တန်ဆောင်မုန်းလနှင့်  မြတ်ကထိန်သင်္ကန်း

တန်ဆောင်မုန်းလနှင့်  မြတ်ကထိန်သင်္ကန်း

တန်ဆောင်မုန်းလသည် မြန်မာ့တစ်ဆယ့်နှစ်လ ရာသီတွင် အဋ္ဌမလဖြစ်သည်။ တန်ဆောင်မုန်းလ ဗြိစ္ဆာရာသီတွင် ကထိန်သင်္ကန်းကပ်လှူပွဲ၊ ဆီမီးတန်ဆောင်ထွန်းညှိပွဲနှင့် မသိုးသင်္ကန်း ရက်လုပ်ပွဲတို့ ကျင်းပရိုး ထုံးစံရှိသည်။    တန်ဆောင်မုန်းလကို ရှေးခေတ်ပုဂံကျောက်စာတို့၌ ''တန်ဆောင်မှုန်'' ဟု ရေးထိုးကြောင်း တွေ့ရသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌ ''တန်ဆောင်မှုန်း'' ဟူ၍ဖြစ်သည်။ ယင်းမှတစ်ဆင့် တန်ဆောင်မုန်းသို့  ရွေ့လျားလာခြင်းဖြစ်သည်။

တန်ဆောင်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟူ၍ အဓိပ္ပာယ်သက်ရောက်ပြီး မှုန်း၏အနက် ဖွင့်ဆိုချက်မှာ ''တောက်ပစေသည်'' ဟူ၍ဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလသည် ဆီမီးကို တောက်စေသောလ၊ ဆီမီးထွန်းညှိသောလဟု ကောက်ယူနိုင်သည်။

ရှေးအခေါ်အဝေါ်တစ်မျိုးမှာ ''နတ်နိုးလ'' ဖြစ်သည်။ ဗိဿနိုးနတ်မင်းသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍အိပ်လေရာ တန်ဆောင်မုန်း လဆန်း ၁၂ ရက်နေ့မှ နိုးထလာသောကြောင့် နတ်နိုးလဟုခေါ်တွင်ကြောင်း သိရသည်။ တန်ဆောင်မုန်းလသည် မြောက်လေပြန်၍ ဟေမန်သို့ကူးပြောင်းသည့် လဖြစ်သည်။ ချမ်းအေးစပြုပြီး ဤလတွင် မြန်မာ့အသက်သွေးခဲဟု ခေါ်ဆိုနိုင်သော ကောက်ပင်များ၌သီးနှံများ အတော်အတန် ရင့်သန်လာပြီဖြစ်သည်။

ထို့ကြောင့် ''ဖုံးတုံးလုံးတုံးတန်ဆောင်မုန်း'' ဟု ဆိုကြသည်။ ဤလတွင် လယ်ယာနှင့် သက်ဆိုင်သော လမိုင်းနက္ခတ်မှာ ကြတ္တိကာဖြစ်၍ ရှေးယခင်က တောင်သူများသည် ကြတ္တိကာနက္ခတ်ကို ပူဇော်ပသလေ့ရှိသည်။

နက္ခတ်ကြိုက်ပန်းမှာ ခဝဲပန်းဖြစ်သည်။ ခဝဲပွင့်တုန်း တန်ဆောင်မုန်း၊ ခဝဲပွင့်ချိန် လှူကထိန်၊ ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်ဟူ၍ စာအမျိုးမျိုးချိုး၍ မှတ်တမ်း တင်ကြသည်။

တန်ဆောင်မုန်းလသည် ရာသီသာသော လဖြစ်သည့် အားလျော်စွာ ပွဲတော်ညများ၌ လူငယ်ပေါင်းတို့သည် အနီးအနားရှိ အိမ်၊ ကျောင်းတို့မှ ပစ္စည်းများကို တိတ်တဆိတ်ယူကာ   လမ်းဆုံလမ်းခွများ၌ အဆင့်ဆင့်တပ်၍  ပုံစံအမျိုးမျိုး ဆင့်ထားကြကာ ''ဝတိံသာပွဲ'' ပြုလုပ်ကြသည်။ ကြယ်တာရာ နက္ခတ်အပေါင်းစုံသော အခါဖြစ်၍ တာဝတိံသာရှိ စူဠာမဏိဘုရားအား ပူဇော်ဟန် မီးပုံးပျံများ လွှတ်တင်ကြသည်။

ရာသီသာ၍ ညမအိပ်မီကာလညတွင် ဆေးပေါင်းခသည်ဟု ယူဆကြလျက် မဲဇလီအဖူးများကိုပြုတ်၍ နှမ်း၊ မြေပဲ၊ ကြက်သွန်ကြော်၊ ဆီချက်တို့ဖြင့် ပျော်ပါးစွာ သုပ်စားကြလေ့ရှိသည်။

တန်ဆောင်မုန်းလ၏ ထင်ရှားသော ပွဲတော်မှာ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲဖြစ်သည်။ ကထိန်သင်္ကန်း ကပ်လှူပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ အချိန်တစ်လတာ ကာလအတွင်း ခင်းကျင်းရသော ပွဲတော်ဖြစ်သည်။ အများအားဖြင့် တန်ဆောင်မုန်းလ အတွင်းလပြည့်နေ့အထိ ပွဲတော်ကျင်းပမှု ပိုမိုများပြား မြိုင်ဆိုင်သည်။ ကထိန်ခင်းပွဲတော် ကျင်းပကြခြင်း သမိုင်းကြောင်းမှာ ဘုရားရှင် လက်ထက်တော်တွင် ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်သည်သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံသို့ ဖူးမြော်ရန် လာကြသည်။ ဝါဆိုရန်နီးကပ်လာသဖြင့် သာဝတ္ထိပြည်သို့ မရောက်နိုင်တော့ဘဲ သာကေတမြို့မှာပင် ဝါဆိုကြရသည်။ သံဃာတော်များ အားလုံးသည် ပံ့သကူဓူတင်၊ အာရညကဓူတင်၊ ပိဏ္ဍပါတိကဓူတင်၊ တိစီဝရိတ်ဓူတင်များကို ဆောင်ယူသူများဖြစ်သည်။

ဝါကျွတ်၍ပဝါရဏာပြုပြီး ဘုရားရှင် သီတင်းသုံးရာသာဝတ္ထိပြည်သို့ ကြွလာကြသည်။ လမ်း၌မိုးရွာသည်နှင့်ကြုံသဖြင့် သံဃာတော်များသည် မိုးထဲရေထဲတွင် စိုရွှဲနေသည့် သင်္ကန်းများဖြင့် ဇေတဝန်ကျောင်းသို့ ရောက်လာကြသည်။ တိစီဝရိတ်ဓူတင် ဆောင်ထားကြ၍ သင်္ကန်းသုံးထည်သာ ရှိသည်။ ရေစိုသဖြင့်လဲရန် အခြားသင်္ကန်း အပိုမရှိပေ။ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်က သံဃာတော်များအား နှုတ်ခွန်းဆက် စကားပြောကြားကာ လမ်းခရီးကြောင်း စသည်တို့ကို မေးမြန်းသည်။ သံဃာတော်များက လမ်းခရီးတွင် မိုးထဲရေထဲ ပင်ပန်းဆင်းရဲစွာ လာရပုံကိုလျှောက်ထားကြသည်။ ထိုအကြောင်းကြောင့် မြတ်စွာဘုရားရှင်က ကထိန်ခင်း၍ လှူဒါန်းအပ်သော သင်္ကန်းသုံးစွဲရန် ခွင့်ပြုတော်မူသည်။

ကထိန်ခင်းရန် လှူဒါန်းသောသ င်္ကန်းကို ကထိန်သင်္ကန်း သို့မဟုတ် ကထိန်လျာသင်္ကန်းဟု ခေါ်သည်။

ကထိန်သင်္ကန်းကပ်လှူပွဲကို တစ်ဦးတစ်ယောက်တည်း သို့မဟုတ် စေတနာရှင်များ စုပေါင်းသည့် ဘုံကထိန်အနေမျိုး လှူဒါန်းလေ့ရှိသည်။ တစ်ပါးသော သင်္ကန်းများကို အချိန်မရွေး ကပ်လှူနိုင်သော်လည်း ကထိန်သင်္ကန်းကိုမူ တစ်နှစ်အတွင်း တစ်လသာလှူဒါန်းခွင့် ရှိသည်။ တစ်ကျောင်းလျှင် တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။ ကထိန်ခင်းမည့် သံဃာတော်သည် ပုရိမဝါကပ်သူဖြစ်ရမည်။ ဝါတွင်း၌ ဝါးကျိုးဝါပျက်စသော အဖြစ်မျိုးမရှိစေဘဲ သီတင်းကျွတ်လ ပဝါရဏာပြုပြီး ဝါကျွတ်လာသူလည်း ဖြစ်ရမည်။ ထိုသို့သော သံဃာတော်သာ ကထိန်သင်္ကန်းကို အလှူခံခွင့်၊ ကထိန်ခင်းခွင့် ရှိသည်။

ကထိန်သင်္ကန်းသည် စေတနာသဒ္ဓါ သက်သက်ဖြင့် လှူဒါန်းသော သင်္ကန်းဖြစ်ရသည်။ သံဃာတော်များသည် မိမိ၏မိဘကိုပင် ကထိန်သင်္ကန်း ပေးလှူရန် တောင်းဆိုခွင့်မရှိပေ။  အခြားဒါယကာ၊ ဒါယိကာမများကိုလည်း  တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ကထိန်သင်္ကန်း အလှူခံခွင့်မရှိပေ။ တစ်လတာအတွင်း မိမိနှစ်သက်သောရက်ကို ရွေးချယ်၍ ကထိန်မခင်းရသေးသော ကျောင်းတိုက်ကို ရွေးချယ်၍ ကျောင်းတိုက်ရှိ သံဃာတော်များကို ကထိန်သင်္ကန်း လှူဒါန်းနိုင်သည်။

လှူဒါန်းသောအခါ ဆရာရဟန်း စသော ပုဂ္ဂိုလ်တစ်ပါးပါးကို မရည်စူးဘဲ  သံဃာကိုသာ ရည်စူးရသည်။

ဤကထိန်သင်္ကန်းကို သံဃာအား ပေးလှူပါ၏ဟုလည်း နှုတ်မှရွတ်ဆို လှူဒါန်းရသည်။

ကထိန်သင်္ကန်းကို အလှူခံသော သံဃာအဖွဲ့ကလည်း သင်္ကန်းရရှိသောနေ့မှာပင် ကထိန်ခင်းရသည်။ ယနေ့ကထိန်သင်္ကန်းကို အလှူခံပြီးနောက်နေ့မှ ကထိန်ခင်းမည်ဟု ထားပိုင်ခွင့်မရှိ။ ကထိန်သင်္ကန်းအဖြစ် လှူဒါန်းလိုပါက နေ့ချင်းပြီး သင်္ကန်းအသွင်ဖြတ်၊ ချုပ်၊ ဆိုးရသည်။ ယင်းသို့နေ့ချင်းပြီးသင်္ကန်းမျိုးနှင့် ကထိန်ခင်းရသည့်အတွက် ထိုကထိန်သင်္ကန်းကို မသိုးသင်္ကန်းဟုလည်း ခေါ်သည်။ ကထိန်သင်္ကန်းကို လူပုဂ္ဂိုလ်သာမဟုတ် မည်သည့်ပုဂ္ဂိုလ်မဆို လှူဒါန်းနိုင်သည်။ ရဟန်းသာမဏေများပင် ကထိန်ခင်းပြီး သင်္ကန်းကို သင်္ကန်းရှားပါးသော သံဃာကို ရွေးချယ်ပေးအပ်ရသည်။ ထိုသို့ရွေးချယ် ပေးအပ်ရာတွင် သိမ်အတွင်းသို့ အနည်းဆုံး သံဃာငါးပါးပါဝင်သော သံဃာအဖွဲ့အစည်းနှင့် ကထိန်ခင်းမည့် သံဃာပါကမ္မဝါ စာရွတ်ဖတ်ကာ ကထိန်သင်္ကန်းကို ပေးအပ်ရသည်။

သံဃာတော်အား ကထိန်သင်္ကန်း လှူဒါန်းသူခံစားရသော အကျိုးခြောက်ပါးရှိသည်။ သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာ သွားရခြင်း၊ မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအစာအတွက် ဘေးမသင့်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းရှာရာတွင် သူတကာတို့ထက်ထူးပြီး အစုလိုက် အပြုံလိုက်ရရှိခြင်း၊ ရုပ်ရည်ချောမော လှပစေခြင်းဟူသည်မှာ ကထိန်သင်္ကန်းကပ်လှူသူ တို့ရရှိစေသော အကျိုးထူးများဖြစ်သည်။

ကထိန်သင်္ကန်း၏ အခြားအမည်တစ်မျိုးမှာ မသိုးသင်္ကန်းဖြစ်ပြီး ထိုမသိုးသင်္ကန်းသည် ကထိန်သင်္ကန်း လှူရာတွင်အပါအဝင်ဖြစ်သည်။ မသိုးသင်္ကန်းရက်လုပ်ရာတွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက် နေဝင်ချိန်မှစ၍ ဝါစေ့ကိုစတိသ ဘောကြဲပက်ကြရသည်။

ထို့နောက် ဝါကောက်၊ ဝါဖန်ရသည်။ ဝါကြိတ်ရသည်။

ရသောဝါဂွမ်းကိုဖတ်ကြရသည်။ ဂွမ်းဖတ်ကို ဗိုင်းတောင့်လိပ်ပြီး ဗိုင်းတောင့်ကို ချည်ငင်ရသည်။ ချည်ခင်ကိုယောက်ကြသည်။ ယောက်ပြီးချည်ခင်ကို ချည်ဆိုးအစာတင်ပြီးလျှင် မီးတွင်လှန်းကြသည်။ ခြောက်သွေ့သော ချည်ကိုရက်ဖောက်ပြီး ရက်ကန်းရက်ကြသည်။

ထို့နောက် ရက်ကန်းစင်သို့တင်က အရုဏ်မတက်မီ သင်္ကန်းအဖြစ် ရောက်အောင်  တပျော်တပါး စုပေါင်းအင်အားဖြင့် ရက်လုပ်သောသင်္ကန်းသည်   မသိုးသင်္ကန်းဖြစ်သည်။

ကထိန်သင်္ကန်း အလှူနှင့်ယှဉ်တွဲ၍ ပံ့သကူဓူတင်သင်္ကန်း ဟူ၍ရှိသေးသည်။ ပံ့သကူသင်္ကန်းသည် လူအများနှင့် ကျင်းပသော ထင်ရှားသည့် ပွဲမျိုးမဟုတ်ပေ။

လူအများကွယ်ရာတွင်   သင်္ကန်းအစရှိသော သံဃာ့အသုံးအဆောင်များကို   တိတ်တဆိတ်စွန့်ပစ် လှူဒါန်းသောပွဲမျိုးဖြစ်သည်။ ဗုဒ္ဓဘာသာ၏ ကျင့်စဉ်ဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံ့သကူဓူတင်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော လှူဒါန်းပွဲဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ကထိန်ခင်းခြင်း အလေ့အထသည် ဗုဒ္ဓဘာသာဝင်များအတွက် အဓိကကျသောဒါနကုသိုလ်ကြီး တစ်ခုဖြစ်သလို စုပေါင်း၍ ဘုံကထိန်ကျင်းပခြင်းကြောင့် ပို၍လေးနက်သော အလှူဒါနတစ်ခုအဖြစ် ဆက်လက် တည်တံ့နေမည်သာဖြစ်ကြောင်းရေးသားလိုက်ရပါသည်။   ။

လင်းအရုဏ်ဦး(ပဲခူး)