ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာအနီးတွင်လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာအနီးတွင်လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

 
နေပြည်တော်၊ နိုဝင်ဘာ-၁၅

 
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံ များ အားမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကျိုက်မရောမြို့နယ်မှ လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ချောင်းနှစ်ခွတံတား၌ ဖြတ်သန်းသွားလာသော ယာဉ်များအား စစ်ဆေးဆောင်ရွက်နေစဉ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်မှ ကျိုက်မရောမြို့နယ် ဘက်သို့ မောင်းနှင်လာသော Hilux Revo (အနက်ရောင်)လိုင်စင်မဲ့ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်မှာရပ်တန့်ခြင်း မရှိသောကြောင့် လိုက်လံဖမ်းဆီးစဉ် ကျိုက်မရော မြို့နယ်၊ တောင်ကလေးကျေးရွာအနီး အရောက်၌ ယာဉ်ပေါ်မှ PDF အဖွဲ့ဝင် စောညီညီ (ခ)စောမင်းမင်းဟိန်း(၂၀)နှစ် နှင့် ဇင်ကိုကို(၂၀)နှစ် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

 
၎င်းနောက် မော်တော်ယာဉ်အတွင်း ဆက်လက်ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ် နောက်ခန်းအတွင်းမှ ပစ္စတိုသေနတ် ၃ လက်၊ ၁၂ ဗို့ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၇၅ တောင့်၊ ၉-မမကျည် ၂၅၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၆၀၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စောညီညီ(ခ)စောမင်းမင်းဟိန်းနှင့် ဇင်ကိုကို တို့ ၂ ဦးသည် မေလတွင် KNLA တပ်မဟာ(၆)၊ ဌာနချုပ်၌ ဖောက်ခွဲရေးသင်တန်းအား ရက် ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တရားခံ စောညီညီ(ခ)စောမင်းမင်းဟိန်းသည် ပထမအကြိမ် လက်နက်/ခဲယမ်း သယ်ဆောင်မှုအနေဖြင့် နိုဝင်ဘာလ ၉ ရက်တွင် တောင်ဒီးကျေးရွာရှိ ကိုရှား (ဖမ်းဆီး ရန်ကျန်)ထံမှ AK ကျည် ၃၀၀ တောင့်အား ယူဆောင်၍ ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာ၊ ချောင်းနှစ်ခွ-ရတနာ လမ်းဘေးရှိ ပြည့်စုံ စားသောက်ဆိုင်တွင် အသင့်စောင့်ဆိုင်း နေသည့် ထိခေါင်(ခ)ညီညီ(ဖမ်းဆီးရန်ကျန်)ထံသို့ပေးအပ်ခဲ့ကြောင်း သိရသည်။

 
တရားခံ စောညီညီ(ခ)စောမင်းမင်းဟိန်းသည် ဒုတိယအကြိမ် လက်နက်/ခဲယမ်း သယ်ဆောင်မှုအနေဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မက္ကသာကျေးရွာနှင့် ဘုရားသုံးဆူသွား ကားလမ်းပေါ်၌ KNU အဖွဲ့ဝင် စောဝင်းကိုကိုမင်းထံမှ ပွိုင့် ၃၈ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခုအား ယူဆောင်၍ ကိုရှားထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိလက်နက်/ခဲယမ်းများအား KNLA တပ်မဟာ(၆)မှ စောကလေထူး၏ စေခိုင်းချက်အရ တရားခံ စောညီညီ(ခ)စောမင်းမင်းဟိန်း နှင့် ဇင်ကိုကို တို့ ၂ ဦးမှ တောင်ဒီး-တောင်ကလေးလမ်းခွဲ-လှကဇိုင်း-ချောင်းနှစ်ခွ-ကျုံးကွယ်လမ်းခွဲ-ထီးဟူသံ-နွတ်အောက်လမ်းကြောင်းအတိုင်း ကျိုက်မရောမြို့နယ်၊ နွတ်အောက်ကျေးရွာအနီး ထိခေါင်(ခ)ညီညီထံမှ ယူဆောင်၍ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ PDF အဖွဲ့မှ စောပတေ့ (ခ)ဇေသူဌေး (ဖမ်းဆီးရန်ကျန်) ထံပို့ဆောင်ပေးရန် ဖြစ်ကြောင်း သိရသည်။
အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။