ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အင်ပါယာများ (၂)
ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အင်ပါယာများအကြောင်း အပိုင်း(၁)မှာ ဗြိတိသျှအင်ပါယာ၊ မွန်ဂိုအင်ပါယာနဲ့ ရုရှားအင်ပါယာတို့အကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။
ဗြိတိသျှအင်ပါယာဆိုရင် ကုန်းမြေထုပိုင်ဆိုင်မှုမှာ စတုရန်းကီလိုမီတာ ၃၅ သန်းခွဲနဲ့ အကြီးဆုံး အင်ပါယာဖြစ်တဲ့ အကြောင်းနဲ့ မွန်ဂိုအင်ပါယာက ကုန်းမြေထုပိုင်ဆိုင်မှု စတုရန်းကီလိုမီတာ ၂၄ သန်းနဲ့ ဒုတိယအကြီးဆုံး အင်ပါယာ ဖြစ်ပေမယ့် တစ်ဆက်တစ်စပ်တည်း နယ်မြေပိုင်ဆိုင်မှုမှာတော့ ကမ္ဘာ့အကြီးဆုံး အင်ပါယာဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကို ဖော်ပြပေးခဲ့ပါတယ်။ အခုဆက်လက်ပြီး ဖော်ပြပေးသွားမှာကတော့ ချင်မင်းဆက်အင်ပါယာ၊ စပိန်အင်ပါယာ၊ ဒုတိယပြင်သစ်ကိုလိုနီအင်ပါယာတို့ အကြောင်းပဲဖြစ်ပါတယ်။
ချင်မင်းဆက်အင်ပါယာ
ချင်မင်းဆက်ဆိုတာကိုတော့ ကျွန်တော်တို့ တရုတ်သမိုင်းတွေ ဖတ်ကြည့်ရင်ပဲဖြစ်ဖြစ်၊ တရုတ်ဇာတ်လမ်းတွေကို ကြည့်ရင်ပဲဖြစ်ဖြစ် အများဆုံး ပါဝင်လေ့ရှိတဲ့ အကြောင်းအရာ တစ်ခုဖြစ်တာကိုတွေ့ရမှာပါ။
တကယ်တမ်းလည်း ချင်မင်းဆက်ဟာ ရာစုနှစ်သုံးခုလောက်ကို အင်အားကြီးမား တန်ခိုးထွားခဲ့တဲ့ အင်ပါယာ ဖြစ်ပြီး ၁၇ ရာစုကနေ ၂ဝ ရာစုအထိကို သက်တမ်းရှည်ကြာခဲ့ပါတယ်။
တရုတ်နိုင်ငံကို နှစ်ပေါင်းရာပေါင်း များစွာအုပ်စိုးခဲ့တဲ့ ချင်မင်းဆက်က တရုတ်နိုင်ငံသမိုင်းမှာ နောက်ဆုံး မင်းဆက်အဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။ ချင်မင်းဆက် ပြုတ်ကျသွားချိန်မှသာ တရုတ်နိုင်ငံက သမ္မတအုပ်ချုပ်တဲ့ နိုင်ငံဖြစ်လာတာပါ။
ချင်မင်းဆက်ဟာ တရုတ်နိုင်ငံကို နှစ်ပေါင်းများစွာကြာ အုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ အဲဒီမင်းဆက်ကို တရုတ်နိုင်ငံသားတွေက စတင်တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။
မန်ချူးတွေကသာ ချင်မင်းဆက်ကို စတင်တည်ထောင်ခဲ့တာပါ။ ဒါကြောင့်လည်း တချို့က ချင်မင်းဆက်ကို မန်ချူးမင်းဆက်ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။
မန်ချူးတွေဆိုတာ အရင်တုန်းက လက်ရှိ တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းနယ်မြေ ဒေသတွေမှာ နေထိုင်ကြတာပါ။ ၁၇ ရာစုမှာတော့ မန်ချူးများဟာ တရုတ်နိုင်ငံကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီလို သိမ်းပိုက်နိုင်ပြီးနောက်မှာ ယခင်မင်းဆက်ဖြစ်တဲ့ မင်မင်းဆက်ကို ဖြုတ်ချပြီး ချင်မင်းဆက်ကို စတင်တည်ထောင်ခဲ့တာပါ။
ချင်မင်းဆက်တန်ခိုး အထွားဆုံးအချိန်က ၁၈ ရာစုမှာဖြစ်ပြီး အဲဒီအချိန်တုန်းက ချင်မင်းဆက်ရဲ့ ပိုင်ဆိုင်မှုနယ်မြေပမာဏက စတုရန်း ကီလိုမီတာပေါင်း ၁၄ ဒသမ ၇ သန်းရှိပါတယ်။
ချင်မင်းဆက် ပျက်သုဉ်းသွားချိန်ကတော့ ၁၉၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ဖြစ်ပြီး နောက်ဆုံးဘုရင်ဖြစ်တဲ့ ပုယီဟာ တော်လှန်ရေးတွေကြောင့် နန်းစွန့်လိုက်ရတဲ့အတွက် ချင်မင်းဆက်လည်း အဆုံးသတ်သွားရပါတော့တယ်။
စပိန်အင်ပါယာ
စပိန်အင်ပါယာဆိုတာ မြောက်အမေရိကနဲ့တောင်အမေရိကတိုက်၊ ကာရေဘီယံဒေသနဲ့ တခြားနေရာဒေသငယ်လေးတွေမှာနယ်ချဲ့ခြင်းဖြင့် အင်ပါယာကို ထူထောင်ခဲ့တာပါ။
အိုင်ဘေးရီးယန်းကျွန်းဆွယ်မှာရှိတဲ့ ကက်စတီးနဲ့ အာရာဂွန်ပြည်နယ်တို့ကို ပေါင်းစည်းခြင်းနဲ့အတူ မကြာမီမှာပဲ စပိန်အင်ပါယာအဖြစ်ကို စတင်လာတာဖြစ်ပါတယ်။
ဒီလိုပေါင်းစည်းမှုကို ကျွန်းဆွယ်ကို ပြန်လည်ရယူမှု ဒါမှမဟုတ် မူဆလင်တို့ထံမှ ကျွန်းဆွယ်ကိုပြန်လည်သိမ်းပိုက်နိုင်မှုလို့ အမည်တပ်ထားကြပါတယ်။ ကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက် ရယူနိုင်တဲ့အချိန်ကတော့ ၁၅ ရာစုနှစ်နှောင်းပိုင်းမှာပါ။
စပိန်အင်ပါယာအနေနဲ့ တန်ခိုးအထွားဆုံးအချိန်က ၁၉ ရာစုနှစ် အစောပိုင်းမှာဖြစ်ပြီး သူ့ရဲ့အာဏာစက်အောက်မှာ မြောက်အမေရိကနဲ့ တောင်အမေရိက၊ ကာရေဘီယံဒေသ၊ အာဖရိကဒေသနဲ့ အာရှဒေသတို့မှာရှိတဲ့ နယ်မြေအစိတ်အပိုင်း ငယ်လေးတွေရှိပါတယ်။
အဲဒီဒေသလေးတွေ အားလုံးရဲ့ ကုန်းမြေထုစုစုပေါင်းက စတုရန်းကီလိုမီတာ ၁၃ ဒသမ ၇ သန်းရှိတဲ့အတွက် စပိန်အင်ပါယာဟာ ကမ္ဘာ့အကြီးဆုံး အင်ပါယာတစ်ခုအဖြစ် ပါဝင်ထားနိုင်ခဲ့တာပါ။
အချိန်ကာလအားဖြင့် ၁၄၉၂ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိကြာမြင့်ခဲ့တဲ့အပြင် နယ်မြေပိုင်နက် အများအပြားကို ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် စပိန်အင်ပါယာဟာ ခေတ်သစ်ကာလ အစောပိုင်း အာဏာအရှိဆုံး အင်ပါယာတွေထဲမှာ တစ်ခုအဖြစ် ပါဝင်ထားနိုင်ပါသေးတယ်။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေပြောင်းလဲမှုကြောင့် စပိန်အင်ပါယာဟာ သူ့လက်အောက်မှာ ရှိတဲ့နိုင်ငံလေးတွေကို လွတ်လပ်ရေး ပေးလိုက်ရတဲ့အတွက် စပိန်အင်ပါယာသည်လည်း ဇာတ်သိမ်းခန်းသို့ ရောက်ရှိသွားပါတော့တယ်။
ဒုတိယပြင်သစ်ကိုလိုနီအင်ပါယာ
ဒုတိယပြင်သစ်ကိုလိုနီ အင်ပါယာဆိုတာကတော့ ပထမပြင်သစ် ကိုလိုနီအင်ပါယာပြီးနောက် ၁၉ ရာစုအစောပိုင်းနဲ့ အလယ်ပိုင်းမှာ စတင်ဖြစ်တည် လာတာဖြစ်ပါတယ်။
ပြင်သစ်တို့သည်လည်း ဗြိတိသျှ အင်ပါယာလိုမျိုးပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နယ်မြေပိုင်နက် အများအပြားကို နယ်ချဲ့ကာ အင်ပါယာကို ထူထောင်ထားနိုင်ခဲ့တာပါ။
အမေရိကဒေသ၊ ကာရေဘီယံဒေသနဲ့ တောင်ပစိဖိတ်ဒေသတို့မှာ ရှိတဲ့ ဒေသငယ်လေးတွေဟာ ပြင်သစ် အင်ပါယာအောက်ကို ကျရောက်ခဲ့ရပါတယ်။
ပြင်သစ်အင်ပါယာအနေနဲ့ နယ်မြေပမာဏ အများဆုံးကို ပိုင်ဆိုင်ထားတဲ့နေရာကတော့ အာဖရိကဒေသမှာဖြစ်ပြီး ယနေ့အချိန်အထိတိုင် အာဖရိကဒေသအပေါ် သြဇာလွှမ်းမိုးနိုင်နေဆဲ ဖြစ်တာကိုတွေ့ရပါတယ်။
သူ့ရဲ့အာဏာစက် အပြင်းဆုံးအချိန်က ၂ဝ ရာစုအစောပိုင်းမှာဖြစ်ပြီး အဲဒီအချိန်တုန်းက ဒုတိယပြင်သစ် ကိုလိုနီအင်ပါယာရဲ့ နယ်မြေအကျယ်အဝန်းက စတုရန်း ကီလိုမီတာ ၁၁ သန်းခွဲရှိပါတယ်။
ပြင်သစ်အင်ပါယာရဲ့ နယ်ချဲ့ခြင်းခံရတဲ့ နိုင်ငံတွေထဲမှာ မြောက်အာဖရိက နိုင်ငံတွေဖြစ်တဲ့ မော်ရိုကို၊ အယ်ဂျီးရီးယားနဲ့ တူနီးရှားတို့အပြင် ယနေ့ခေတ် အနောက်အာဖရိက ဒေသရယ်လို့ဖြစ်တည်နေတဲ့ နယ်မြေအများစုလည်း ပါဝင်နေတာကို တွေ့ရပါတယ်။