ကထိန်သင်္ကန်း လှူဒါန်းရွှင်ပျော်ကုသိုလ်တော်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကမ္ဘာတွင်ဗုဒ္ဓဘာသာ သာသနာအထွန်းကားဆုံးနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွား မဆုံးနိုင်အောင်ရှိလှသည်။  ထိုသို့အထွန်းကားဆုံးနိုင်ငံအဖြစ်တည်ရှိသည်မှာ သူ့အလို အလျောက် သဘာဝတရားက ဖန်တီးပေး လိုက်ခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံဟူသောနယ်နိမိတ်အပိုင်းအခြားတွင် နှစ်ပေါင်းများစွာ  အခြေချနေထိုင်ခဲ့သော ရှေးမြန်မာကြီးများ ကြောင့်ဖြစ်သည်။ တိတိကျကျဆိုရလျှင် ဘာသာသာသနာကိုစောင့်ရှောက်တော်မူကြသော အုပ်ချုပ်သူမင်းဧကရာဇ်၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသောသာသနာသုံးရပ်ကို ကျင့်ကြံပွားများတော်မူခဲ့ကြသောဆရာတော်သံဃာတော်များနှင့် ပစ္စည်းလေးပါးဖြင့် အစဉ်ကုသိုလ်ယူခဲ့ကြသော ဒါယကာ၊ ဒါယိကာမများကြောင့်ဖြစ်သည်။

မြန်မာတို့တွင်အစဉ်အလာအရ ဆယ့်နှစ်လရာသီပွဲတော်များ ကျင်းပလေ့ရှိသည်။ ထိုဆယ့်နှစ်လအတွင်း ကျင်းပခဲ့သော ပွဲတော်များ သည်လည်း သာသနာရေးနှင့်တိုက်ရိုက်၍သော်လည်းကောင်း၊  သွယ်ဝိုက်၍သော်လည်းကောင်း  ဆက်နွှယ်နေသော ပွဲတော်များသာ ဖြစ်သည်။  တန်ခူးလမှတပေါင်းလအထိ ကျင်းပသောပွဲတော်များ၏ အမည်ကို ဖော်ပြရလျှင် သင်္ကြန်ပွဲ၊ ညောင်ရေသွန်းပွဲ၊ စာပြန်ပွဲ၊ ပဉ္စင်းခံပွဲ၊ စာရေးတံပွဲ၊ ရေသဘင်ပွဲ၊ မီးမြင်းမိုရ်ပွဲ၊ ကထိန်ပွဲ၊ မဟာပိန္နဲနတ်ပွဲ၊ မြင်းခင်းပွဲ၊ မီးဖုန်းပွဲနှင့်သဲပုံစေတီပွဲတို့ဖြစ်သည်။ ရေသဘင်ပွဲဆိုသည်မှာ တော်သလင်းလတွင်ကျင်းပလေ့ရှိသော လှေသဘင်ပွဲတော်ဖြစ်သည်။

ကထိန်ပွဲဆိုသည်မှာ တန်ဆောင်မုန်း၏ ရာသီပွဲအဖြစ်မှတ်တမ်းတင်ထားသော်လည်း အမှန်အားဖြင့် ကထိန်ခင်းရသည့် ကာလအပိုင်း အခြားမှာ  သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အထိ တစ်လသာဖြစ်သည်။ ကထိန်သည် ကထိနဟူ သော ပါဠိစကားမှ ဆင်းသက်၍ ခိုင်ခံ့မြဲမြံသောကြောင့် ကထိန်ဟုခေါ်ကြောင်း ဖွင့်ဆိုထားသည်။ ကထိန်သင်္ကန်းကပ်လှူရာတွင် ရဟန်းပုဂ္ဂိုလ်တစ်ပါးပါး ကို ရည်စူးခြင်းမဟုတ်ဘဲ သံဃာဟူသောအစုအပေါင်းကို ရည်စူးလှူဒါန်းရသည်။

ကထိန်သင်္ကန်း ကပ်လှူသည်ကို ကထိန်ခင်းသည်ဟုသုံးသည်။ သံဃာအားလှူဒါန်းသော ကထိန်သင်္ကန်းကို သင်္ကန်းမရှိသည့် ရဟန်းအား ဦးစားပေးရွေးချယ်၍ ပေးလှူရသည်။ ရဟန်းအားလုံး သင်္ကန်းပြည့်စုံလျှင် ဝါအကြီးဆုံးမထေရ်ကို ပေးလှူရသည်။ သိမ်ဝင်၍ ဉတ်ကမ္မဝါဖတ်ပြီး ကထိန်ခံထိုက်သောရဟန်းကိုပေးရသည့်အတွက် ကထိန်သင်္ကန်းကို ဉတ်သင်္ကန်း ဟုခေါ်သည်။

ကထိန်ခင်းသည့် အစဉ်အလာသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ရှိခဲ့သောအစဉ်အလာတစ်ရပ်ဖြစ်သည်။ လွတ်လပ်ရေး ရပြီးခေတ်အဆက်ဆက်တွင်လည်း နိုင်ငံတော်အစိုးရများသည် နှစ်စဉ်ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပခဲ့ကြသည်။ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နေပြည်တော်တွင် ကျင်းပသည်။ နေပြည်တော်တွင် ၂၀၁၂ ခုနှစ်ကအစပြု၍ ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပခဲ့ သည်မှာ ယခုနှစ်တွင်(၁၀)ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ယခုနှစ်တွင်  ကထိန်အလှူခံကျောင်းအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ကျောင်းတိုက်ကို ရွေးချယ်ထားသည်။ သက်ဆိုင်ရာကျောင်းတိုက်ဆရာတော်ကိုလည်း လျှောက်ထားပြီးဖြစ်သည်။  နိုင်ငံတော်မှ ကြီးမှူးကျင်းပသော ပွဲတော်ဖြစ်သည့်အတွက် အခမ်းအနားအောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရုံးက ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းပေးထားပြီးဖြစ်သည်။ လုပ်ငန်း တာဝန်များစနစ်တကျခွဲဝေဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခုကိုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖွဲ့ စည်းထားသည်။

ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ဒေသခံဆရာတော်ကြီးများဖြစ်သည့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီး ကိုးပါး၊ နေပြည်တော်သံဃနာယကအဖွဲ့ ဆရာတော် လေးပါး၊ ကထိန်အလှူခံကျောင်းတိုက်မှ ဆရာတော် ငါးပါး စုစုပေါင်းဆရာတော်ကြီး ၁၈ ပါး တို့ကြွရောက်တော်မူကြမည်ဖြစ်သည်။ ဆရာတော်ကြီးများ၏ ဆွမ်း၊ ကွမ်းကိစ္စရပ် များကိုလည်း   ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး အလေးထားဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့်အားလျော်စွာ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်ပါကချက်ချင်းဆောင်ရွက်နိုင်ရန် စီစဉ်ထား ရှိကြောင်းသိရှိရသည်။ ဤသည်မှာ အလှူဒါနကြီးအောင်မြင်ပြီးမြောက်ရန်အတွက် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်မှုများ ဖြစ်ပေ သည်။

ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းစတင်ခဲ့သည့် သမိုင်းကြောင်းကိုလေ့လာကြည့်လျှင် မြတ်စွာဘုရားသက်တော် ထင်ရှား ရှိစဉ်ကပင် စတင်ခြင်းဖြစ်ကြောင်းသိရှိရသည်။  မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးတော်မူနေစဉ် ပါဝေယျက တိုင်းသားရဟန်းတော်များ ဖြစ်ကြသည့် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်  သာဝတ္ထိပြည်သို့ထွက်ခွာလာစဉ် ယူဇနာ ၆၀ အလို  သာကေတမြို့အရောက် ဝါဆိုဝါကပ်ခဲ့ကြသည်။  ဝါလကင်းလွတ် သီတင်းကျွတ်သည်နှင့်တစ်ပြိုင်နက် သာဝတ္ထိပြည်၌သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်အားဖူးမြော်ရန်အလို့ငှာ ဆက် လက် ထွက်ခွာလာခဲ့ကြသည်။  ထိုသို့ထွက်ခွာလာစဉ် လမ်းခရီးတစ်လျှောက်  မိုးများသဲသဲမဲမဲရွာသွန်းမှုကြောင့် ရွှံ့ညွန်များ အလိမ်းလိမ်း ကပ်နေသည့်  သင်္ကန်းများဖြင့် ဘုရားရှင်ရှေ့တော်မှောက်သို့ရောက်ရှိလာကြသည်။

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့၏ ပင်ပန်းဆင်းရဲစွာ လာရောက်ခဲ့ရမှုကိုအကြောင်းပြု၍ ဘုရားရှင်က ကထိန်လျာ သင်္ကန်းအလှူခံယူခွင့် နှင့်အတူ သင်္ကန်းနှင့်စပ်လျဉ်းသည့် သိက္ခာပုဒ် ၁၀ ပုဒ်တို့ကို ပညတ်ပေးတော်မူခဲ့သည်။

အဆိုပါ သိက္ခာပုဒ်ပညတ်ချက်များအရ ဝါတွင်းသုံးလအတွင်း မိမိတို့ဝါဆိုဝါကပ်ရမည့်ကျောင်းတိုက်၌ ပုရိမဝါကာလအတွင်း ဝါဆို ဝါကပ်တော်မူကြသော သံဃာတော်များကိုသာ ကထိန်သင်္ကန်းအလှူခံ သုံးစွဲခွင့်ပြုတော်မူခဲ့သည့်အပြင် ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာရရှိသော သံဃာတော်များအားလုံး ကထိန်အာနိသင် အကျိုးတရားငါးပါးရရှိကြကာ ဝိနည်းပညတ်ချက်ငါးမျိုးကို လိုက်နာစရာမလိုဘဲ ကထိန်အာနိသင်ရရှိသည့်နေ့မှ တပေါင်းလပြည့်နေ့အထိ ငါးလတိုင်တိုင် ကင်းလွတ်ခွင့်ရရှိစေပါသည်။ ကထိန် အကျိုးငါးပါးမှာ-

၁။         အနာမန္တစာရ- ကျောင်းတွင်ရှိသော ရဟန်းတစ်ပါးကို မပန်ကြား၊ မပြောဆိုဘဲ မြို့တွင်း၊ ရွာတွင်း ဆွမ်းစားပင့် ထားသည့်အိမ်သို့ သွားနိုင်ခြင်း။ (ကထိန်အကျိုးမရသောအခါ ယခုလိုသွားလျှင် အာပတ်သင့်သည်။)

၂။         အသမာဒါနစာရ-အဓိဋ္ဌာန်တင်ပြီး ဆောင်နေသောသင်္ကန်းကို မယူဆောင်ဘဲသွားနိုင်ခြင်း။ (အခြားအခါမှာ ဤသို့သွားလာ လျှင်အာပတ်သင့်သည်။)

၃။         ဂဏဘောဇနီ- ထမင်းစားကြွပါစသည်ဖြင့်  မအပ်မရာပင့်ဖိတ်သောဆွမ်းကိုစားနိုင်ခြင်း။ (အခြားအခါမှာစားလျှင် အာပတ် သင့်သည်။)

၄။         ယာ၀ ဒတ္တစီဝရ- ရလာသမျှသော သင်္ကန်းများ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲထားနိုင်ခြင်း။ (အခြားအခါမှာ ဤသို့ထားလျှင် အာပတ်သင့်သည်။)

၅။         ယောစ တတ္ထစိ၀ ရုပ္ပါဒ- ဤကျောင်းတိုက်အတွင်း၌ သံဃာကိုရည်စူးလှူဒါန်းသော သံဃိကသင်္ကန်းကို ဤရဟန်းများသာ ရပိုင်ခွင့်ရှိခြင်း။ (ကထိန်အကျိုးကို မရရှိသောရဟန်း၊ ကထိန်ခင်းပြီးမှ ဤကျောင်းတိုက်၌ လာရောက်နေထိုင်သော ရဟန်းများသည် ဤသံဃိကသင်္ကန်းကို ခွဲဝေယူခွင့် မရရှိပါ။)

ကထိန်သင်္ကန်းလှူသော အလှူရှင်များမှာလည်း   သဒိသံပါကံဇနေတိ (တူသောအကျိုးကိုဖြစ်စေ၏) ဆိုသကဲ့သို့ ကထိန်ခင်းသော သံဃာတော်များအလား အကျိုးတရားများကို သွယ်ဝိုက်သောနည်းအားဖြင့် ခံစားခွင့်ရှိကြသည်။ ထိုအကျိုးများမှာ-

၁။         သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားရခြင်း။

၂။         မိမိပိုင်ပစ္စည်းများကို ရန်သူတို့မဖျက်ဆီးနိုင်ခြင်း။

၃။         စားကောင်းသောက်ဖွယ် အထူးပေါများ၍အစားအစာအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။

၄။         မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။

၅။         ပစ္စည်းရှာရာတွင် သူတကာထက်ထူးပြီး ထီပေါက်သကဲ့သို့ အစုလိုက်အပုံလိုက်ရခြင်း။

၆။         ဥမ္မာဒန္တီမင်းသမီးကဲ့သို့ချောမောလှပခြင်း စသည်တို့သည် အလှူရှင်များ ရနိုင်ခွင့်ရှိသော အကျိုးတရားဖြစ်ပေသည်။

မြန်မာတို့နှစ်စဉ် ကျင်းပလေ့ရှိသော ကထိန်အလှူပွဲများသည် ကထိန်လျာသင်္ကန်းတစ်ခုတည်း လှူဒါန်းသည်မဟုတ်ပါ။ ကထိန် သင်္ကန်း၏ အရန်အဖြစ်နှင့်ထီး၊ ဖိနပ်၊ ယပ်မှသည် ရဟန်းတော်များ၏အသုံးအဆောင်များ၊ ဆန်၊ ဆီ၊ ဆားအစရှိသည့် ဆွမ်းရိက္ခာ များကို ထည့်သွင်းလှူဒါန်းလေ့ရှိသည်။ ရဟန်းတော်များလိုရာသုံးနိုင်ရန်အတွက် နဝကမ္မဝတ္ထုငွေများကိုလည်း လှပသေသပ် ကျနစွာ ချိတ်ဆွဲပြီး ပဒေသာပင်အဖြစ်လှူဒါန်းကြသည်။

သာမန်အားဖြင့်သင်္ကန်းကို အချိန်မရွေးပေးလှူနိုင်သည်။ ကထိန်သင်္ကန်းကိုမူ တစ်နှစ်အတွင်းတစ်လတာသော ရက်အတွင်းမှာသာ လှူဒါန်းရခြင်းဖြစ်သည်။ ထိုရက်၊ ထိုအချိန်အတွင်းမှာပင် တစ်ကျောင်းလျှင် တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိပေသည်။ ကထိန်းခင်းမည့် ရဟန်းတော်သည် ပုရိမဝါကပ်သူဖြစ်ရမည်။ ဝါတွင်းမှာ ဝါကျိုးဝါပျက်စသော အဖြစ်မျိုးမရှိစေဘဲ သီတင်းကျွတ်လပြည့်နေ့မှာ ပဝါရဏာပြုပြီး ဝါကျွတ်လာသည့် ရဟန်းသာဖြစ်ရသည်။

ကထိန်သင်္ကန်းလှူဒါန်းမှုနှင့် ပတ်သက်၍ ထူးခြားမှုတစ်ခုမှာ ရဟန်းတော်များသည် မိမိ၏မိဘကိုပင် ကထိန်သင်္ကန်းပေးလှူရန် ပြောပိုင်ခွင့်မရှိခြင်း ဖြစ်သည်။ ထို့အတူအခြားသော ဒကာ၊ ဒကာမများကိုလည်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကထိန်သင်္ကန်းအလှူခံခွင့်မရှိခြင်းဖြစ်သည်။

မိုးပေါ်ကကျလာသလို အလှူရှင်တို့၏ စေတနာ၊ သဒ္ဓါတရားသက်သက်ဖြင့်ပေါ်ပေါက်လှူဒါန်းလာသောသင်္ကန်းနှင့်သာ ကထိန်ခင်း ခွင့်ရှိပါသည်။ ကထိန်အလှူရှင်အနေဖြင့်လည်း တစ်ကျောင်းမှာ တစ်ကြိမ်စီ မိမိတတ်နိုင်သရွေ့ ကျောင်းများစွာမှာ ကထိန်သင်္ကန်း လှူဒါန်းနိုင်သည်။

မြတ်စွာဘုရားသခင် ခွင့်ပြုသောအချိန်မှစပြီး ဗုဒ္ဓသာသနာတော်တွင် ကထိန်ခင်းခြင်းအလှူပွဲပေါ် ပေါက်လာရသည်မှာ လူသားတို့ အတွက် ကောင်းမှုကုသိုလ်မျိုးစေ့ စိုက်ပျိုးရာလယ်မြေကောင်းများရရှိသကဲ့သို့ပင်ဖြစ်သည်။ ဒါနဆိုသည်မှာ စွန့်ကြဲပေးကမ်း လှူဒါန်း ခြင်းဖြစ်ပြီး အလှူဒါနတွင်စေတနာဒါနနှင့်ဝတ္ထုဒါန ဟူ၍နှစ်မျိုးရှိသည်။ စေတနာဒါန ဆိုသည်မှာ မလှူမီ ရှေ့ပိုင်းကာလ၌ ထိုအလှူနှင့် စပ်၍ဖြစ်ပေါ်သော ပုဗ္ဗစေတနာ၊ ပေးလှူဆဲကာလ၌ဖြစ်ပေါ်သော မုဉ္စစေတနာ၊ လှူပြီးနောက်ပိုင်း ကာလ၌ဖြစ်ပေါ် သောအပရ စေတနာဟူ၍သုံးမျိုးဖြစ်သည်။ ဝတ္ထုဒါနဆိုသည်မှာ အဝတ်အစားစသည့်လှူဖွယ်ဝတ္ထုပစ္စည်းသည် ဝတ္ထုဒါနဖြစ်သည်။

အကျိုးပေးရာ၌ စေတနာဒါနကသာ အကျိုးပေးသည်။ သို့ရာတွင်လှူဖွယ် ဝတ္ထုပစ္စည်းများသည် စေတနာထက်သန်အောင်   အထောက်အပံ့ပြုနိုင်ကြသည်။ လှူဖွယ်ပစ္စည်းက ညောင်စေ့လောက်နည်းနေသော်လည်း စေတနာထက်သန်လျှင် ညောင်ပင်ကြီး လောက်အကျိုးကို ရနိုင်သည်။ ထို့ကြောင့်အလှူဒါနပြုကြသည့်အခါ စေတနာသုံးတန် ဖြူစင်ထက်သန်အောင် ကြိုးစားကြ ရမည်ဖြစ်ကြောင်း ဆရာတော်သံဃာတော်များက ဟောကြားတော်မူခြင်းဖြစ်သည်။

အလှူနှင့်ပတ်သက်၍ အလှူဟူသည် နတ်ပြည်၏ စောင်းတန်းလှေကားဖြစ်သည်။ မြတ်သောရိက္ခာ ထုပ်ဖြစ်သည်။ ခရီးဖြောင့်လည်း ဖြစ်သည်။ မြတ်သောမဂ်ဖိုလ်နိဗ္ဗာန်၏ အကြောင်းဖြစ်သည်။ အစိုးရခြင်းကို ဖြစ်စေတတ်၏။ စည်းစိမ်ချမ်းသာကို ပေးတတ်၏။ ချမ်းသာကို ပွားစေတတ်၏။ မိမိကိုယ်ကို စောင်မတတ်၏။ မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ်၏။ အလုံးစုံသောအကျိုးကို   ပြီးစေတတ်၏။   အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်းဖြစ်၏ဟူ၍ ဗုဒ္ဓဘာသာတရားတော်အခြေခံအဆင့်တွင် လွယ်ကူရှင်းလင်းစွာ ဖော်ပြထားသည်။

သက္ကရာဇ် ၁၈၃၈ ခုနှစ် တန်ဆောင်မုန်း ၁၁ ရက်နေ့(ခရစ်နှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄) တွင်ကျင်းပပြုလုပ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် ၄၂ ခုနှင့်လှူဒါန်းငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၉၇၆၄၃၇၅၀ ဖြစ်သည်။ ကထိန်လျာသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကုသိုလ်ဒါနသည်  မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်သူ အားလုံးရရှိမည့်မြတ်ဒါနဖြစ်သည်။ ထိုမြတ်ဒါန၏ အကျိုးအားကြောင့်  မြန်မာနိုင်ငံတစ်ဝန်းလုံး သာယာဝပြောမှုရှိပါစေ၊  စားရေရိက္ခာပေါများပါစေ၊  ကပ်ကြီးသုံးပါးမှ ကျော်လွှားလွန်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသတည်း။     ။

ဘုန်းမောင်ဝင်း(ဖျာပုံ)