လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုဝင်ကြပါစို့

လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုဝင်ကြပါစို့

“အလှူရေစက်လက်နှင့်မကွာ” ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်တို့၏အလှူဒါနရက်ရောမှုကို ဖော်ညွှန်းလျက်ရှိသည်။  အလှူဒါနပြုရာတွင်  မြန်မာနိုင်ငံသည်ကမ္ဘာ့အဆင့်(၁)နေရာ၌ ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်။ ယခုလည်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးစံနှုန်းများနှင့်အညီ ဘုရားစေတီပုထိုး၊ ဘုန်းကြီးကျောင်းများတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့်စည်ကားလျက်ရှိသည်။ မြန်မာတို့၏ ဘာသာတရားကိုင်းရှိုင်းမှု ပြယုဂ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် အလှူအတန်းကို ပဓာန ထားသည့် ဘုရားပွဲတော်များ၊ အလှူပွဲများ ကျင်းပလေ့ရှိသည်။ ထိုအလှူအတန်း အခမ်းအနားများတွင် မြန်မာတို့၏ သဒ္ဓါတရား၊  ကူညီရိုင်းပင်းတတ်သော စိတ်ထား၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို တွေ့မြင်နိုင်သည်။ ဝမ်းမြောက်ဖွယ်ရာ မြင်ကွင်းများပင်ဖြစ်သည်။

တန်ဖိုးမဖြတ်နိုင်

အမှန်တော့ ဗုဒ္ဓဘာသာမြန်မာတို့သည် ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုသည်နှင့် နိုင်ငံတစ်ဝန်းတွင်ဘုရားပွဲများ၊ တရားပွဲများ၊ အလှူမင်္ဂလာပွဲများကို ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှသည် တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာကာလအတွင်း ရပ်ကွက်၊ ကျေးရွာ၊ ရုံး၊ ဌာနအလိုက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ အမြတ်ဆုံး ကာလဒါနပြုခြင်းပင် ဖြစ်သည်။ ပီတိဖြစ်ဖွယ်ရာပင်ဖြစ်သည်။

ယခုလည်း ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံနှုန်းများ နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြရသည်။ နည်းနည်းနှင့် ကျဲကျဲဝိုင်းနေရသည်။ အမှန်တော့ “အလှူရေစက်လက်နှင့်မကွာ” ဆိုသည့်စကားအတိုင်း  ဗုဒ္ဓဘာသာမြန်မာတို့သည် မလှူရလျှင်မနေနိုင်ကြပေ။ မည်သို့ပင်ဆိုစေ သဒ္ဓါတရားရက်ရောသူများသည် ချွေးနှဲစာကို စုဆောင်းပြီး  ကိုဗစ်-၁၉  ကာလအတွင်း၌ပင်လျှင် ကထိန်သင်္ကန်းကပ်လှူနေကြသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ သာဓုအကြိမ်ကြိမ်လည်းခေါ်မိပါသည်။ စင်စစ်အားဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များ ကမ္ဘာတည်သရွေ့အရှည်တည်တံ့ပွားများအောင် ထိန်းသိမ်း စောင့်ရှောက်ကျင့်ကြံပွားများနေသည့် သံဃာတော်များအတွက် ဆွမ်း၊ ဆေး၊ သင်္ကန်း၊ ကျောင်းများ လှူဒါန်းခြင်းသည် တန်ဖိုးမဖြတ်နိုင်သောကောင်းမှုကုသိုလ်များပင်ဖြစ်သည်။

အမွန်မြတ်ဆုံးဒါန

အထူးသဖြင့် “သင်္ကန်းတွင်ကထိန်၊ ကျောင်းမှာသိမ်” ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလှူဒါနပြုရာတွင် အကျိုးဖြစ် ထွန်းစေရန်လမ်းပြပေးလျက်ရှိသည်။ ဆိုလိုသည်မှာ ကျောင်းလှူရာတွင် သိမ်ကျောင်းလှူဒါန်းခြင်းသည် အကျိုးများစွာ ဖြစ်ထွန်း သည်။ မြင့်မြတ်သောရဟန်းပြုခြင်း၊  ဥပုသ်သီတင်းသီလဆောက်တည်ခြင်းနှင့် အခြားသောသံဃာ့ကိစ္စအ၀၀တို့ကို  ထိုသိမ် ကျောင်း အတွင်း၌သာပြုလုပ်ကြသည်။ ထို့ကြောင့် သိမ်ကျောင်းသည် သာသနာ၏ရေသောက်မြစ်ဟုပင်ဆိုနိုင်သည်။

ထိုနည်းတူစွာပင် ကထိန်သင်္ကန်းသည်လည်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သံဃာကိုသာရည်မှန်း လှူဒါန်းရခြင်းဖြစ်သည်။ ကထိန် သင်္ကန်းသည် သံဃာများကိုသာ ရည်မှန်းလှူဒါန်းရသောကြောင့် သံဃိက ဒါနမြောက်ခြင်း၊ နှစ်စဉ်သီတင်း ကျွတ်လပြည့် ကျော် တစ်ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိသာ လှူဒါန်းရသဖြင့် ကာလဒါနမြောက်ခြင်း၊ သံဃာတော်များအား လာဘ်လာဘ ဖြစ်ထွန်းစေကာချမ်းသာစေခြင်း၊ လှူဒါန်းသူအား အကျိုးငါးပါးတိုးပွားစေခြင်းနှင့် သံဃာတော်များအား ဝိနည်းသိက္ခာငါးပါးဖြင့် သင့်ရောက်နိုင် သောအာပတ်တို့ကို ပြယ်နိုင်ခြင်းတို့ကြောင့် ကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အမွန်မြတ်ဆုံးဒါနတစ်ခုပင် ဖြစ် သည်။

ထို့ပြင် ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသားများသည် ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြုသော ရဟန်းသံဃာ တော်များရှိရာ ကျောင်းတိုက်များ၌သာ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်တည်းဖြစ်စေ၊ အများကိုဖြစ်စေ “ဣမံစီဝရံ သံဃဿဒေမိ”  ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ်လှူဒါန်းကြပါသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာခြင်း

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်အတွက် ဘဒ္ဒဝဂ္ဂီရဟန်း သုံးကျိပ်တို့သည် ဝါကျွတ်သောအခါ ဝါဆိုဝါကပ်ရာဖြစ်သော ကေတပြည်မှ ခြေကျင်ခရီးဖြင့် ကြွလာခဲ့ကြရသည်။ ထိုစဉ်က မိုးကြီးသည်းထန်စွာရွာသွန်းသဖြင့် ရဟန်းများမိုးရေစွတ်စို ကုန်ကြသည်။ ထိုသို့မိုးရေစိုစွတ်သောသင်္ကန်းဖြင့်ပင် ဖူးမြော်ကြရသည်ကို မြတ်စွာဘုရားရှင် မြင်တွေ့ ရသောအခါ ခရီးဝေးမှလာသည့်ထိုရဟန်းတို့ကို အကြောင်းပြု၍ ပုရိမဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်းခွင့်ပြုကြောင်းပညတ်တော်မူခဲ့သည်။

ထိုအချိန်မှစ၍ ကထိန်သင်္ကန်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဗုဒ္ဓစာပေများတွင် ဖတ်ရှုမှတ်သားရပါသည်။ ကထိန်ပွဲတော်ကို “မိုးလကုန်စဲ ကထိန်ပွဲ” ဟူသောဆိုရိုးစကားနှင့်အညီ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ရှေးဘုရင်များလက်ထက်ကတည်းကပင် ကထိန်ပွဲများကျင်းပခဲ့ကြသည်။ မျက်မှောက်ကာလတွင် ကထိန်ခင်းရာ၌ မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံးမထေရ်အားဖြစ်စေ  ကပ်လှူရန်အတွက် ဉတ်သင်္ကန်းအပြင် ပရိက္ခရာ ရှစ်ပါးနှင့်အခြားသော လှူဖွယ်ပစ္စည်းများကိုလည်း ထည့်သွင်းလှူဒါန်းလေ့ရှိကြသည်။

အကျိုးတရားများပြား

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးငါးဖြာကို ချက်ချင်းရရှိနိုင်ပေသည်-

(၁)       မိမိသွားလိုရာခရီးကို အတားအဆီး၊ အနှောင့်အယှက်မရှိ လွတ်လပ်ဘေးကင်းစွာ သွားလာနိုင်ခြင်း။

(၂)        လုပ်ငန်းတာဝန်များကို ပြီးမြောက် အောင်မြင်စွာထမ်းဆောင်နိုင်ခြင်း။

(၃)       အစာအဆိပ်သင့်မှုဘေးအန္တရာယ်မှကင်းဝေးနိုင်ခြင်း။

(၄)       မိမိပစ္စည်းဥစ္စာများအားအဖျက်အမှောင့်များရန်မှကာကွယ်နိုင်ခြင်း။

(၅)       မိမိပစ္စည်းဥစ္စာများအား သူတစ်ပါးနိုင်ထက် စီးနင်းယူဆောင်ခြင်းမှကာကွယ်နိုင်ခြင်း။

ထို့ပြင်  ကထိန်သင်္ကန်းအလှူရှင်များသည် ရွှေအဆင်းကဲ့သို့ဝင်းဝါသောအသားအရေရှိခြင်း၊ ခန္ဓာကိုယ်၌အညစ်အကြေးကင်းစင်ခြင်း၊ ခန္ဓာကိုယ် နူးညံ့ပြေပြစ်ခြင်း၊ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း၊ နောက် ဆုံးပေါ်အဝတ်အစားမျိုးစုံကို ဝတ်ဆင်ခွင့်ရရှိခြင်း၊ ကျောင်း အမကြီး ဝိသာခါကဲ့သို့ မဟာလတာ အဆင်တန်ဆာကို ဆင်မြန်းခွင့်ရရှိခြင်းနှင့် အဆုံးတစ်နေ့တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ခြင်းဟူသော ထူးကဲသည့် အကျိုးတရားများစွာကိုလည်း ရရှိနိုင်ပေသည်။ ယခုလည်း ကိုဗစ်-၁၉ ကာလ၌ပင်လျှင် ချွေးနှဲစာလေး များကိုစုဆောင်းလျက် ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းသွားကြမည့် ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသားများသည် ဆိုခဲ့ပါ အကျိုးတ ရားများ ရရှိနေမှာ အသေအချာပင်ဖြစ်သည်။

လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုဝင်ကြပါစို့

စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် သီတင်းကျွတ်လပြည့်ကျော်သည်နှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ ကျေးရွာအလိုက် ကထိန်ပွဲများ ဖြင့်စည်ကားလျက်ရှိသည်။ ထို့ပြင် ရုံး၊ ဌာနများအလိုက်လည်း ကထိန်အလှူပွဲများ ကျင်းပလျက်ရှိသည်မှာ ပီတိဖြစ်ဖွယ်ရာ ပင်ဖြစ်သည်။ နေရာတိုင်းတွင် ပဒေသာပင်များနှင့် ပနံရလျက်ရှိသည်။ ပဒေသာပင်ဆိုသောဝေါဟာရသည် ပြီးပြည့်စုံခြင်းဟု ဆိုရနိုင်ပေသည်။ လူတစ်ဦးသည် ပဒေသာပင်တွင် မိမိတတ်နိုင်သမျှချိတ်ဆွဲလှူဒါန်းနိုင်ပေသည်။ ငွေကြေးမတတ်နိုင်သူများ သည်ပင်လျှင်လုပ်အားဒါနဖြင့် ပါဝင်လှူဒါန်းနိုင်ကြသည်။ ကထိန်ပွဲတော်တွင်မပါမဖြစ်သောအရာသည် ပဒေသာပင်လှည့်ခြင်း ဖြစ်သည်။   

ပဒေသာပင်လှည့်ခြင်း၏ ရည်ရွယ်ချက်သည် လှူဖွယ်ပစ္စည်းများချိတ်ဆွဲထားသော ထိုပဒေသာပင်များအား ကြည့်ရှုပြီး မုဒိတာပွား များနိုင်စေရန်ဖြစ်သည်။ သို့သော် ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသောကြောင့် စည်ကားသိုက်မြိုက်စွာဖြင့် ပဒေသာပင်များ လှည့်နိုင်တော့မည် မဟုတ်ချေ။ သက်ဆိုင်ရာရပ်ကွက် ဓမ္မာရုံနှင့်ကျောင်းတိုက်များတွင် ပြင်ဆင်ထားသည့် ပဒေသာ ပင်များကိုသာ ကြည့်၍မုဒိတာပွားရတော့မည်ဖြစ်သည်။     

ဆိုရလျှင် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းသောအလှူသည်  ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများ အတွက် များစွာ ကုသိုလ် ဖြစ်ထွန်းစေသော အလှူဒါနတစ်ခုပင်ဖြစ်သည်။ ထိုအလှူကို တတ်အားသရွေ့ ပါဝင်လှူဒါန်းခြင်းသည် လောကီလောကုတ် နှစ်ဖြာသော အကျိုးတရားများ ရရှိစေမည်ဖြစ်သည်။ ထိုသို့ လှူဒါန်းရာတွင်လည်း ငွေကြေးနှင့် အချိန်ကုန်ရကျိုးနပ်အောင် ကထိန် သင်္ကန်းအား သံဃာ့လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျပါဝင်လှူဒါန်းဆက်ကပ်သွားသင့်ပေသည်။ သို့မှသာလျှင်  အကျိုးတရားများ စွာကို လက်တွေ့ရရှိစေမည်ဖြစ်သည်။  ထို့ကြောင့်  ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးအနေဖြင့်  မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် အကျိုးထူးငါးဖြာချက်ချင်းရရှိစေနိုင်သော အမွန်မြတ်ဆုံး ဒါနဖြစ်သည့် ကထိန်လျာသင်္ကန်း ဆက်ကပ် သွားကြပါစို့ဟု စေတနာဖြင့်တိုက်တွန်းနှိုးဆော်အပ်ပါသည်။  ။

မောင်သောင်းဝင်း

(တမန်ဟောင်း)