ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၅
    
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် နိုဝင်ဘာ ၁၄ ရက်နှင့် ယနေ့တို့တွင်  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်နှင့် မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့တို့၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် သင်္ကန်းညီနောင်တပ်နယ်ရှိ နယ်မြေခံတပ်ရင်းများ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့ပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၄ ရက် တွင် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်(ပလောင်)ကျေးရွာသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေအိမ်များ၊ ပလောင်ရိုးရာအထည်ရက်လုပ်သည့် ရက္ကန်းစင်တို့အား ကြည့်ရှုအားပေးပြီး အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။