ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော ရေနံချောင်းမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော ရေနံချောင်းမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၅
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်  နှင့်မင်းဘူးမြို့နယ်တို့ရှိ သီးနှံများပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုးကို သက်ဆိုင်ရာကျေးရွာများ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ် မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထင်နှင့် မင်းဘူးမြို့နယ်၊ လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ သွားရောက်ပေးအပ်လှူဒါန်း သည်။
    
ဦးစွာ တာဝန်ရှိသူများက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ကျေးရွာ ၈ ရွာမှ အိမ်ထောင်စု ၁၅၆၁ စု၊ တောင်သူ ၆၂၃၆ ဦးအတွက် ဆန် ၈၅၆ အိတ် ၁၂ ပြည်၊ ဆီ ၁၃၇၀ ပိဿာ၊ ဆား ၁၃၁၉ ပိဿာနှင့် ပဲ ၂၂၆၁ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူကြပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ 
    
အဆိုပါသီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် ရေနံချောင်းမြို့နယ်မှ ကျေးရွာ ၆ ရွာနှင့် မင်းဘူးမြို့နယ်မှ ကျေးရွာ ၂ ရွာဖြစ်ပြီး စုစုပေါင်း ၂၃၆၃ ဧက ပျက်စီးဆုံးရှူံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    
သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှ တောင်သူများအား တပ်မတော်က ယခုကဲ့သို့ ပေးအပ်လှူဒါန်းခြင်းအတွက် ဒေသခံတောင်သူများနှင့် ကျေးရွာနေပြည်သူများက အထူးပင်ဝမ်းမြောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအား ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။