထို့ကြောင့် ကမ္ဘာတွင် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ အထွန်းကားဆုံးဖြစ်တည်နေခြင်းဖြစ်သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သော မြန်မာ့တပ်မတော်သည်လည်း မျိုးချစ်တပ်မတော် ဖြစ်သည်နှင့်အညီ အမျိုးဘာသာ သာသနာကို တည်တံ့ရှည်ကြာခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်တစ်ရပ်လုံးသည် သာသနာတော်အတွက် လှူဒါန်းမှု အစုစုကို စဉ်ဆက်မပြတ် ပြုမူလှူဒါန်းလျက်ရှိရာ ယခုအခါ ကထိန်ခင်းသည့် အချိန်ကာလတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ကထိန်ခင်းခြင်းနှင့်အတူ ပဒေသာပင် အလှူများကား သာဓုခေါ်မဆုံး နှလုံးချမ်းမြေ့ ကြည်နူးပီတိ ဖြစ်ရပါကြောင်း။   ။