ကင်ဆာရေဖျဉ်း

ကင်ဆာရေဖျဉ်း

ဆေးကျောင်းသားဘဝတုန်းက လူနာဆောင်တွေထဲမှာ ရေဖျဉ်းစွဲ  ဗိုက်ကြီးတွေပူနေတဲ့ လူနာတွေ ခဏခဏတွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ရေဖျဉ်းစွဲရင် အသည်းမကောင်းလို့ပဲလို့  အကြမ်းဖျင်းမှတ်ထားခဲ့တာပါ။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတွေရှိလို့၊ အရက်အလွန်အကျွံသောက်လို့ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြတဲ့ လူနာတွေများပါတယ်။ ကင်ဆာဆရာဝန်ဖြစ်လာတော့ အသည်း  ကောင်းပါလျက်နဲ့ ရေဖျဉ်းစွဲကြတဲ့ လူနာတွေ တွေ့လာရတယ်။ ကင်ဆာလူနာတွေ ရေဖျဉ်းစွဲပြီဆိုရင် အမျိုးသမီးတွေက  ပိုများတယ်။ ရေဖျဉ်းစွဲလူနာအယောက် ၁ဝဝ မှာ ကင်ဆာလူနာ ၁ဝ ယောက်ပါတယ်တဲ့။ ရေဖျဉ်းစွဲပြဿနာများရဲ့ နောက်ခံ အကြောင်းရင်းတွေထဲမှာ ကင်ဆာရောဂါများကြောင့် ဖြစ်ရတာ  ၁ဝ ရာခိုင်နှုန်းရှိတယ်လို့ ဆိုလိုတာပါ။

ကင်ဆာကြောင့် ရေဖျဉ်းစွဲလာတယ်ဆိုတာ ဝမ်းဗိုက်ထဲမှာ ရေတွေစုလာတာပါ။ အဓိကနောက်ခံအကြောင်းရင်းကတော့ ကင်ဆာရောဂါဖြစ်တဲ့အခါ သွေးကြောနံရံတွေကနေ အရည်တွေဖြတ်သန်းမှု များလာတာကြောင့်ရယ်၊ ပြန်ရည်ကြောတွေ ပိတ်ဆို့ကုန်လို့ရယ်ဆိုတဲ့ အကြောင်းနှစ်ချက်ဖြစ်ပါတယ်။ ကင်ဆာဖြစ်တဲ့အခါ သွေးကြောသစ်တွေပေါ်လာတယ်။ သွေးကြောတွေ များလာတယ်။ ကင်ဆာကျိတ်တွေက အစာအာဟာရတွေကို မတရားဆွဲယူနိုင်ကြဖို့အတွက် သွေးကြောနံရံများမှတစ်ဆင့် သွေးနဲ့တခြား ကိုယ်တွင်းရည်တွေ ဖြတ်သန်းမှုကောင်းအောင် ကင်ဆာက ဖန်တီးလိုက်တယ်။ သွေးကြောထဲကထွက်လာတဲ့ အရည်တွေဟာ ဝမ်းဗိုက်ထဲမှာစုပြီး ရေဖျဉ်းစွဲလာရတယ်။ ဒါက အကြောင်းတစ်ချက်။

နောက်တစ်ချက်ကတော့ သွေးလွှတ်ကြောကနေ တွန်းလွှတ်လိုက်တဲ့ သွေးတွေကို သွေးပြန်ကြောနဲ့ ပြန်ရည်ကြော(Lymphatic vessels) များကနေ နှလုံးဆီ ပြန်သယ်ကြရတဲ့နေရာမှာ ကင်ဆာဆဲလ်တွေက ပြန်ရည်ကြောတွေထဲ ပိတ်နေတာကြောင့်     အရည်တွေစုမိပြီး ဝမ်းဗိုက်ထဲကို  ကျလာတယ်။ အဲဒီကနေ ကင်ဆာရေဖျဉ်း ဖြစ်လာရတယ်လို့   သုံးသပ်ကြပါတယ်။

ကင်ဆာလူနာများမှာ ရေဖျဉ်းစွဲလာပြီဆိုရင် အခြေအနေ မကောင်းတော့ဘူးလို့ ပြောရတော့မှာ။ ဒါပေမဲ့ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ လူနာများမှာတော့ခြွင်းချက်ဖြစ်ပါတယ်။

အဲဒီရောဂါနှစ်မျိုးမှာ ရေဖျဉ်းစွဲပြီး လေး၊ငါး၊ဆယ်နှစ်အထိ အသက်ရှင်နေသွားတဲ့ လူနာတွေများတာကြောင့်  ရေဖျဉ်းစွဲတိုင်း မကောင်းတော့ဘူးလို့ ပြောမရပါဘူး။ သားဥအိမ်နဲ့ ရင်သားကင်ဆာများဟာ အမျိုးသမီးတွေမှာပဲ ဖြစ်ရတာမို့ ကင်ဆာရေဖျဉ်းစွဲတဲ့ အမျိုးသားလူနာတွေထက် အမျိုးသမီး လူနာတွေက အသက်ပိုရှည်ကြတယ် ဆိုတာကိုလည်း သည်အချက်က ထောက်ပံ့ပေးပါတယ်။

ကင်ဆာရေဖျဉ်းဖြစ်တတ်တဲ့ ကင်ဆာအမျိုးအစားတွေကို ပြောရရင် သားဥအိမ်ကင်ဆာ (အဖြစ်အများဆုံး)၊  မုန့်ချိုအိတ်နဲ့ သည်းခြေပြွန်ကင်ဆာများ (ဒုတိယအဖြစ် အများဆုံး)၊ အစာအိမ်ကင်ဆာ(တတိယအဖြစ် အများဆုံး)၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဝမ်းဗိုက်ဖုံး အမြှေးကင်ဆာ(Primary Peritoneal Carcinimatosis) တို့ဖြစ်ပါတယ်။ ကင်ဆာရေဖျဉ်း လူနာများရဲ့ ၅ဝ ရာခိုင်နှုန်းလောက်ဟာ ဗိုက်ကြီးပူလာ ရေဖျဉ်းစွဲလာတော့မှပဲ ရောဂါရှာဖွေမိကြ ကင်ဆာဖြစ်နေမှန်း သိကြရပါတယ်။ ကင်ဆာရေဖျဉ်းဖြစ်ပြီဆိုရင် ပျမ်းမျှအသက်ရှည်နှုန်းက ၅ လလို့ ကင်ဆာဆရာဝန်တွေက ခန့်မှန်းကြပါတယ်။ ကင်ဆာရေဖျဉ်း ဖြစ်ရတာဟာ ဝမ်းဗိုက်ဖုံးအမြှေး(Peritoneum) မှာ ကင်ဆာဆဲလ်တွေ ရှိနေပြီဆိုတာကို ပြတဲ့လက္ခဏာဖြစ်တယ်။ Peritoneum မှာ ကင်ဆာရောက်နေပြီဆို ကင်ဆာအဆင့်(၄) နောက်ဆုံးအဆင့်လို့ သတ်မှတ်ကြတာမို့ ကင်ဆာရေဖျဉ်း လူနာတွေရဲ့ သက်တမ်းဟာ မရှည်နိုင်ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ   ထူးခြားချက် တစ်ခုအနေနဲ့ မှတ်သားရမှာက TNM staging လို့ခေါ်တဲ့ ကင်ဆာအဆင့် သတ်မှတ်ချက်တွေမှာ သားဥအိမ် ကင်ဆာနဲ့ ပတ်သက်လာရင် ဝမ်းဗိုက်ကအရည်တွေထဲ ကင်ဆာဆဲလ်တွေ့ရင် အဆင့် (၁) Stage 1c လို့ပဲ သတ်မှတ်ထားတဲ့အချက်ပါ။ ဒါကြောင့်လည်း သားဥအိမ် ကင်ဆာလူနာတွေမှာ ကင်ဆာရေဖျဉ်းဖြစ်ရင် အဆင့်(၄) နောက်ဆုံးအဆင့် မဟုတ်တဲ့အတွက် တခြားကင်ဆာရေဖျဉ်းလူနာတွေထက် အသက်ပိုရှည်ကြတာဖြစ်ပါတယ်။

ကင်ဆာရေဖျဉ်းလို့ ဘယ်လိုသတ်မှတ်မလဲ ရေဖျဉ်းဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ နှလုံးကြွက်သားတွေ အားနည်းနေရင်၊ ကျောက်ကပ်ရောင် ရောဂါရှိရင်၊ အသည်းခြောက်ရင်၊ မုန့်ချိုအိတ်ရောင်ရမ်းရင် ရေဖျဉ်းဖြစ်နိုင်တယ်။ ကင်ဆာရေဖျဉ်းဟုတ်၊ မဟုတ် သေချာဖို့ကတော့ ဝမ်းဗိုက်ကို အပ်ကလေးနဲ့ ဖောက်၊ အရည်တွေစုပ်ထုတ်ပြီး ဓာတ်ခွဲစစ်ဆေးလို့ရပါတယ်။ မိုက်ခရိုစကုပ်အောက်မှာ ကင်ဆာဆဲလ်တွေတွေ့ရင် ပိုသေချာသွားတာပေါ့။

ကင်ဆာရေဖျဉ်းဖြစ်နေပါလျက်နဲ့ ဝမ်းဗိုက်ထဲက အရည်မှာ  ကင်ဆာဆဲလ် မတွေ့တာကလည်း  ၅ ရာခိုင်နှုန်းလောက် ရှိနေတတ်ပါတယ်တဲ့။

ဗိုက်ကိုအပ်နဲ့ ဖောက်ထုတ်တဲ့နည်းဟာ ကင်ဆာရေဖျဉ်းအတွက် ရောဂါလည်း ရှာဖွေသတ်မှတ်နိုင်သလို သက်သာအောင် ကုသတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲက စုပ်ထုတ်တဲ့အရည်တွေထဲက Albumin  ခေါ်တဲ့ အသားဓာတ်ကို စစ်ဆေးခြင်းဖြင့်လည်း ဒီရေဖျဉ်းဟာ ကင်ဆာရေဖျဉ်းလား၊ တခြားရောဂါတွေကြောင့် ဖြစ်ရတဲ့ ရေဖျဉ်းလားဆိုတာ အကြမ်းဖျင်း ခွဲခြားလို့ ရနိုင်ပါတယ်။

ကင်ဆာရေဖျဉ်းကုသနည်းများ - ကင်ဆာရေဖျဉ်းရဲ့ အများဆုံးကုသနည်းကတော့ ဝမ်းဗိုက်ထဲက အရည်တွေကို ဖောက်ထုတ်လိုက်တာပေါ့။

လွယ်ကူပြီး လူနာအတွက်လည်း သက်သာ၊ လူနာဆောင်ထဲမှာပဲ လုပ်ဆောင်လို့ရတဲ့ ကုသနည်းဖြစ်တဲ့အတွက် ကင်ဆာဆောင်တွေထဲမှာပဲ ကင်ဆာရေဖျဉ်းလူနာတွေကို ကုသပေးကြတာများတယ်။  တချို့လူနာတွေအတွက်တော့ ဆီးဆေးလေး ပေးကြည့်ပြီး ဗိုက်ကြီးပြန်ဖောင်း မလာအောင်ထိန်းကြတယ်။ ကင်ဆာရေဖျဉ်းမှာ ဆီးဆေးနဲ့ကုရတာ  သိပ်မအောင်မြင်လှပါ။ ခဏခဏပြန်ပြည့်တတ်တဲ့ ကင်ဆာရေဖျဉ်း လူနာတွေမှာတော့ ဝမ်းဗိုက်အရေပြားမှာ  ပိုက်ကလေး တပ်ပေးလိုက်ပြီး ချုပ်ပေးထားလိုက်တယ်။ ဗိုက်ထဲ အရည်တွေပြည့်လာရင် အဖုံးလေးဖွင့်ပြီး  ဖောက်ချလိုက်ရုံပဲပေါ့။ အပ်နဲ့ ခဏခဏ ဖောက်နေဖို့ မလိုတော့ဘူးပေါ့။

နောက်ပိုင်းပေါ်လာတဲ့ ကင်ဆာရေဖျဉ်း ကုသနည်းကတော့ HIPEC လို့ အတိုကောက်ခေါ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီနည်းနဲ့ ကုသဖို့အတွက် ခွဲစိတ်ဆရာဝန်က ဦးဆောင်ပြီး အရင်ဆုံး ဗိုက်ထဲက ကင်ဆာကျိတ်တွေကို ရသလောက်ခွဲထုတ်တယ်။ ပြီးတာနဲ့ စက်ကိရိယာနဲ့ ချိတ်ဆက်ပြီး အပူပေးထားတဲ့ ကင်ဆာဆေးတွေကို ဝမ်းဗိုက်ထဲသွင်းပြီး ကုသတာဖြစ်ပါတယ်။ HIPEC နဲ့ ကုသခြင်းဖြင့် ၃ဝ ရာခိုင်နှုန်းအထိ ရောဂါ ပျောက်ကင်း သွားနိုင်ပါတယ်တဲ့။ ကင်ဆာဆဲလ်တွေဟာ အပူဒဏ်ကို မခံနိုင်တဲ့အတွက် အပူပေးတဲ့ နည်းလမ်းကိုသုံးခြင်းဖြစ်ပါတယ်။   ကင်ဆာဆေးတွေကို သွေးကြောထဲကသွင်းတာမဟုတ်ဘဲ ဗိုက်ထဲ တိုက်ရိုက် ထည့်သွင်းတာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးလည်း သိပ်မရှိဘူးလို့ ဆိုပါတယ်။ HIPEC နဲ့ ကုသခံဖို့ ၈ နာရီလောက် မေ့ဆေးပေးထား ခံရမှာဖြစ်ပါတယ်။

HIPEC ကုသနည်း မဟုတ်ဘဲ ကင်ဆာဆေး ရိုးရိုးကိုပဲ ဝမ်းဗိုက်ထဲသွင်းပြီး ကုသလို့လည်း ရပါတယ်။ အကြောထဲသွင်းတဲ့ ကင်ဆာဆေးမျိုးစုံကို ဝမ်းဗိုက်ထဲ ထိုးသွင်းပြီး စမ်းသပ်ကုသမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရလဒ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ဆက်လက်ပြီး ကင်ဆာရေဖျဉ်းလူနာတွေရဲ့ ဝမ်းဗိုက်ထဲကို ဆေးဝါးသစ်တွေနဲ့   ထိုးသွင်းကုသနိုင်ဖို့ သုတေသနပြုကြဆဲဖြစ်ပါတယ်။

နိဂုံးအားဖြင့် ကင်ဆာရေဖျဉ်းလူနာတွေရဲ့ သက်တမ်းဟာ   သားဥအိမ်ကင်ဆာ လူနာများမှာကလွဲလို့ အားရဖွယ် မရှိလှပါ။ ကုသနည်းများစွာရှိပေမယ့် သက်သာအောင် လုပ်ပေးနိုင်ဖို့ပဲ များပါတယ်။ ကင်ဆာရေဖျဉ်း လူနာတွေမှာ Albumin ခေါ်တဲ့ အသားဓာတ်နည်းနေရင်၊ အသည်းမှာ ကင်ဆာပြန့်နေရင် ပိုပြီးတော့ အလားအလာ မကောင်းဘူးလို့ မှတ်သားရပါမယ်။ Albumin ဓာတ်နည်းခြင်းကြောင့် ခုခံအားအတွက် လိုအပ်တဲ့အသားဓာတ်တွေ နည်းသွားတယ်၊ နောက်ခံ အာဟာရနည်းပါးနေတာကိုလည်း ဖော်ပြနေတာဖြစ်ပါတယ်။

ဗိုက်ကြီးပူပြီး ရေဖျဉ်းစွဲတိုင်းလည်း အသည်းကြောင့် မဟုတ်တာမို့ လိုအပ်တဲ့ ရောဂါရှာဖွေ စစ်ဆေးမှုတွေ လုပ်ရမယ်။ စောစီးစွာ ရောဂါရှာဖွေကုသခြင်းဖြင့် သက်တမ်းတွေရှည်လာအောင် ပြုလုပ်နိုင်တယ်ဆိုတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။  ။