နေတိုးတပ်ဖွဲ့အား တန်ပြန်နိုင်ရေးအတွက် S-550ဒုံးကျည် ကာကွယ်ရေးစနစ်ကို ထုတ်လုပ်နေသည့် ရုရှား
ရုရှားနိုင်ငံသည် နယ်စပ်ဒေသများ၌ နေတိုးတပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကို တန်ပြန်နိုင်ရေးအတွက် လေယာဉ်ပစ် ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုဖြစ်သည့်ှ-၅၅ဝ ကို ထုတ်လုပ်နေပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုပါ ထုတ်ပြန်ချက်သည် နိုင်ငံ၏ နယ်စပ်ဒေသများ၌ စစ်ရေးအရ မတည်ငြိမ်မှုများကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များသို့ S-350ဒုံးကျည်ကာကွယ်ရေးစနစ်၊ S-500 ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် S-550 ဒုံးကျည်ကာကွယ်ရေး စနစ်များကို အလျင်အမြန်ဖြန့်ကြက်ရန် သမ္မတဗလာဒီမာ ပူတင်က ညွှန်ကြားခဲ့ပြီးနောက်ပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိများက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ရုရှားနိုင်ငံ၏ နယ်စပ်ဒေသ အခြေအနေကို လေ့လာမည်ဆိုပါက လုံခြုံရေး အခြေအနေမှာ ရုရှားအတွက် ဆိုးရွားလျက်ရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့သည် ရုရှား၏ ကြီးထွားလာသည့် စစ်အင်အားနှင့် စစ်ရေးအရ လွှမ်းမိုးနိုင်မှုကို တားဆီးနိုင်ရေးအတွက် အရှေ့ဥရောပဒေသရှိ အဖွဲ့ဝင်နိုင်ငံများ၌ စစ်အင်အား တိုးမြှင့် ဖြန့်ကြက်ခဲ့သည့်အပြင် ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်နိုင်ရေး အတွက်ဟုဆိုကာ စစ်ရေးအရ ပြင်ဆင်လျက် ရှိသောကြောင့်ပင် ဖြစ်သည်။
အထူးသဖြင့် အနောက်နိုင်ငံများ ပါဝင်သည့် နေတိုးတပ်ဖွဲ့သည် ရုရှားက ယူကရိန်းမှ ခရိုင်းမီးယားဒေသအား နိုင်ငံ၏ ပိုင်နက်အတွင်းသို့ သွတ်သွင်းသကဲ့သို့ အရှေ့ဥရောပရှိ နေတိုးတပ်ဖွဲ့ဝင် တချို့အား သိမ်းပိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နေတိုး တပ်ဖွဲ့ဝင်နိုင်ငံများ၌ စစ်အင်အား တိုးမြှင့်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
သို့သော် နေတိုးတပ်ဖွဲ့၏ အဆိုပါ လုပ်ဆောင်ချက်သည် ရုရှားနိုင်ငံအား တပ်လှန့်သကဲ့သို့ ဖြစ်လာခဲ့သည်။ ရုရှားနှင့် အမေရိကန်တို့သည်ယခင်ဆိုဗီယက်ခေတ်ကတည်းက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဘက်များအဖြစ် သဘောထားပြီး လက်နက်နည်းပညာတွင် ပြိုင်ဆိုင်ခဲ့ကြသည့် နိုင်ငံများဖြစ်သည်။
ထို့ကြောင့် နေတိုးတပ်ဖွဲ့က ရုရှားနိုင်ငံ၏ နယ်နိမိတ်အနီးတွင် စစ်အင်အားတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ရုရှားအား စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်လာသည်။
အဓိကအချက်မှာ နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရုရှားအပေါ် မယုံကြည်မှု မြင့်တက်နေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
ထိုသို့သော အကြောင်းရင်းများကြောင့် ရုရှားအစိုးရအနေဖြင့် နောက်ဆုံးပေါ် လေကြောင်းရန် ကာကွယ်ရေးစနစ် သို့မဟုတ် လေယာဉ်ဖျက် ဒုံးကျည်စနစ်များကို ရုရှားလက်နက်ကိုင် တပ်ဖွဲ့များတွင်ဖြန့်ကြက်ရန် စဉ်းစားလာခြင်းဖြစ်သည်။
စင်စစ်တွင် ရုရှားနိုင်ငံသည် S-550 ဒုံးကျည်စနစ်ကို ၁၉၈၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ထုတ်လုပ်ရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် အဆိုပါ လက်နက်ထုတ်လုပ်ရေး အစီအစဉ်သည် ဆိုဗီယက်-အမေရိကန် သဘောတူညီချက်အရ ဆိုဗီယက်က ဆက်လက် ဖော်ဆောင်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ရုရှား(ယခင်ဆိုဗီယက်) နိုင်ငံသည် အစွမ်းထက်သည့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဆက်လက် ထုတ်လုပ် လာခဲ့သည်။ နောက်ဆုံး ထုတ်ဖော်ပြသခဲ့သည့် S-500 ဒုံးကျည် ကာကွယ်ရေး စနစ်ကို ရုရှားအစိုးရက ပထမဆုံးအကြိမ် အဖြစ် ကာပူစတင်ဒုံးကျည် စမ်းသပ်ပစ်ခတ်ရေး စင်တာ၌ စမ်းသပ်ခဲ့ပြီးနောက် ယခုနှစ်ဇူလိုင်လတွင် ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါဒုံးကျည်စနစ်ကို ရုရှားလက်နက်ကိုင် တပ်ဖွဲ့များတွင် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ လမှစ၍ ဖြန့်ကြက်ရန် ရုရှားက စီစဉ်ထားသည်။
အဆိုပါဒုံးကျည်စနစ်သည် ပြိုင်ဘက်နိုင်ငံများ သို့မဟုတ် ရန်သူနိုင်ငံများ၏ အကြီးစား ဗုံးကြဲလေယာဉ်များနှင့် လေကြောင်းအန္တရာယ်ကြိုတင် အချက်ပေးရေးစနစ်၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှင့် ဂြိုဟ်တုများကဲ့သို့သော အရေးပါသည့် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်ကို ကြည့်မည်ဆိုပါက လက်ရှိအသုံးပြုနေသည့် S-400ဒုံးကျည်စနစ်၏ နေရာတွင် ယခုထုတ်လုပ်နေသည့် S-550 ဒုံးကျည် ကာကွယ်ရေးစနစ်ကို အစားထိုး အသုံးပြုမည်ဟု ယူဆရသည်။ သို့ရာတွင် ရုရှားအစိုးရသည် လက်ရှိ ထုတ်လုပ်နေသည့် S-550 ဒုံးကျည်ကာကွယ်ရေး စနစ်နှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။ ယင်းဒုံးကျည်စနစ်ကို လက်နက်ကိုင် တပ်ဖွဲ့များတွင် ဖြန့်ကြက်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံ၏နယ်စပ်တွင် အင်အားကြီးထွားလာနေသည့် နေတိုးတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို တန်ပြန်ရန်အတွက်သာဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများက ထုတ်လုပ်လာနိုင်သည့် အသံထက်မြန်သော ဒုံးကျည်များထက် သာလွန်စေရန် ပိုမိုအစွမ်းထက်သည့် လက်နက်များကို ထုတ်လုပ်ရမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အတိအလင်း ပြောကြားထားသည်။
ထို့ကြောင့် နေတိုးတပ်ဖွဲ့က ရုရှားနယ်စပ်များ၌ စစ်ရေးအရ အင်အားတိုးချဲ့လာခြင်းသည် တန်ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သုံးသပ်သူများက ပြောကြားထားခြင်းဖြစ်သည်။ အကြောင်းမှာ နိုင်ငံ၏နယ်စပ်တွင် ရုရှားအား ပြိုင်ဘက်အဖြစ် ရှုမြင်နေသည့် အဖွဲ့အစည်းတစ်ရပ်က ၎င်းတို့၏စစ်ရေးအင်အား တိုးချဲ့လာခြင်းအပေါ် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရုရှားကလည်း ယူဆထားဖွယ် ရှိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ရုရှား၏ နယ်စပ်ဒေသများ၊ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများ၌ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ တိုးမြှင့်ဖြန့်ကြက်ခြင်းနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ရုရှားအစိုးရက ယခင်ကတည်းက အကြိမ်ကြိမ် သတိပေးထားခြင်းဖြစ်သည်။သို့သော် အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့က ရုရှားအစိုးရ၏ သတိပေးချက်ကို လျစ်လျူရှုခဲ့သည်။ အဆိုပါ လျစ်လျူရှုမှုများကို တုံ့ပြန်ရန် ရုရှားနိုင်ငံအနေဖြင့် အစွမ်းထက်သည့် ဒုံးကျည်ကာကွယ်ရေး စနစ်များအား နိုင်ငံအတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များတွင် ဖြန့်ကြက်နိုင်ရန် အပူတပြင်း စီစဉ်နေရခြင်းဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါမူ နေတိုးတပ်ဖွဲ့က ရုရှားနိုင်ငံ၏ နယ်စပ်များ၌ စစ်အင်အား တိုးမြှင့်ဖြန့်ကြက်နေခြင်းနှင့် ယူကရိန်း နိုင်ငံ၌ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းလာခြင်းသည် ရုရှားနိုင်ငံ၏ တုံ့ပြန်ရေးအင်အားကို ပိုမိုကောင်းမွန်လာ စေနိုင်သည့်အပြင် ရုရှားအနေဖြင့်လည်း မိမိအား ပြိုင်ဘက်အဖြစ် သဘောထားရှုမြင်နေသည့် နေတိုးတပ်ဖွဲ့ကို တန်ပြန်နိုင်ရေး အတွက် အစွမ်းထက်ပြီး နည်းပညာမြင့် ဒုံးကျည်စနစ်များကို ဖြန့်ကြက်နိုင်ရေး အတွက် ပိုမိုကြိုးပမ်းလာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။