ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ နိုဝင်ဘာ - ၁၄
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ထားဝင်မြို့နယ် ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်း သတင်းရရှိသည်။